ယနေ့ခေတ်လူငယ်တွေကြားမှာ ခေတ်စားလွန်းတဲ့စကားတစ်ခွန်း ရှိပါတယ် ။ အဲ့ဒါက ယုံကြည်မှုဆိုတာ စက္ကူတစ်ရွက်လိုပဲ ချေမွပြီးသွားရင် အရင်လိုအကောင်းတိုင်းဖြစ်ဖို့မလွယ်ပါဘူးတဲ့။ ဒီအဆိုက မှန်သင့်သလောက်ပဲမှန်တယ်လို့ ယုံကြည်တယ်။
.
ယုံကြည်မှုဆိုတာ လူတစ်ဦးနဲ့တစ်ဦးကြားမှာ မရှိမဖြစ်လိုအပ်တဲ့အရာပါ ။ ဒီလိုအရေးကြီးတာကြောင့်လည်း တန်ဖိုးထားကြတယ်။ ပျက်စီးသွားဖို့မပြောနဲ့ တိမ်းချော်သွားမှာကိုတောင် စိုးရိမ်လေ့ရှိကြတယ်။ စီးပွားရေးအရကြည့်ပြန်လည်း ယုံကြည်မှုကအရေးပါနေပြန်တာကြောင့် လဲပြိုသွားရင်ပြန်လည် အရင်လိုယုံကြည်နိုင်ဖို့ ခက်ခဲမယ်လို့ ပြောတတ်ကြပါတယ်။
.
တကယ်တမ်း ပြောမယ်ဆို ယုံကြည်မှုဆိုတာ အရင်လိုပြန်မဖြစ်နိုင်သော်လည်း အသစ်တစ်ဖန်ကြိုးစားလို့ရပါသေးတယ်။ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ အရင်ကအမှား ၊ အားနည်းချက် ၊ချို့ယွင်းချက်ကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆို တစ်ဦးနဲ့တစ်ဦးကြား ယုံကြည်မှုတွေပြန်လည်ရရှိစေနိုင်မှာပါ။
.
တစ်စုံတစ်ခုကို တွေးတောကြတဲ့အခါ အလုံပိတ်အတွေးတွေနဲ့ ကိုယ့်ဘ၀ကို မခြယ်လှယ်ကြပါနဲ့ ။ သင်အမှားတစ်ခုခုကျူးလွန်မိတယ်ဆိုရင်တောင် အဲဒီ့အမှားကို ပြင်ဆင်နိုင်ဖို့နဲ့ ယုံကြည်မှုတွေ ပြန်ရယူနိုင်ဖို့ အသစ်တစ်ဖန်ကြိုးစားခွင့်ရှိပါတယ်။ အမှားပေါ်က သင်ခန်းစာယူပြီး ယုံကြည်မှုအတွက် အရင်ကထက်ပို အလုပ်လုပ်ကြရအောင်ဗျာ ။ ။
Ref: (Focus Youth)

No comments:
Post a Comment