Thursday, 16 February 2017

ဦးနှောက် နဲ့ နှလုံးသား...။


••••••••••••••••••••••

အချို့က သနားကြင်နာတတ်တယ်။
အချို့က ချစ်တတ်တယ်။ ဒီလိုလူတွေကို
နှလုံးသားရှိတဲ့လူတွေလို့ ခေါ်တယ်။

အချို့က ဒါတွေနဲ့ဆန့်ကျင်တယ်။
သူတို့ဟာ ပညာတတ်တယ်။
ဖြတ်ထိုးဥာဏ်ကောင်းတယ်။ 

သူတို့ဟာ မှန်တယ်ထင်တာကိုလုပ်တယ်။
သူတို့မှန်တယ်ထင်တာတွေလည်း
များသောအားဖြင့် မှန်တတ်ပါတယ်။

ဒီလူတွေကတော့
ဦးနှောက်ဘက်လိုက်သူတွေဖြစ်တတ်တယ်။

ဒါပေမယ့် အချို့ကတော့ မျှမျှတတရှိတယ်။

လူပီသဖို့ ဦးနှောက်ချည်း သက်သက်လည်း
မဖြစ်နိုင်သလို နှလုံးသားချည်းနဲ့လည်း မရဘူး။

ဦးနှောက်နဲ့နှလုံးသား မျှတရမယ်လို့ ဆိုတယ်။
မျှတတယ်ဆိုတာ ဘာကို ပြောတာလဲ။

ဦးနှောက်နဲ့ တွေးတာကို နှလုံးသားနဲ့
ဆောင်ရွက်တယ် ဆိုတာကိုပြောတာ..

ပညာတတ်ညာဉ်
•••••••••••••••••

အချို့က ပညာတတ်ဥာဉ် ကို
အလေးထားပြောတတ်ကြ တယ်။

ပညာတတ်တွေဟာ အရာရာကို ဘက်စုံတွေး
တယ်။ အဖက်ဖက်ကနေ လှည့်ပတ်စဉ်းစား
တတ်တယ်။

မှားမှာကို စိုးရိမ်တယ်။ 
ဒါဟာ ပညာတတ်ဥာဉ်ရဲ့ တစ်စိတ်တစ်ဒေသပါပဲ။
သူတို့ဟာ မှန်တဲ့ဘက်ကပဲရပ်တည်တယ်။

ဟောပြောပွဲတွေမှာ စာရေးဆရာတွေ
ပြောတတ်တဲ့ ဥပမာတစ်ခုရှိတယ်။
အဲဒါက ပြင်သစ်မှာဖြစ်တဲ့ကိစ္စတစ်ခုပါပဲ။

တစ်ခါက ပြင်သစ်မှာ
ခေါင်းဖြတ်စက်ကြီးတစ်ခုရှိတယ်… တဲ့။

ပြင်သစ်ဘုရင်ဟာ ဒီခေါင်းဖြတ်စက်ကို
အင်မတန် သဘောကျတယ်။ 

ထစ်ခနဲဆို ခေါင်းဖြတ်သတ်စေဆိုပြီး
အမိန့်ပေးတယ်။

ပြီးတော့ သူကိုယ်တိုင် ခေါင်းဖြတ်ပွဲကို
လာရောက် ကြည့်ရှုတတ်တယ်။ 

တစ်ရက်မှာ အမှုတွေဖြစ်လို့
ဘုရင်ကိုယ်တိုင် စစ်ဆေးတယ်။ 

ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ သူခိုး စီးပွားရေးသမားနဲ့ အင်ဂျင်နီယာတို့ဟာ ပြစ်မှုထင်ရှားတဲ့အတွက် ဘုရင်က ခေါင်းဖြတ် သတ်ဖို့ အပြစ်ဒဏ် ချမှတ်လိုက်လေတယ်။

ဒီလိုသတ်တဲ့ နံနက်ခင်းမှာ…
သူခိုး စီးပွားရေးသမားနဲ့ အင်ဂျင်နီယာတို့ကို 
ကွင်းပြင်ကို ထုတ်လာတယ်။

ပထမဆုံး သူခိုးကို သတ်စေလို့
အမိန့်ချမှတ်တယ်။

ဒီတော့ သူခိုးကို ခေါင်းဖြတ်စက်မှာ နေရာချထား
တယ်။ ပြီးတော့ ‘ဆွဲ’ဆိုတဲ့ အသံကြီး ပေါ်လာပြီး
အပေါ်က ဓားကြီးကို လျှောကျစေတယ်။ 

ဓားကြီးဟာ ‘ဂျိမ်း’ခနဲ ကျလာပေမယ့်
တစ်ဝက်မှာ ရပ်သွားလေတယ်။ 

‘ဟာ’ လို့ လာကြည့်တဲ့လူတွေ အသံတွေ
ထွက်သွား တယ်။ 

ဒီနိုင်ငံရဲ့ ဥပဒေအရ ခေါင်းဖြတ်စက်ကြီး
အလုပ် မလုပ်တဲ့အတွက် သူခိုးဟာ အပြစ်က
လွတ်သွားလေတယ်။

နောက်တစ်ယောက်ကတော့ သူဌေး
စီးပွားရေးသမားကြီးပါပဲ ။ သူ့အလှည့်ပေါ့။

ဒီတော့ သူဌေးကို ခေါင်းဖြတ်စက်မှာ နေရာချ
ထားတယ်။ 

ပြီးတော့ ‘ဆွဲ’ဆိုတဲ့ အသံကြီး ပေါ်လာပြီး
ပါးကွက်သားဟာ ခလုတ်ကို ဆွဲလိုက်တယ်။ 

ဒါနဲ့ အပေါ်က ဓားကြီးက လျှောကျလာတယ်။
ဒါပေမယ့် ဓားကြီးဟာ ‘ဂျိမ်း’ခနဲ တစ်ဝက်မှာ
ရပ်သွားပြန်တယ်။ 

‘ဟာ’ခနဲ ဖြစ်သွားပြီး လာကြည့်တဲ့လူတွေ
ဒုတိယအကြိမ် အံ့သြသွားကြတယ်။ 

ဒီနိုင်ငံရဲ့ ဥပဒေအရ ခေါင်းဖြတ်စက်ကြီး အလုပ်
မလုပ်တဲ့အတွက် သူဌေးစီးပွားရေးသမားဟာ
လည်း ပြစ်ဒဏ်ကလွတ်သွားလေတယ်။

ခုအလှည့်ကတော့ အင်ဂျင်နီယာအလှည့်ပေါ့။
သူ့ကို ခေါ်သွားစဉ် သူက ဘုရင်ကိုတောင်းဆို
လိုက်တယ်။

”ကျွန်တော်စောစောက ကြည့်နေတယ်။ ခေါင်းဖြတ်စက်ကြီးဟာ စက်ချို့ယွင်းနေတယ်”

”ဟေ-ဟုတ်လား”

”ဟုတ်တယ် ဘယ်ဘက်ထောင့်က ဝက်အူပြုတ် နေတယ်။ ဒါကြောင့် အလိုင်းမင့်အောက်ပြီးတော့ ဓားမဆင်းနိုင်တာပဲ။ ဒါကို ကျွန်တော်ပြင်လို့  ရတယ်”

ဘုရင်ကလည်း ပြင်ဖို့ ခွင့်ပြုလိုက်သတဲ့။ ဒီတော့ 
အင်ဂျင်နီယာဟာ စက်ကိုအကျအနပြင်လိုက် လေတယ်။

ပြီးတော့ ပါးကွက်သားတွေဟာ အင်ဂျင်နီယာကို ခေါင်းဖြတ်စက်မှာ နေရာချထားတယ်။ 

ပြီး ‘ဆွဲ’ဆိုတဲ့ အသံကြီးပေါ်လာပြီး ပါးကွက် သားဟာ ခလုတ်ကိုဆွဲလိုက်တယ်။ 

ဒါနဲ့ အပေါ်ကဓားကြီးက လျောကျလာတယ်။ ‘ဂျိမ်း’ခနဲ ဓားကြီးဟာ အင်ဂျင်နီယာခေါင်းကို တိခနဲ ဖြတ်လိုက်လေတယ်။

သူက ဦးနှောက်အပေါ်မှာ သစ္စာရှိတာကိုး။

နှလုံးလှသူများ
••••••••••••••

တကယ်တော့ လောကမှာ နှလုံးသားလှသူတွေ အများကြီးရှိပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ (၁၆) ယောက်
မြောက် သမ္မတ လင်ကွန်းကိုကြည့်ပါ။ လင်ကွန်းဟာ ကျောင်းဟုတ္တိပတ္တိမနေဖူးပါဘူး။

ဒါပေမယ့် သူဟာကြိုးစားလေ့ကျင့်ပြီး ရှေ့နေစာမေးပွဲကို အောင်ခဲ့တယ်။ သူသမ္မတဖြစ်လာတယ်။

ဒီတော့ သူ့ကိုပညာရှင်လို့ မခေါ်နိုင်ပါဘူး။
ဒါပေမယ့် သူ့နှလုံးသားကလှတယ်။

အမေရိကန်ပြည်ထောင်စုဟာ အင်္ဂလိပ်တွေ လက်ထဲက လွတ်လပ်ရေးရခဲ့ပေမယ့် လူမည်း ငွေဝယ်ကျွန်တွေဟာ မလွတ်မြောက်ကြပါဘူး။ သူဟာ လူမည်း တွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။

မြောက်ပိုင်းသားတွေက သူနဲ့ပူးပေါင်းပေမယ့် တောင်ပိုင်း သားတွေက ဒါကိုဆန့်ကျင်တယ်။ ဒီအတွက် 'စစ်'တွေဖြစ် တယ်။

လူတစ်သန်းကျော် ဆုံးရှုံးတယ်။ အမေရိကန် 
စစ်ပွဲတွေ အားလုံးပေါင်းထက်ပိုပြီး သေတာပါ။ 

လင်ကွန်းရဲ့ကျွန်တွေလွတ်မြောက်ရေးဥပဒေ
ကိုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ သို့သော် လင်ကွန်း
လုပ်ကြံခံခဲ့ရတယ်။

အမှန်တော့ ကျွန်များ လွတ်မြောက်သွားသော် လည်း အမေရိကန်ပြည်ထောင်စုမှာ အသား အရောင်ခွဲခြားရေးတွေ ကျန်လို့နေပါသေးတယ်။ လူမည်းတွေကို နှိမ်ချဆက်ဆံတယ်။

ဒါကို ဆန့်ကျင်တဲ့သူတွေထဲမှာ ထင်ရှားသူကတော့ မာတင်လူသာကင်း (ဂျူနီယာ) ပါပဲ။

မာတင်လူသာကင်း (ဂျူနီယာ)ဟာ  ခရစ်ယာန်ဘုန်းတော်ကြီးပါ။ 

သူဟာ ဘာကိုမဆို နှလုံးသားနဲ့သာ ဆုံးဖြတ်ခဲ့ပါတယ်။ 

လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် မြို့ပေါင်းများစွာမှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ သူတို့အုပ်စုတွေဟာ ပိတ်ဆို့ခံရတယ်။ အကြိမ်ကြိမ် အဖမ်းအဆီးခံရတယ်။

သို့သော် သူတို့ဇွဲမလျှော့ပါ။ 
နောက်ဆုံး ဝါရှင်တန် ဒီစီ ရောက်တော့
သူတို့ အောင်မြင်သွားတယ်။ 

လူမည်းတွေကို ကျွန်ဘဝကနေ လွှတ်ပေးခဲ့တဲ့ သမ္မတ လင်ကွန်းရဲ့ အမှတ်တရကြေးရုပ်ရှေ့ မှာ မာတင်လူသာကင်း (ဂျူနီယာ)က မိန့်ခွန်း ပြောတယ်။ 

သူ့မိန့်ခွန်းကို လာရောက်နားထောင်သူ နှစ်သိန်းကျော်ရှေ့မှာ သူရိုးရိုးလေး ပြောခဲ့ပါတယ်။

ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်။

”တစ်နေ့မှာ လူမည်းကလေးတွေဟာ လူဖြူကလေးတွေနဲ့ လက်တွဲပြီး ပျော်ရွှင်စွာ ကစားကြ အတူအစားသောက်ကြမှာပါ။
ကျွန်တော် အိပ်မက်,မက်ထားပါတယ်” တဲ့။

သူရဲ့ ဆန္ဒပြမှုတွေ နောက်ပိုင်းမှာ ဥပဒေနှစ်ခုပြဋ္ဌာန်းခဲ့တယ်။ 

အဲဒါကတော့…

နိုင်ငံသားအခွင့်အရေး ဥပဒေ 
(Civil Rights Act-1964) နဲ့ 

မဲပေးခွင့်အခွင့်အရေး 
(The Voting Rights Act- 1965) တို့ပါပဲ။

သူအိပ်မက်ဟာ မှန်တယ်လို့ ပြောရပါမယ်။ ဘယ်လောက်မှန်လဲ။ 

ယနေ့ လူမည်းနဲ့ လူဖြူ လက်တွဲနေပါပြီ။

လူမည်းအမျိုးသမီး ကွန်ဒိုရီဇာရိုက်ဇ်ဟာ
အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သလို

ကောလင်းပါဝယ်ဟာလည်း
လူမည်း နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တယ်။

နောက်ဘားရက်အိုဘားမားဟာ လူမည်းသမ္မတဖြစ်နေပါပြီ။ 

တကယ်တော့ မာတင်လူသာကင်းဂျူနီယာဟာ သူရဲ့ကြိုးပမ်းမှုကြောင့် နိုဘဲလ်ဆုကို ရခဲ့ပါသေး တယ်။

သူဟာ အငယ်ဆုံးသော နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိသူဖြစ်တယ်။

ဒီဆုတွေရသလို သူရဲ့ ကြိုးပမ်းမှုကရတဲ့
ရလဒ်တွေဟာ အများကြီးပါပဲ။ 

ဒါကို သူမမြင်လိုက်ရပါဘူး။ 
သူဟာ ၁၉၆၈ ခုနှစ် ဧပြီလ လေးရက်မှာ လုပ်ကြံခြင်း ခံလိုက်ရပါတယ်။

သူရဲ့ အုတ်ဂူမှာရေးထားတယ်။

”ကျွန်တော်လွတ်မြောက်သွားပါပြီ ကျွန်တော်လွတ်မြောက်သွားပါပြီ၊ ဘုန်းတော်ကြီးမြတ်တဲ့ ဘုရားသခင် နောက်ဆုံးမှာ ကျွန်တော် လွတ်မြောက်သွားပါပြီ

(Free At Last Free At Last. Thanks God Almighty I Am Free At Last.) တဲ့။

ဦးနှောက်ကောနှလုံးသားပါ
••••••••••••••••••••••••••

လူအတော်များများကတော့ ဦးနှောက်ရောနှလုံးသားပါ မျှတကြတယ်။

အဲဒီလူတွေရဲ့ ဦး နှောက်ရောနှလုံးသားပါ မျှတပုံကို ဥပမာ တစ်ခုသာပြပါတော့မယ်။

သူကတော့ Alexander Flemig ပါ။ 
သူဟာ သုတေသနပြုရာက ပင်နစလင်ဆိုတဲ့
ဆေးကို အမှတ်မထင်တွေ့တာပါ။ 

ဒီဆေးဟာ ပထမဦးဆုံးလူတွေလုပ်တဲ့ ပဋိဇီဝဆေး ပါပဲ။ 

ဒါကို စမ်းသပ်တဲ့အခါ အင်မတန်ထိရောက် တာကို တွေ့ရတယ်။ နတ်ဆေးတမျှဖြစ်တယ်။ ၉၆ ပါးသော ရောဂါပျောက်တဲ့ဆေးပါပဲ။

အရင်ခေတ်က စစ်ပွဲမှာ လူတွေဟာ အသတ်ခံ ရတာထက် ဒဏ်ရာရလို့ သေတာများတယ်။ 

ပင်နစလင်ဟာ ဒဏ်ရာတွေကို ကုသနိုင်တယ်။ ဖလင်းမင်းက ဒါကိုနတ်ဆေးလို့ ယူဆတယ်။

ဒီဆေးကို လူတိုင်းဈေးပေါစွာနဲ့သုံးနိုင်ဖို့ 
ဘယ်သူပဲဖော်ဖော်သူက ခွင့်ပြုတယ်။ 

တကယ်လို့ သူသာ Patent Right ယူထား ရင် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်သွားနိုင်တယ်။

သူဟာ ဦးနှောက်ကောင်းသလောက် 
နှလုံးသားလည်းနူးညံ့တယ်။ မျှတဲ့လူပါ ပဲ။ သူနိုဘဲလ်ဆုရသွားပါတယ်။

နိဂုံး
••••

ဦးနှောက်နဲ့ နှလုံးသားမျှတဖို့ လိုတာကို သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။

ဦးနှောက်အတွက် အာဟာရကတော့ စာပေပါပဲ။ နှလုံးသား အာဟာရကတော့ မေတ္တာပေါ့။

အထူးသဖြင့် မြန်မာပြည်လိုနိုင်ငံမှာ မျှတတဲ့ အတွေးများနဲ့ ဦးနှောက်နဲ့ နှလုံးသား မျှတစွာ ဆောင်ရွက်မယ့် လူတော်လူကောင်းများ ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။

ဒေါက်တာ ခင်မောင်ညို

Credit -- သုတဇုန်

No comments:

Post a Comment