Friday, 17 February 2017

လူယောင်ဆောင်တဲ့ သစ်ပင်..။

ဘယ်သူဘယ်လို မျိုးစေ့ချခဲ့တယ်မသိဘူး
ရေခံမြေခံမကောင်းပေမယ့် ဖွံ့ထွားရှင်သန်ခဲ့တယ်။

သူဟာသစ်ပင်တစ်ပင်ပါ
ခင်ဗျားတို့လို အသက်ဓါတ်နဲ့
ခင်ဗျားတို့လို အကိုင်းအခက်နဲ့
ခင်ဗျားတို့လို တွယ်ငင်တတ်တဲ အခြေအမြစ်နဲ့
ခင်ဗျားတို့လို ရာသီပေါ်ဝတ်စားဆင်ယင်မှုနဲ့လေ။။

တကယ်ဆို
ဘယ်သစ်ပင်ကထင်းဖြစ်ချင်ခဲ့ပါ့မလဲ
စိမ်းလန်းတဲ့ အရွက်အလက်တွေရှိတာချင်းအတူတူ
နေရောင်ကိုမျက်နှာမူကြတာချင်းအတူတူ
သဘာဝအတိုင်း ထိုးထွက်ကြီးပြင်ချင်ကြတာချင်းအတူတူလေ။

ဒါပေမယ့်ပေါ့
သူ့အရိပ်က မအေးမြဘူး
သူ့အရွက်က ဆေးဘက်မဝင်ဘူး
သူ့သစ်သီးက မချိုဘူး
သူပွင့်တဲ့ပန်းက မမွှေးမြဘူး
သူ့အိပ်မက်က ကဗျာမဆန်ခဲ့ဘူးလေ။။

ဒီလိုနဲ့ပေါ့
ဟော့ဒိတစ်တောလုံးတစ်တောင်လုံး
ကွက်ကွက်ပြီးမိုးခေါင်တတ်တဲ့ သစ်တစ်ပင်ဟာ
ခုတ်လှဲခံရဖို့ အသင့်အနေအထားနဲ့
မတ်မတ်ကြီး ရပ်နေလေရဲ့။။

ဒီနေရာမှာ သူရှိခဲ့ဖူးကြောင်း
တစ်စုံတစ်ရာကို အသိပေးခဲ့ချင်စိတ်နဲ့ပေါ့။။။

မျိုးကျော်

No comments:

Post a Comment