Tuesday, 20 September 2016

လောကဓံနဲ့ အသားကျလာရင် လောကဓံဆိုတာ တရားရစရာပါပဲ..။

ဘဝမှာ စည်းစည်ဥစ္စာ ရာထူးဌာနန္တရလာဘ်လာဘတွေ ရှိတဲ့အချိန်လည်း ကြုံဘူး၊ ရှိဘူးကြသလို ၊
ဘာမှကုန်းကောက်စရာ မရှိလောက်တဲ့ အခြေအနေလည်းကြုံရမှာပါပဲ။ 

ရှိခြင်း၊မရှိခြင်းတွေကြား သိပ်ဗျာများ မနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။
 ကိုယ်က ပေးနိုင်၊ကျွေးနိုင် ကူညီနိုင်တဲ့အချိန် မိတ်ဆွေအပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတတ်ပေမယ့် အဲဒါတွေ မလုပ်ပေးနိုင်တဲ့အချိန် မေးထူးခေါ်ပြောသူတောင် မရှိပြန်တာလည်း ကြုံရမှာပါပဲ။ 

အပေါင်းအသင်းများခြင်း၊
မများခြင်းတွေကြား အထီးကျန်တာမျိုး ဖြစ်မနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။

ကိုယ်နဲ့အဆင်ပြေနေတဲ့အချိန် ချီးမွမ်းမြှောက်ပံ့ပြောတတ်ပေမယ့် အဆင်မပြေတဲ့အချိန်မှာ 
အဲဒီပါးစပ်တွေကပဲ ကဲ့ရဲ့ရှုတ်ချ အပြစ်တွေ ပြောနေကြတာလည်း ကြုံရမှာပါပဲ။ 

စကားလုံးတွေကြား ခံစားမှုများမနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။
ဘဝမှာ ချမ်းသာတဲ့အခါလည်းရှိ၊ ဆင်းရဲတဲ့အခါလည်းရှိနေပြီး လောကချမ်းသာဆင်းရဲဆိုတာ ဘာမှ
အကြာကြီးမှ မဟုတ်တာပဲလေ။ ချမ်းသာဆင်းရဲတွေကြား သောကပွားမနေပါနဲ့။ ကြာတော့လည်း အသားကျစွာ နေတတ်သွားမှာပဲပေါ့။

အရင်းစစ်တော့ အားလုံးဟာ လောကဓံတွေပါပဲ။ ဘာမှအကြာကြီး မဟုတ်ဘူး၊ ဘာမှမမြဲဘူးလို့သာ 
နှစ်နှစ်ကာကာ သိလာရင် ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ ကြာတော့လည်း ဒီဒဏ်တွေကြား 
အသားကျလာတာပဲ မဟုတ်လား။ 
အပြောင်းအလဲ အခိုက်အတံ့ကာလလေးမှာ အမှားမရအောင်သာ ကြိုးစားနိုင်ရင် တရားမရသေးတာတောင်မှ အသားကျလာမှာတော့ အသေအချာပါပဲ။

မဟုတ်တာတွေနဲ့ အသားမကျဖို့၊ အမှားတွေနဲ့ အသားမကျဖို့တော့ ကိုယ့်ကိုယ်ကိုယ်ပဲ 
ထိမ်းသိမ်းကြရမှာပေါ့။ ။
ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ-ဒိုက်ဦး
Ref: Young Buddhist Association

No comments:

Post a Comment