Wednesday, 16 November 2016

ကျေနပ်ရောင့်ရဲခြင်းဟာ အကောင်းဆုံး ချမ်းသာ..။


ဘဝမှာ ကိုယ်သိပ်မုန်းတဲ့သူဟာ တစ်ချိန်တုန်းက ကိုယ်သိပ်ချစ်ရတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။

အခု ကိုယ်မသုံးချင်တော့အောင် ရိုးသွားတဲ့ ပစ္စည်းတစ်ခုခုဟာလည်း အရင်တုန်းက ကိုယ်အရူးအမူး လိုချင်ခဲ့တဲ့ ပစ္စည်းတစ်ခုခု ဖြစ်နေနိုင်တာပဲ။

လူ့စိတ်ဆိုတာ မရခင်ကတော့ "တစ်ယောက်ဆိုတစ်ယောက်ပဲ"လို့ ဆိုတတ်ပေမယ့် ရလည်းရပြီးရော နောင်ဘဝမပြောနဲ့ ဒီဘဝမှာပဲ ပြန်အမ်းလို့ရရင် ပြန်အမ်းချင်တော့တာ မဟုတ်လား။ ပစ္စည်းဝတ္ထုလည်း ဒီလိုပဲ။ 

သိပ်ကောင်းပြီး သိပ်တန်ဘိုးကြီးတာလေးတွေဆိုရင် မရရအောင် ကြိုးစားရင်း "ဒါလေးရရင်တော့ သေပျော်ပါပြီ"ဆိုတာမျိုး ဖြစ်တတ်တယ်။ 
ရရင်တော်ပြီလို့ ဆိုနေသူတွေပဲ ဒါလေးရပြီး သိပ်မကြာခင် နောက်တစ်မျိုးပေါ်လာတော့ အဲဒီအသစ်အသစ်ဘက်ကို စိတ်ကတောင့်တကြပြန်တာပဲ မဟုတ်လား။

ဒါကြောင့် မြတ်ဗုဒ္ဓက "ကျေနပ်ရောင့်ရဲခြင်းဟာ အကောင်းဆုံး ချမ်းသာ"လို့ မိန့်တော်မူတာပဲပေါ့။ မကျေနပ်နိုင်၊ မရောင့်ရဲနိုင်၊ လိုချင်မှုကို မလျှော့ချနိုင်လို့ကတော့ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုပဲအဆင်ပြေပြေ ချမ်းသာမှာ မဟုတ်ဘူး။ 

လူလည်းမရခင် လိုချင်တယ်၊ ပစ္စည်းဝတ္ထုလည်း မရခင် လိုချင်တယ်။ ရပြီးတော့ နောက်တစ်ယောက်၊ နောက်တစ်မျိုး ပြောင်းချင်လာတယ်။
မကျေနပ်နိုင်ရင်၊ မရောင့်ရဲနိုင်ရင် လိုချင်မှု၊ ရချင်မှုကြောင့်ဖြစ်တဲ့ ဆင်းရဲကတော့ ခံရမှာပဲပေါ့။ 
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
Ref:နှလုံးသားအာဟာရ

No comments:

Post a Comment