Sunday 31 July 2016

လောကမှာ အကဲ့ရဲ့ မခံရတဲ့သူ တစ်ယောက်မှ မရှိဘူး...။



အကောင်းပြောခံရတဲ့အခါ ကျေနပ်နှစ်သက်တတ်ရင်၊ မကောင်းပြောလာခဲ့ရင်လည်း လက်ခံနိုင်တတ်ရမယ်။ 
အကောင်းကျတော့ကြိုက်ပြီး မကောင်းကျတော့ 
မမိုက်ဘူးဆိုရင် ဒါဟာ လောကရဲ့သဘာဝကို လက်မခံနိုင်သေးတာပဲ။

လာကမှာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာ နေရာတိုင်းမှာ ရှိနေတယ်။ လူတိုင်းမှာ ရှိနေမယ်။ အလုံးစုံပြည့်စုံနေတဲ့ ဘုရားစတဲ့ 
သူတော်ကောင်းကြီးတွေတောင် ကြုံတွေ့ရတတ်တယ်။

 ကိုယ်လိုသူတွေ ကြုံနေရတာ ဘာဆန်းသလဲပေါ့။ 
ဘုရားမြတ်စွာကလည်း “နတ္ထိ လောကေ အနိန္ဒိတော- လောကမှာ အကဲ့ရဲ့ မခံရတဲ့သူ တစ်ယောက်မှ 
မရှိဘူး”လို့ မိန့်တော်မူတယ်။ 

ဒါကြောင့် ချီးမွမ်းခံရလို့လည်း နားထင်သွေးရောက် ခပ်မြောက်မြောက် မဖြစ်နဲ့။ အကဲ့ရဲ့ ခံရလို့လည်း တုန်လှုပ်ခြောက်ခြားသောကမများနဲ့။ လောကသဘာဝ တဒင်္ဂလို့ 
သဘောထား။မနောအား ကောင်းအောင်သာ ကြိုးစားပြီး ရိုးသားမှုကို အခြေခံ လောကဓံကို အန်တုရင်း 
ရှေ့သို့ချီတက် ခရီးဆက်ဖို့ပါပဲ။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ-ဒိုက်ဦး
Ref:Young Buddhist Association

အောင်မြင်ချင်ရင် ဒါလေးတွေ သတိထားပါ...။



(၁) သူများပြောတာကို မခံစားနဲ့။
အောင်မြင်ချင် ချီးကျူးမယ်၊ ကျရှုံးရင် ကဲ့ရဲ့မယ်။ ဒါ သဘာဝပါ။ ဝေဖန်တာတွေကနေ ကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်လို့ရပါတယ်။ ဒါပေမယ့် ဒီဝေဖန်စကားတွေကို ရင်ဘတ်ထဲထည့်ပြီး မခံစားပါနဲ့။
.
(၂) အမြဲတမ်းမှန်တယ်မထင်နဲ့။
ကိုယ့်အမြင်တစ်ခုတည်းကပဲ အမြဲတမ်းမှန်တယ်လို့ မယူဆနဲ့။ သူ့ဘက်၊ ကိုယ့်ဘက် မတူတဲ့အမြင်တွေရှိတယ်ဆိုတာအမြဲ သတိထား။
.
(၃) နည်းနည်းပြော၊ များများနားထောင်။
ပြောတဲ့အလုပ်က မျှဝေဖို့ပါ။ နားထောင်တဲ့အလုပ်က သင်ယူဖို့ပါ။ တစ်ခုသတိထားရမှာက သင်ယူခြင်းမရှိဘဲနဲ့ မျှဝေဖို့မဖြစ်နိုင်ဘူးဆိုတာပါ။ များများနားထောင်တဲ့အကျင့်ကို မွေးယူပါ။
.
(၄) လက်တွေတွဲပါ။
ဆိုရိုးရှိပါတယ်။ "မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးသွားချင်ရင် အတူသွားပါ" တဲ့။ ဆယ်ယောက်ပေါင်းထားတဲ့ စွမ်းအားက တစ်ယောက်တည်းထက် သာတယ်ဆိုတာ မေ့မထားပါနဲ့။
.
(၅) အပြစ်မတင်နဲ့။
သူတစ်ပါးရဲ့ အားနည်းချက်ကိုလည်း အပြစ်မတင်နဲ့။ ကံကြမ္မာကြောင့် ဖြစ်လာတာတွေကိုလည်း အပြစ်မတင်နဲ့။ ရလာတဲ့ ရလဒ်အပေါ်မှာ တာဝန်ယူဖို့သာ ပြင်ဆင်ပါ။
.
(၆) ခရီးရှည်ကြီး ဖြစ်တယ်။
ဘဝဆိုတာ ခရီးရှည်ကြီးပါ။ ဒီခရီးမှာ အခက်အခဲတွေပြည့်နေမှာဖြစ်ပြီး အောင်မြင်ခြင်းတွေ၊ ကျရှုံးခြင်းတွေ ပါဝင်နေမှာပါ။ ဒီခရီးကြီးက အရှုံးမပေးမချင်း မရှုံးနိုင်တဲ့ပြိုင်ပွဲကြီးပါ။
 (Focus Youth)
Ref: Success

Saturday 30 July 2016

လူ**၂**မျိုး..။


လောကမှာ လူ ၂ မျိုး ရှိပါတယ် ။
(၁) ရေရှင် လို လူ
(၂) ရေသေ လို လူ

(၁) ရေရှင် လို လူ
စိတ်ခံစားချက် ပြင်းထန်တယ် ။ တစ်ခုခု ဆို သိပ်ပြီး ချုပ်တည်းတာမျိုး မလုပ်ဘူး ။ စိတ်ဆိုးရင် စိတ်ဆိုးမှန်း မျက်နှာ အမူအရာ ကနေ ချက်ချင်း သိသာစေတတ်တယ် ။ 

ဟန်ဆောင်မှု့အားနည်းတယ် ။ စိတ်ထဲ တင်းထား ၊ အောင့်ထားတာ မရှိဘူး ။ ရေရှင်လို ရေက ငြိမ်မနေဘူး ။ တစ်ခါတည်း စီးဆင်း သွားတော့ ရေဆိုး ဆိုလည်း စီးသွားတယ် ။ ရေကောင်း ဆိုလည်း စီးသွားတယ် ။ အမြဲတမ်း တက်တက်ကြွကြွ ဖြစ်တယ် ။ ဟောင်းမနေဘူး ။

ကောင်းချက် က ပျော်ပျော်နေ သေခဲ ။ အသက်ရှည် အနာမဲ့မယ် ။ လုပ်ချင်တာ လုပ်လိုက်ရတော့ အသက်ရှည်တယ် ။
ဆိုးချက် က ပွင့်လင်းတဲ့ စရိုက်ကြောင့် လူမုန်း များနိုင်သလို ၊ ခင်တဲ့ သူတွေလည်း များတယ် ။ အစွန်း နှစ်ဖက်မှာ နေရတဲ့ အတိုင်း ။

(၂) ရေသေ လို လူ
သူများ ဘာပြောပြော ပြန်မပြောဘူး ။ စိတ်ဆိုးလည်း ဒီမျက်နှာ ၊ ပျော်လည်း ဒီမျက်နှာ ။ အပြောင်းအလဲ သိပ်မရှိဘူး ။ ရေသေလို စီးလာသမျှ ကို သိမ်းထားတယ် ။ အပြင် ကို ပြန်ပြီး မထုတ်ဘူး ။ ကောင်းချက် က လူမုန်းနည်းတယ် ။ သိပ်ခင်တဲ့ သူလည်း မရှိသလို ၊ သိပ်မုန်းတဲ့ သူလည်း မရှိဘူး ။ အလယ်မှာ ပဲ တည်တည် ငြိမ်ငြိမ် လေး နေနေတယ် ။ ဆိုးချက် က ဘာပဲ ဖြစ်စေကာမူ ပြန်လည် မတုန့်ပြန် မထုတ်ဖော် ပဲ တစ်ယောက်တည်း ကြိတ်ခံစားတတ်တော့ အချိန်ကြာလာရင် အထီးကျန်လာတယ် ။ တစ်ခုခု ဆို တိုင်ပင် စရာ အဖော် မရှိဘူး ။ လူက အုံပုန်း ဆိုမှတော့ ဘယ်သူမှကို ပွင့်ပွင့်လင်းလင်း မပြောဘူး ။ စိတ်ခံစားချက် ကို သိမ်းထားလွန်းတော့ ရောဂါ ရတတ်တယ် ။

အဆိုးဆုံး က သည်းခံတာများ ၊ ထိန်းချုပ်တာများ ပြီး စိတ်ဖိစီး မှု့ ဖြစ်လာတယ် ။ တစ်စထက် တစ်စ ပိုပိုဆိုးလာရင်တော့ နောက်ဆုံး မိမိကိုယ်ကို သတ်သေခြင်းတွေ ဖြစ်လာတတ်တယ် ။

ဘယ်အရာ နေနေ တစ်ဖက်စွန်းရောက်တာ က မကောင်းပါဘူး ။ ရေသေလည်း ရေသေ အလျောက် ကောင်းသလို ရေရှင်လည်း ရေရှင် အလျောက် ကောင်းပါတယ် ။ တခါတလေ ရေသေလို ကျင့်တာက ကောင်းတယ် ။ ဒါမယ့် တခါတလေကျ ရေရှင်လိုကျင့်တာ က ပို ထိရောက်တဲ့ အခြေအနေ တွေလည်း ရှိပါတယ် ။ အသိကို သတိ နဲ့ ယှဉ်ပြီး အကောင်းဆုံး တုန့်ပြန်နိုင်ဖို့ က အကောင်းဆုံးပါ ။
Ref:ayesay

သစ်ပင်ကြီးနှင့် သိမ်းငှက်..။



ခြစ်ခြစ်တောက်ပူနေသည့် သဲကန္တာရထဲတွင် သစ်ပင်တစ်ပင်ထဲသာ ရှိ၏။ ထိုသစ်ပင်သည် အပူဒဏ်ကို အံတု၍ အသက်ရှင်နေ၏။

တနေ့တွင် သဲကန္တာရကိုဖြတ်၍ သိမ်းငှက်တစ်ကောင် ရောက်လာ၏။ သိမ်းငှက်လည်း သစ်ပင်ကိုမြင်ပြီး သစ်ကိုင်းပေါ်တွင် နားလိုက်ပါသည်။ ပူခြစ်နေသည့် ပတ်ဝန်းကျင်ကိုကြည့်လျက် ပြောလိုက်သည်မှာ -

"သစ်ပင်ကြီး ---- အသင်ဟာ သိပ်ထူးဆန်းပါလား။ ဒီလောက်ပူနေတဲ့နေရာမှာ ဘာလို့ရှင်သန်နေတာလဲ။ ဘယ်သူကများ သင့်ကို လိုအပ်နေလို့လဲ"

"သင်ပါပဲ သိမ်းငှက်"

"ငါ ---- ဟုတ်လား ? ငါ မင်းကို မလိုအပ်ပါဘူး"

"မင်း ငါ့ကို မလိုအပ်ဘူးဆိုရင် ငါ့အကိုင်းပေါ် မထိုင်ဘဲ သဲပူပူပေါ်ထိုင်နေရမှာလေ----
အခု မင်း ငါ့အကိုင်းတွေပေါ်မှာ ထိုင်နေနိုင်တာ မင်း ငါ့ကို လိုအပ်လို့ပေါ့"

######### #########

လူတစ်ချို့သည် ထိုပုံပြင်ထဲက သိမ်းငှက်နှင့်တူ၏။ မိမိကို တခြားသူက ကူညီပေးနေတယ်ဆိုတာကို မသိသည့်အပြင် ထိုသူအပေါ်တွင်ပင် ပြစ်တင်ဝေဖန်တတ်ကြ၏။ မိမိသည်သာအမှန် မိမိသည်သာ ကျွမ်းကျင်သူ တခြားသူများက မရောင်ရာဆီလူးနေသည်ဟု အပြစ်မြင်တတ်ကြသည်။

သူတို့ သတိမထားမိသည်မှာ သိမ်းငှက်ကဲ့သို့ ငှက်တွေပျံသန်းနိုင်ကြသလို သစ်ပင်ကြီးသည်လည်း အေးမြသည့်အရိပ်နှင့် လူသားတို့ အသက်ဆက်ရှင်ရန် အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်ပေးနိုင်ခြင်း ဆိုတာကိုပင်ဖြစ်၏။

မည်သူ့ကိုမျှ အထင်မသေးသင့်ပါ။
မိမိအပါအဝင် လူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ အစွမ်းအစကို အားပေးလက်ခံရပေမည်။
ထမင်းတစ်လုတ်စားခဲ့ဖူးသူသည် တစ်လုတ်ပြန်မကျွေးနိုင်လျှင်တောင်မှ ထမင်းလုတ်၏တန်ဖိုးကို အမှတ်တရ ရှိနေရမည် ဖြစ်ပါသည်။

Credit-အေးမို့

Friday 29 July 2016

ဘဝ=အခက်အခဲ...။


ဘ၀ ဆိုတာ အခက်အခဲ

"ဘ၀ဆို တာ အခက်အခဲ" ဆိုတာ အမြဲတမ်း မှန်ကန် နေတဲ့ အမှန်တရား ပင်တည်း။ ကျွန်တော်တို့ တတွေ ဤအမှန်တရား ကိုသာ မြင်နိုင်မယ် နားလည် နိုင်မယ် ဆိုရင် ကျွန်တော်တို့ ဘ၀ ရှေ့ရေး အတွက် အများကြီး ပိုပြီး အထောက် အကူ ရရှိပါ လိမ့်မယ်။ [ဘ၀ = အခက်အခဲ] ဆိုတဲ့ သဘော တရားကို အပြည့်အ၀ လက်ခံ ယုံကြည် နိုင်ပြီ ဆိုရင်၊ "ကျွန်တော်တို့ရဲ့ ဘ၀ဟာ ခက်ခဲလှပါတယ်" ဆိုတဲ့ နိယာမက ကျွန်တော်တို့ကို ဆက်လက်ပြီး ဒုက္ခ ပေးနေမှာ မဟုတ်တော့ ပါဘူး။

လူ တော်တော် များများက "ဘ၀ ဆိုတာ အခက်အခဲ" ဆိုတဲ့ ရိုးရှင်း လှတဲ့ အမှန် တရားကို မြင်နိုင်စွမ်း မရှိကြပါဘူး။ တကယ်တော့ လူတွေဟာ ဒီ အမှန် တရားကို မမြင်နိုင်တဲ့ အပြင် သူတို့ရဲ့ ဘ၀တွေကို အပြစ် ပြောကြပါတယ်။ ငြီးညူ ကြပါတယ်။ လူတွေဟာ သူတို့ရဲ့ ဘ၀မှာ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ ပြဿနာတွေ၊ နာကြည်းချက်တွေ၊ အစ ရှိတာ တွေက သူတို့ရဲ့ ဘ၀ကို မရောက်သင့်ပဲ ရောက်လာကြတယ်၊ မဖြစ်သင့်ပဲ ဖြစ်လာကြတယ်၊ ဆိုပြီး သူတို့ရဲ့ ဘ၀၊ မိသားစု၊ ပညာရေး၊ အချစ်ရေး၊ တိုင်းပြည်၊ လူမျိုး တွေအတွက် ငြီးညူကြတယ်၊ အပြစ် ပြောလေ့ ရှိကြပါတယ်။ မိမိ ကိုယ်ကို အပြစ်တင်ကြပါတယ်၊ ဒါ့အပြင် တစ်ခြားသူတွေကို အပြစ်ပြောကြပါတယ်။ တကယ်တော့ ဘ၀ဆိုတာ ပြဿနာရထားတွဲကြီး တစ်တွဲပါ။ ဒီပြဿနာတွေကို ဒီလိုပဲ အပြစ်တင်နေရင်း ဘ၀ကြီးကို အဓိပ္ပာယ် ကင်းမဲ့စွာ ဖြတ်သန်း ချင်ပါသလား ? ဒါမှမဟုတ် [ဘ၀ = အခက်အခဲ] ဆိုတဲ့ သဘော တရားကို လက်ခံပြီး ရင်ဆိုင် ဖြေရှင်း ချင်ပါသလား ?

ဘ၀ကို ဘယ်အရာက ခက်ခဲအောင် လုပ်နေသလဲဆိုတော့ ပြဿနာကို ရင်ဆိုင် ဖြေရှင်း နိုင်စွမ်း မရှိခြင်း က ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြဿနာဆိုတဲ့ အရာတွေက ကျွန်တော်တို့ လူသားတွေကို စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်မကောင်းမှုတွေ၊ စိတ်နာကျင်မှုတွေ၊ အထီးကျန်ဆန်မှုတွေ၊ ဒေါသတွေ၊ ကြောက်ရွံ့မှုတွေ၊ စိတ်ညစ်မှုတွေ၊ စိတ်မငြိမ်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ အစရှိတဲ့ အင်မတန် ဆိုးလှတဲ့ ခံစားချက်တွေကို ခံစားစေပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀၊ ကျွန်တော်တို့ရဲ့ စိတ် တွေကို တစ်စုံတစ်ခုက ထိခိုက် စေပြီ ဆိုရင် အဲ့ဒီ တစ်စုံတစ်ခုကို ကျွန်တော်တို့ ပြဿနာလို့ သတ်မှတ် ကြပါတယ်။ ဘ၀မှာ တစ်ကယ်တော့ ဘာဆို ဘာမှ မတည်မြဲပါဘူး။ အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ မတွေ့ကြုံနိုင်သလို အမြဲတမ်း နာကျင်တာတွေပဲ မရှိနိုင်ပါဘူး။ 

အခက်အခဲဆိုတာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ကြားမှာ ရှိနေတဲ့ ကြားခံနယ်မြေ ဖြစ်တဲ့ ဆက်သွယ်ပေးမယ့် တံတား တစ်ခုဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ ဘ၀မှ ရှိတဲ့ ပြဿနာတွေ အခက်အခဲတွေက ကျွန်တော်တို့တွေရဲ့ သတ္တိ နဲ့ အသိဥာဏ် စွမ်းရည် တွေကို ရှင်သန် လာအောင် ပျိုးထောင် ပေးပါတယ်။ အခက်အခဲ တစ်ခု ပြီးသွားတိုင်း ပြီးသွားတိုင်း ကျွန်တော်တို့တတွေ ဘ၀မှာ သင်ခန်းစာတွေ ရရှိကြပါတယ်။ ကျွန်တော်တို့တတွေ ပိုပြီး ပိုပြီး ရင့်ကျက်လာကြပါတယ်။ ကျွန်တော်တို့လူတွေရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းအား ဆိုတဲ့ အရာနဲ့ ဒီပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းလာရင်း၊ ဒီပြဿနာတွေ ထဲမှာ တစ်စနဲ့ တစ်စ ဘ၀ရဲ့ သင်ခန်းစာတွေကို သင်ယူလာရင်း သင်ယူလာရင်း ဘ၀မှာ ရှင်သန်တတ်မယ် ဆိုရင်၊ ပိုပြီး ရင့်ကျက် လာတတ်မယ် ဆိုရင်၊ ပြဿနာဆိုတဲ့ အရာဟာ ဘ၀မှာ ကြောက်စရာ တစ်ခု၊ မကောင်းတဲ့အရာ တစ်ခုလို့ သတ်မှတ်မှာ မဟုတ်တော့ပါဘူး။

ပြဿနာဆိုတဲ့ အရာကို ရှောင်ပုန်း တာထက် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းတာက အကျိုး အများကြီးရှိပါတယ်။ ပြဿနာတစ်ခုကို ခေါင်းရှောင် နေရုံနဲ့တော့ အဲ့ဒီ ပြဿနာက ပြီးသွားလိမ့်မှာ မဟုတ်ပါဘူး။ အဲ့လို ရှောင်နေမယ့် အစား ရင်ဆိုင်လိုက်ပြီး အဲ့ဒီ ပြဿနာထဲက သင်ခန်းစာလေးတွေကို ယူတတ်လာမယ် ဆိုရင် ဘ၀မှာ ပြဿနာဟာ ပြဿနာထက် ဘ၀ရဲ့ ပဲ့တင်လမ်းပြပေးတဲ့ အရာဖြစ်လာပါ လိမ့်မယ်။

ကျွန်တော်တို့ တော်တော်များများဟာ ဒီရိုးရှင်းလှတဲ့ သဘောတရားလေးကို နားမလည် ကြပါဘူး။ နာကျင်မှုကို ကြောက်တတ်တဲ့ ကျွန်တော်တို့ လူသားတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်က ကျွန်တော်တို့ တွေကို ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အများအားဖြင့် အချိန်ဆွဲလေ့ရှိပါတယ်။ ပြဿနာတွေ၊ နာကျင်မှုတွေကို ဒီလိုနဲ့ ရှောင်ပုန်းပြီး လျစ်လျူရှုထားလိုက်တာနဲ့ သူတို့ တစ်ချိန်မှာ ကျွန်တော်တို့ ဆီကနေ ထွက်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်တွေနဲ့ ရင်ဆိုင်နေကြပါတယ်။ ဒီပြဿနာ ဆိုတဲ့ အရာတွေ မရှိပါဘူး ဆိုပြီး အတင်း မေ့ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒီလို ပြုမူခြင်းတွေဟာ ထူးမလာပါဘူး။ အဆုံးမှာတော့ ဒီပြဿနာတွေဟာ ပိုပြီး ကြီးထွား လာပါတယ်။ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းရမယ့် ပြဿနာတစ်ခုကို ကြီးထွားလာအောင် မွေးမြူရင်းနဲ့ တစ်ချိန်ကျရင် ပိုပြီး နာကျင် ခံစားရမှာက မိမိတို့ကိုယ်တိုင်ပင် ဖြစ်ပါတယ်။

ပြဿနာကို ရှောင်တိန်းရမယ် ဆိုတဲ့ မှားယွင်းစွာ နားလည်ထားတဲ့ သဘောတရားက ကျွန်တော်တို့ လူသားတွေရဲ့ ပြဿနာတစ်ခုပါ။ ဒီလိုမဖြစ်ရအောင် ဘ၀မှာ ပြဿနာဆိုတာ တွေ့လာတိုင်း၊ သူတို့ကို ရန်သူသဖွယ် သတ်မှတ်ပြီး ကွေကွင်း ရှောင်ပြေးနေတာထက် "ဒါဟာ ငါ့ဘ၀အတွက် ငါ့ရဲ့ စိတ်ကို ရှင်သန် ရင့်ကျက်စေမယ့် အရာ တစ်ခု" လို့ သတ်မှတ်ပြီး ပြဿနာတွေကို သူငယ်ချင်းသဖွယ် ရင်ဆိုင် တတ်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ရှုပ်ထွေး ခက်ခဲ ပြီး စိတ်ညစ်စရာတွေနဲ့ ပြည့်နေတတ်တဲ့ ဘ၀ဟာ အင်မတန် တိုးတောင်း လှသော အချိန်လေး အတွင်းမှာတင် အလွန် သာယာလှပပြီး အမြဲတမ်း သင်ယူစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀တစ်ခု အဖြစ် ပြောင်းလဲ သွားမှာ မလွဲသေချာ မှန်ကန်ကြောင်း ကျွန်တော်ယုံကြည် မိပါသည်။

လူသားတွေ ပြဿနာကို ရှောင်ပုန်းခြင်းမှ ကင်းဝေးကြပါစေ။
Tea

ဆန္ဒနဲ့ဘဝ...။


လောကမှာ လူတိုင်းလူတိုင်း ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနေတဲ့သူ အတော်ရှားပါတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ၊ ဖြစ်သင့်တာနဲ့ ဖြစ်သွားတာ အတော်များများ တခြားစီပါပဲ။ 

အဲဒါကိုက ဘဝပါပဲ။ ဘဝဆိုတာ အခိုက်အတံ့ ဖြစ်တည်မှု ခဏသာဖြစ်တဲ့ အတွက် ဖြစ်တည်မှုရဲ့နောက်မှာ ပျက်ပြယ်မှုကတော့ ရောက်နေကြမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်သလို မဖြစ်ရ၊ 
သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေရတာကိုက ဘဝရဲ့လောကဓံပဲ မဟုတ်လား။ 

အဓိကကတော့ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း မကျပေမယ့်လည်း ကိုယ်ကြုံနေရတဲ့ အနေအထားမှာ အခြေမမှားအောင် ကြိုးစားနေထိုင်ကြဖို့ပါပဲ။ -ဖြစ်ချင်တိုင်း မဖြစ်ရလို့လည်း စိတ်ဓာတ်မကျဖို့၊ -မဖြစ်ချင်တာတွေ ဖြစ်နေရလို့လည်း အလိုမကျ မဖြစ်ဖို့ နဲ့ -ဖြစ်သင့်တာတွေ မဖြစ်လာလို့လည်း ပူဆွေးသောကမဖြစ်ကြဖို့ လေ့ကျင့်ကြရမှာပါ။ 

ကိုယ်နေနေရတဲ့ အနေအထားမှာ အပြစ်မများဖို့နဲ့ 
အရှုံးမများအောင် နေထိုင်ကြရမှာပါ။ အကြောင်းကြောင့် အကျိုးဖြစ်လာရတဲ့ ဘဝမှာ ဘယ်သူ့ဘယ်သူကိုမှ ရိုးမယ်ဖွဲ့မနေဘဲ၊ ကိုယ့်ဘဝကိုသာ ကိုယ်ဆင်ခြင်ပြီး အကြွေးမထပ် ပေးဆပ်နိုင်အောင်သာ သတိပြုကြရမှာပါ။နောက်ဆုံးတော့ ဆန္ဒဆိုတာလည်း ခဏ၊ ဘဝဆိုတာလည်း ခဏပါပဲ။ 

မရလို့လည်း မဆဲနဲ့။ ရနေလို့လည်း မကဲနဲ့။ မမြဲတဲ့ဘဝမှာ အလွဲမကျဖို့သာ ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်…
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Ref: Young Buddhist Association

Thursday 28 July 2016

ရင့်ကျက်လာပြီ..။



(၁) အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ တဖြည်းဖြည်းနားလည်လာပြီ။ ဘဝ၊ အချစ်နဲ့ ပိုင်ဆိုင်ရမယ့်အရာတွေ၊ လက်လွှတ်ရမယ့်အရာတွေအကြောင်း သိလာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၂) ငယ်ငယ်တုန်းကတော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံဖူးတယ်။ လက်တွေ့ဘဝမှာတော့ ဘာတွေကို ကြိုးစားရမယ်၊ ဘာတွေကို လျစ်လျူရှုတတ်ရမယ်ဆိုတာ သဘောပေါက်သွားပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၃) အရှုံးဆိုတာ နာကျင်စရာမဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ။ အရှုံးတွေနဲ့ မကြာခဏဆိုသလို ရင်းနှီးလာပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ်မခံရအောင် သင်ခန်းစာတွေ ယူတတ်လာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၄) ဟိုးတုန်းက သင်ယူတယ်ဆိုတာ ဂုဏ်ယူနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်ပဲရှိတယ်။ နောက်ပိုင်းမှာတော့ သင်ယူတယ်ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့ တိကျတဲ့ အကြောင်းအရင်းတွေနဲ့ သင်လာတယ်။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၅) ဝမ်းနည်းနေပေမယ့် ပြုံးနေမိတယ်။ ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေရတယ်။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၆) လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သတ္တဝါတွေမှန်း သိလာရတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူရှုတတ်လာမယ်။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၇) အစပိုင်းမှာ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ်။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၈) ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၉) လူတွေရဲ့ စကားကို ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာတရားကိုတော့ ဂရုစိုက်တတ်လာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၁၀) အဆိုးတွေနဲ့ ကြုံရတိုင်း ဝမ်းမနည်းတတ်တော့ဘူး။ ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိသွားပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ။

 Ref: (Focus Youth)

အမှန်တကယ် ချမ်းသာခြင်း..။



တစ်ခါတုန်းက ချမ်းသာတဲ့အဖေတစ်ယောက်ဟာ သူ့ရဲ့သားလက်ကိုဆွဲပြီး ချို့တဲ့ရှာတဲ့ ရွာတစ်ရွာကို ထွက်လာခဲ့ပါသတဲ့။ 
သူ့ရဲ့ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ ဆင်းရဲတဲ့သူတွေဟာ ဘဝကို ဘယ်လိုဖြတ်သန်းရလဲဆိုတာကို သိစေချင်တဲ့စိတ်နဲ့ပေါ့။
.
အဲဒီ့လိုနဲ့ ရွာကို လည်ပတ်ပြီးတော့ အပြန်ခရီးမှာ အဖေဟာ သားကို မေးပါတယ်။ "သား.. ဒီခရီးသွားရတာ အဆင်ပြေရဲ့လား?" "ဟုတ်ကဲ့ ဖေဖေ"။
.
"ရွာမှာရှိတဲ့ ဆင်းရဲသားတွေ ဘဝကိုဘယ်လိုဖြတ်သန်းရလဲဆိုတာ သားတွေ့ခဲ့ရဲ့လား?" 
"ဟုတ်ကဲ့ ဖေဖေ" သားက ပြန်ဖြေလိုက်တယ်။ 
"ဒါဖြင့်လည်း သားဘာတွေ တွေ့ခဲ့လဲဆိုတာ ဖေဖေ့ကို ပြောပါဦး"
.
"သားတို့မှာ ခွေးတစ်ကောင်ရှိတယ်။ သူတို့မှာ ခွေးလေးကောင်ရှိတယ်။ သားတို့မှာ ရေကူးကန်လေးရှိတယ်။ သူတို့မှာ မြစ်ပြင်ကျယ်ကြီးရှိတယ်။ ညဘက်ဆို သားတို့မှာ မီးအိမ်ငယ်လေးရှိတယ်။ 
သူတို့မှာ လမင်းကြီးရှိတယ်။ သားတို့က အစားအစာတွေကို ဝယ်တယ်။ သူတို့က အစားအစာတွေကို ကိုယ်တိုင်လုပ်တယ်။ သားတို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခြံကျယ်ကြီးတွေ ခတ်ထားရတယ်။ 
သူတို့မှာက သူငယ်ချင်းတွေ ရှိတယ်။ သားတို့မှာ ရုပ်မြင်သံကြားစက်ရှိတယ်။ သူတို့မှာ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့အတူဖြတ်သန်းဖို့ အချိန်ရှိတယ်။"
.
သားဖြစ်သူရဲ့ အဖြေစကားကို ကြားရတဲ့အခါမှာ အဖေဟာ ဆွံအသွားပါတယ်။ အဲဒီ့မှာတင် "သားတို့ ဘယ်လောက်တောင် ဆင်းရဲနေလဲဆိုတာ သိခွင့်ပေးတဲ့အတွက် ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။"
.
သင်ခန်းစာ
ဘဝမှာ ငွေဟာအရေးပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာတော့ မဟုတ်ပါဘူး။

နောက်ပြီး ကျွန်တော်တို့ ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာတစ်ချို့ကို ကျွန်တော်တို့ထက် ငယ်ရွယ်ပြီး နှလုံးသားဖြူစင်တဲ့သူတွေက
ပိုပြီး သဘောပေါက်နေနိုင်ပါတယ်။
  Ref: (Focus Youth)
ဘာသာပြန်

တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘဝမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ..။




တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀ကို ရောက်ရှိဖို့၊ ရောက်ရှိအောင် လုပ်နိုင်ဖို့အတွက် ဘာတွေကိုပြင်ဆင်ထားဖို့ လိုမလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။ 

ကျွန်တော်တို့အားလုံးမှာ အတုယူ အားကျရတဲ့သူတွေ ရှိပါတယ်။ တစ်နေ့ သူ့လိုဖြစ်အောင်လုပ်မယ် (သို့) တစ်နေ့ဘာဖြစ်ရမယ်ကွ ဆိုပြီး စိတ်ထဲမှာ မှတ်ထားတာပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ ရှေ့မှာပြော ထားတာပဲဖြစ်ဖြစ် ရှိပါတယ်။ ဒါပေမယ့် တကယ့်ကိုဖြစ်အောင်လုပ်နိုင်သွားတဲ့ သူက အရမ်းနည်းပါတယ်။

ဘာဖြစ်လို့လဲဆိုရင် တစ်ချို့က လမ်းတစ်ဝက်မှာတင် စိတ်ပျက်အားလျော့သွားကြတယ်၊ တစ်ချို့ ကတော့ သွားရမယ့် လမ်းကို သေချာမသိလို့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။ 

အဲဒီတော့ အောက်မှာပြောထားတဲ့ အချက် (၁၀) ချက်ကို လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ အရာကိုဖြစ်အောင်လုပ်နိုင်လာမှာဖြစ်ပါတယ်။

၁။ Know yourself (မိမိအခြေအနေကို မိမိသိခြင်း)
ကျွန်တော်တို့တွေ ငါကဘယ်သူ၊ဘာရာထူး၊ ဘာလုပ်ငန်း လုပ်နေတာ စသည်ဖြင့် အမျိုးမျိုးသော တွေးထင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သိတယ်လို့ထင်နေကြပါတယ်။ 

ကိုယ့်ကိုယ်ကိုယ်တကယ် သင်သိတာသေချာလားဆိုတာ သင်အခုဘယ် အနေအထားမှာရှိလည်း၊ အခုဘာတွေလုပ်နေလည်းဆိုတာကို ကြည့်ပြီးခန့်မှန်းလို့ရပါတယ်။ သင်ကဘယ်သူလည်း ဆိုတာသိဖို့အတွက် ဆိတ်ငြိမ်တဲ့နေရာမှာ ခဏလောက် သင့်ကိုယ်သင်မေးခွန်းတစ်ချို့ပြန်မေးကြည့်ပါ။ 

သင်ဖြတ်သန်းခဲ့တဲ့ အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ၊ ဘယ်လိုနေရာတွေမှာ သင်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့နိုင်ပြီး၊ ဘယ်လိုနေရာတွေမှာ အလွဲအချော်လေးတွေနဲ့ အားနည်းနေလည်း။ ပြီးတော့ အဲဒီအတိတ်မှာ ဘာတွေလေ့လာဖြစ်သလဲ သင်ဖြစ်ချင်တာကို ဖြစ်ဖို့ တဖြည်းဖြည်း နီးလာပြီလား၊ လမ်းကြောင်းတွေလွဲနေသလား စသည်ဖြင့် အချိန်ခဏပေးပြီး ပြန်မြင်ယောင်ကြည့်ပါ။ 
ဒါကသင် အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ၊ အခုဘာတွေဖြစ်နေလဲ၊ တစ်နေ့မှာ ဘာဖြစ်ချင်တာလဲ ဆိုတာကို သိဖို့အတွက် အများကြီး ထောက်ပံ့ပေးပါတယ်။

၂။ Have a big dream but start with small dreams (ကြီးမားတဲ့အိမ်မက် ရှိပါ - ဒါပေမယ့် သေးငယ်တဲ့ အိမ်မက်များနဲ့စတင်ပါ)
သင့်ကိုယ်သင် ပြန်လည်မြင်ယောင်ကြည့်ပြီးတဲ့အခါမှာ ငါ့မှာတော့ ဒီလိုအတွေ့အကြုံတွေရှိတယ်၊ ငါဖြစ်ချင်တာကတော့ ဘာဆိုတဲ့ ကြီးမားတဲ့အိမ်မက်ရှိလားလို့ ပြန်မေးကြည့်ပါ။ မရှိသေးဘူးဆိုရင် သင့်ကိုယ်သင်မေးခွန်းထုတ်ပါ။
 တစ်နေ့ ကျရင် သင်ဘာဖြစ်ချင်တာလဲ၊ သမိုင်းပညာရှင်လား၊ ဥပဒေအကြံပေးလား၊ စီးပွားရေး အကြံပေးလား၊ သမ္မတလား၊ အောင်မြင်တဲ့ စီးပွားရေးသမားလား ရဲရဲမေးပါ။ ဒါပေမယ့် ဖြစ်နိုင်တဲ့အရာ ဖြစ်ဖို့တော့လိုပါတယ်။ 

မဖြစ်နိုင်တဲ့အရာကို ဖြစ်ချင်တယ်လို့ ရည်မှန်းချက်ထားပြီး ဖြစ်အောင်လုပ်ဖို့ အဆင်မပြေတော့မှ သင့်ကိုယ်သင် စိတ်ပျက်သွားနိုင်လို့ပါ။ အောင်မြင်ချင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တယ် ဆိုပါစို့! ပထမဆုံး နောက် (၂) နှစ်နေရင် အရင်းအနှီး ကျပ်သိန်း (၅၀)နဲ့ လည်ပတ်နေတဲ့ ကိုယ်ပိုင်အသေးစား စီးပွားရေး လုပ်ငန်းတစ်ခုပိုင်ဆိုင်ရမယ် ဆိုပြီးအိမ်မက်သေးသေးကို အရင်ချပြီး ဖြစ်အောင် လုပ်ဖို့လိုပါတယ်။

 နောင်ဆယ်နှစ် ကြာရင်ဘာဖြစ်ရမယ်ဆိုတာကို (၂) နှစ် သို့ (၃) နှစ် စာ အိမ်မက်သေးသေးလေးများကို အရင်ချပြီး လုပ်ဆောင်ခြင်းဖြင့် နောင်ဆယ်နှစ်မှာ သင်ဖြစ်ချင်တာကို ဖြစ်အောင်ဖန်တီးယူနိုင်ပါတယ်။

 နောင်ဆယ်နှစ်မှာ ဘာဖြစ်ရမယ်လို့မက်ထားတဲ့ အိပ်မက်တွေက အချိန်တွေကြာလာခဲ့လို့ ပြန်လည်ဆန်းစစ်ခြင်းမပြုလုပ်ခဲ့ရင် တဖြည်းဖြည်းနဲ့ ဝေး၀ါးလာတက်ပါတယ်။ ဒါ့ကြောင့် နှစ်အများကြီးအတွက် အိပ်မက်ကို နှစ်နည်းနည်းစီခွဲပြီး အိမ်မက်သေးသေးလေးတွေနဲ့ စတင်လိုက်ပါ။

၃။ Confidence in yourself (သင့်ကိုယ်သင် ယုံကြည်ပါ)  
သင့်ကိုယ်သင်စိတ်ချယုံကြည်မှု ရှိဖို့ဆိုရင် သင့်မှာလုပ်နိုင်စွမ်းအရည်အချင်း နှင့် လက်တွေ့အတွေ့အကြုံ တွေရှိဖို့လိုအပ်ပါတယ်။ လုပ်နိုင်စွမ်းအရည်အချင်း (သို့) လက်တွေ့အတွေ့အကြုံ တစ်ခုခုမရှိဘူးဆိုရင် သင့်ကိုယ်သင် စိတ်ချယုံကြည်ခြင်း ဆိုတာဖြစ်မလာနိုင်ပါဘူး။ 

ဒါ့ကြောင့် သင့်မှာထိုက်သင့်တဲ့ လုပ်နိုင်စွမ်းအရည်အချင်းတွေ မရှိခဲ့ဘူးဆိုရင်လည်း မိမိအိပ်မက် ကိုအထောက်အကူဖြစ်စေမယ့် လုပ်နိုင်စွမ်းမျိုးရှိအောင် ဖြည့်ဆည်းထားဖို့ လိုပါတယ်။ ထိုသို့လုပ်နိုင်စွမ်းအရည်အချင်း ကိုဖြည့်ဆည်းနေရင်း တစ်ဖက်ကနေ ပြီးတော့ လက်တွေ့လေ့ကျင့် တာတွေလုပ်ကိုင်ခြင်းဖြင့် သင့်ကိုယ်သင်ယုံကြည်မှု တိုးတက်အောင် တည်ဆောက်ယူရပါမယ်။ 

မဖြစ်မနေသင့်ခေါင်းထဲ ရိုက်ထည့်ထားရမှာကတော့ “ သင့်ကိုယ်သင် မှ မယုံကြည်လျှင် ဘယ်သူမှ သင့်ကိုယ်ယုံကြည်မှာ မဟုတ်ပါဘူး” ။ ဒါပေမယ့် ယုံကြည်မှု လွန်ကဲခြင်းတော့မဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။

၎။ Have a plan (အစီအစဉ် ရှိရပါမယ်)
ကဲ အခုဆိုရင် သင့်ရဲ့ အိပ်မက်သေးသေးလေးတွေ ဖြစ်မြောက်လာဖို့အတွက် ဘာတွေလုပ်ဖို့လိုသေးလဲဆိုတာတွေကို ချရေးပါ။ 

ထိုထဲကမှ ဦးစားပေးအလိုက် ဘာကိုတော့ အရင်ပြုလုပ်သင့်တယ် ဆိုတာကို ရွေးချယ်ပြီး ဘယ်လိုသွင်းအားစုတွေ လိုနိုင်မလဲ ဆိုတာစဉ်းစားဖော်ထုတ်ပါ။ သွင်းအားစုနည်းနည်းနဲ့ အကျိုးဖြစ်ထွန်းမှုများ နိုင်တာကို စတင်ပြီးလုပ်ဆောင်ရ ပါမယ်။ 
သွင်းအားစုတွေကတော့ လူအင်အား၊ ငွေအင်အား၊ နည်းပညာအင်အား၊ အသုံးပြုရမည့် ပစ္စည်းအင်အား၊ စိတ်ဓာတ်အင်အား၊ ချိတ်ဆက်မှု အင်အား နှင့် အချိန်အင်အား တို့ဖြစ်ပါတယ်။ အစီအစဉ်လုပ်မနေပါဘူးကွာ ဖြစ်သလို လုပ်တာပေါ့ဆိုရင်တော့ ဖြစ်ချင်တဲ့ အိပ်မက် မဖြစ်ပဲ ဖြစ်သလိုအိပ်မက်ပဲဖြစ်လာပါလိမ့်မယ်။ အစည်းအဝေးတစ်ခုတောင်မှ သေချာမစီစဉ်ထားလျှင် ကမောက်ကမ ဖြစ်နိုင်ပြီး သင့်ရဲ့ဘ၀ဆိုရင်တော့ ပိုဆိုးသွားမှာပါ။ 

ဒါ့ကြောင့်မိတ်ဆွေ အသေးစိတ် မဟုတ်ရင်တောင်မှ သင်လျှောက်မယ့်လမ်းမှာ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်လုပ်မယ်ဆိုတဲ့ အဆင့်လိုက်အစီအစဉ် လေးတော့ ရေးဆွဲထားပါ။

၅။ Inspire and motivate yourself (သင့်ကိုယ်သင် တိုက်တွန်း နှိုးဆော်ပါ)
သင်ရဲ့ အိပ်မက်တွေဖြစ်လာဖို့အတွက် ပြုလုပ်ရမယ့် အရာတွေထဲကမှ လွယ်ကူမယ့်အရာတွေနဲ့စတင်ပါ။ 
ဒါဟာ သင့်ကိုယ်သင့် အိပ်မက်တွေဖြစ်အောင် လုပ်ဆောင်ဖို့အတွက် တိုက်တွန်း နှိုးဆော်ခြင်းဖြစ်ပါတယ်။ ပြီးတော့ သင်နှစ်သက်စွာ လုပ်ချင်တဲ့ အလုပ်တွေကနေစလုပ်ပါ။ 
တဖြည်းဖြည်း နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ကိုယ်မလုပ် ချင်တာတွေ (သင့်ဘ၀အတွက်လုပ်ဖို့လိုသောအရာတွေ) ပါ စမ်းသပ်လုပ်ကြည့်လာနိုင်အောင် တိုက်တွန်းနှိုးဆော်လာ နိုင်ပါလိမ့်မယ်။ သင့်ရဲ့အိပ်မက် ကိုပြန်သတိရပေးပါ၊ ပြန်စဉ်းစားပေးပါ။ 
ဒါ့အပြင် သင်အားကျရတဲ့ သူတွေရဲ့ဘ၀တွေကို သတိရ ကြည့်ပါ။ ဒါဟာသင်ဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်ဖို့ အားဆေးတစ်ခွက်ပဲဖြစ်ပါတယ်။

၆။ Network (မိတ်ဖွဲ့ပါ)
တစ်နေ့မှာ သင်ဖြစ်ချင်တာ ဖြစ်လာဖို့ဆိုရင် သင့်မှာမိတ်ဆွေကောင်းတွေရှိဖို့လိုပါတယ်။ ဥပမာ သင်ဟာ တစ်နေ့မှာ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တဲ့သူတစ်ယောက်ဆိုပါတော့ သင့်မှာ သင်အိပ်မက်အတွက် တိုင်ပင်ဆွေးနွေးနိုင်မဲ့ မိတ်ဆွေတွေ အကြံညဏ်ယူလို့ရနိုင်မယ့်သူတွေ များများရှိခြင်းအားဖြင့် သင့်စိတ်ကူးတွေတစ်ကယ်ဖြစ်လာ ဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ။ 
ဒါ့ကြောင့် မိတ်ဆွေကောင်းတွေကို ရှာဖွေမိတ်ဖွဲ့ထားဖို့လိုအပ်ပါတယ်။

၇။ Build Personal Development (သင့်ကိုယ်သင် ဖွံ့ဖြိုးအောင် တည်ဆောက်ပါ)
သင့်ကိုယ်သင် ဖွံ့ဖြိုးအောင် တည်ဆောက်ပါဆိုလို့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ဖို့ပြောတာ မဟုတ်ပါဘူး။

 သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့ အရည်အချင်းတွေ၊ တိုးတက်ဖို့လိုနေတဲ့ စွမ်းရည်တွေကိုတည်ဆောက်ဖို့ပြောတာပါ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်တော့ ဖြစ်ချင်တယ် အသေးစားစီးပွားရေး တစ်ခုစတင်ဖို့ဘာတွေလိုအပ်လည်းဆိုတာတောင်မသိရင် အဆင်မပြေပါဘူး။ 

ထို့အတူ လုပ်ငန်းတစ်ခု တိုးချဲ့ဖို့ ဘယ်လိုအချက်တွေ လိုအပ်လည်း မသိဘူးဆိုရင်လည်း မဖြစ်ပါဘူး။ ဒါ့ကြောင့် သင့်မှာ လိုအပ်နေတာတွေကို ဖွံ့ဖြိုးအောင် တည်ဆောက်ထားဖို့ လိုပါတယ်။

၈။ Read (စာဖတ်ပါ)
သင်တစ်နေ့မှာ ဘာပဲဖြစ်ချင်ဖြစ်ချင် သင်ဖြစ်ချင်တာဖြစ်နိုင်ဖို့ မဖြစ်မနေလုပ်ရမှာကတော့ စာဖတ်ရမှာပါ။ စာဖတ်တဲ့နေရာ မှာမှ သင့်အတွက် အကျိုးပြုမဲ့စာပေမျိုးကို ရွေးချယ်ပြီးဖတ်တာက ပိုပြီးတော့ သင့်အိမ်မက်အတွက် ပံ့ပိုးပေးနိုင်ပါတယ်။ 

အထွေထွေ ဗဟုသုတအတွက်၊ သင့်ဘ၀ရပ်တည်ရေး လုပ်ငန်းအတွက်၊ ကျန်းမာရေး၊ နိုင်ငံရေး ဒီအရာတွေအားလုံးကို စာဖတ်ခြင်းဖြင့် သင်သိနိုင်ပါတယ်။ ပြီးတော့ သင်ဟာ စာဖတ်ခြင်းကြောင့် အခြားစာမဖတ်သူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေသလို ခံစားရပါ လိမ့်မယ်။

၉။ Stay healthy (ကျန်းမာရေး)
“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းဟာ ကျွန်တော်တို့အားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလဒ်တစ်ခုပါ။ ယနေ့ အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်ပါ။ 
သင့်တင့်တဲ့ကျန်းမာရေးလိုက်စားမှုတွေရှိတာကို သင်တွေ့ရပါလိမ့်မယ်။ သင်ဘယ်လောက် ပဲအောင်မြင်ပါစေ ကျန်းမာရေးမကောင်းရင် အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ကောင်းကောင်းခံစားနိုင် မှာမဟုတ်ပါဘူး။ 

ဒါ့ကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်မယ့် အရာတွေကို သတိထားဖို့လိုပါတယ်။ ပြီးတော့ သင်နှစ်သက်ရာလေ့ကျင့်ခန်းကို ပုံမှန် လေ့ကျင့်ပေးခြင်းဖြင့် သင့်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်။

 အောင်မြင်ချင်တဲ့ လူတစ်ယောက်အတွက် ကျန်းမာခြင်း ဆိုတာ မဖြစ်မနေ လိုအပ်တဲ့ အရေးကြီးတဲ့ အရာတစ်ခုပါ။

၁၀။ The earlier you start, the farther you can go (သင်စောစော စတင်နိုင်လေ ဝေးဝေးကို ပိုရောက်အောင်သွားနိုင်လေပါပဲ)
သင်တစ်နေ့မှာ ဖြစ်ချင်တဲ့အရာ ဖြစ်ဖို့ဆိုရင်တော့ ဟိုတစ်ခု မပြည့်စုံသေးလို့၊ အချိန်မရှိသေးလို့၊ နောက်လမှလုပ်မယ် စသည်ဖြင့် အချိန်ဆွဲ နေတာတွေကိုရပ်ပြီးတော့ အခုပဲစတင်ဖို့လိုအပ်ပါတယ်။ 

သင်တစ်ရက်စောပြီး စတင်နိုင်ရင် သင့်တစ်နေ့မှာ ဖြစ်ရမယ် လို့မျှော်လင့်ထားတဲ့အရာကို တစ်ရက်စောပြီးမြန်မြန်ဆွတ်ခူးနိုင်မှာပါ။ ဒါ့ကြောင့် သင်ဒီနေ့ပဲ သင့်မှာရှိတဲ့ အရာတွေနဲ့ လုပ်လို့ရတာတွေကို အရင်လုပ်ထားဖို့လိုပါတယ်။ အားလုံးပြည့်စုံမှ စတင်လုပ်ဆောင်မယ် ဆိုရင်တော့ ရပ်တန့်မနေတဲ့ အချိန်နာရီတွေက သင့်ရဲ့နုပျိုမှုနဲ့ အခွင့်အရေးတွေကို ၀ါးမြိုသွားပါလိမ့်မယ်။ 
စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ စတင်ဖို့ အကောင်းဆုံး အချိန်က အခုအချိန်ပါပဲမိတ်ဆွေ။ အခုပဲ တစ်ချက်လောက် အသက်ခပ်ပြင်းပြင်းရူပြီး စတင်လိုက် ပါတော့..။
ဒီအချက် (၁၀) ချက်ကတော့ သင့်အိပ်မက်တွေ တကယ်ဖြစ်လာမယ် လို့ပြောလို့ရပါတယ်။ တကယ်လုပ် အဟုတ်ဖြစ်ပါတယ်၊ သင့်အနေနဲ့ တစ်ချိန်မှာ သင်ဖြစ်ချင်တာဖြစ်ဖို့ အခုအချိန်မှာ အနစ်နာခံပြီး စတင်အကောင်အထည်ဖော်ဖို့လိုပါတယ်။ သင်ဖြစ်ချင်တဲ့အိမ်မက်က ကြီးမားတယ် ဆိုရင် ပိုပြီးစနစ်တကျလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့အများစုကတော့ ဖြစ်ချင်တာတော့ရှိပါတယ် နောက်ဆက်တွဲအလုပ်ကမပါတော့ ဖြစ်ချင်လိုက်တာ ဆိုတာနဲ့ တင်ရပ်တန့်သွားကြတယ်။
 မေးပါရစေ သင်ကော သင့်ရည်မှန်းချက်၊အိမ်မက်တွေကို ဖြစ်အောင်လုပ်မလား ဒါမှမဟုတ် ဖြစ်ချင်လိုက်တာ ဆိုတာနဲ့တင် ရပ်တန့်သွားမှာလား……?
(ဖြိုးမင်းသူ - BGL)
Ref: Myanmar-network.net

ဖယောင်းတိုင် လေးတိုင်..။



ဖယောင်းတိုင်လေးတိုင်စလုံးဟာ ဖြည်းညှင်းစွာ လောင်ကျွမ်းနေပါတယ် ။ သူတို့ဘာတွေပြောလဲ နားထောင်ကြည့်ရအောင် ။ 

ပထမ ဖယောင်းတိုင်ကပြောတယ် 

“ ငါက ငြိမ်းချမ်းရေးပါ ဘယ်သူတွေက ဘယ်လိုပဲငါ့ကို ထွန်းညှိပေမယ့် ငါ ယုံကြည်တယ် ငါသွားရမှာပဲ ” ဒီလိုနဲ့ ပထမယောင်းတိုင် ဟာ လေတချက်အဝှေ့မှာ မီးစာငြိမ်းပြီး ငြိမ်သက်သွားတယ် ။ 

ဒုတိယဖယောင်းတိုင်ကပြောတယ် 

“ ငါက သစ္စာရှိမှုပါ အရာအားလုံးဟာ တည်မြဲမှုမရှိဘူးဆိုတာ ငါက ပြသတယ် ငါ အမြဲ မထွန်းလင်းနိုင်ဘူးတချိန်သေဆုံးရမှာကိုလည်းငါသိတယ် ” အဲဒီလိုပြောပြီး ဒုတိယဖယောင်းတိုင်လည်းမီးငြိမ်းသွားပါတယ် ။ 

တတိယ ဖယောင်းတိုင်ကဆက်ပြောတယ် 

“ ငါက ချစ်ခြင်းမေတ္တာပါ ငါ့မှာ ဆက်လက်ထွန်းလင်းဖို့ အတွက် အင်အားမရှိပါဘူး လူတွေက ငါ့ကိုဘေးမှာ ထားပြီးငါ့အသုံးဝင်ပုံကိုနားမလည်ကြဘူး အဲဒီလိုပဲ လူတွေက သူတို့အနီးဆုံမှာ ရှိနေတဲ့ အ၇ာတွေကို ချစ်ဖို့ မေ့နေတတ်ကြတယ် ” ၀မ်းနည်းစွာ နဲ့ပြောပြီး တတိယဖယောင်းတိုင်လည်း မီးငြိမ်းပြီး ငြိမ်သက်သွားပါတယ် ။ 

ရုတ်တရက်ချက်ချင်းပဲ ကလေးငယ်တစ်ယောက်က အခန်းထဲကို ၀င်လာပြီး ဖယောင်းတိုင် ၃ တိုင် ဟာ မီးမတောက်ဘူးဆိုတာ တွေ့လိုက်ရတယ် ။ ကလေးငယ်က ၀မ်းနည်းစွာနဲ့ပဲ “ မင်းတို့ဘာလို့ မလင်းကြတော့တာလဲ ငါက မင်းတို့အဆုံးထိ ထွန်းလင်းကြမယ် ပဲ ထင်နေတာ ” ဆိုပြီး ၀မ်းနည်းစွာနဲ့ပြောတယ် ။ 

အဲဒီအခါ စတုတ္ထမြောက်ဖယောင်းတိုင်က ကလေးငယ်ကိုပြောတယ် ။ 

“ မကြောက်လန့်ပါနဲ့ ကလေးရယ် ငါက ကိုယ်တိုင်လောင်ကျွမ်းခံနေရချိန်မှာတောင် တပါးသူကို ပြန်ပြီးအလင်းရောင် ထွန်းညှိပေးနိုင်ပါတယ် ငါ့နာမည်က မျှော်လင့်ခြင်းပါ ” တဲ့ ။ ကောင်လေးရဲ့ မျက်လုံးတွေတောက်ပသွားပြီး အဲဒီဖယောင်းတိုင်ကိုယူလို့ တခြားဖယောင်းတိုင်တွေကိုပါ ထွန်းညှိပေးလိုက်ပါတော့တယ် ။ 

မျှော်လင့်ခြင်း အလင်းရောင်ဆိုတာ ဘ၀မှာ ဘယ်တော့မှ သေဆုံးသွားခြင်းမရှိပါဘူး။ 

Credit;သက်တန့်ချို

Wednesday 27 July 2016

ရှုံးနိမ့်သွားတဲ့ အခါ...။



အရှုံးဆိုတာ လူတိုင်းထိတွေ့ဖူးတဲ့အရာပါ။ အောင်မြင်ချင်တဲ့သူမှာတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီးတွေ့ရတတ်ပါတယ်။ 
ဒါပေမယ့် ဘဝဆိုတဲ့ ကစားပွဲတစ်ခုမှာတော့ အရှုံးတွေဟာ သင့်ကို အဆုံးသတ်အောင် လုပ်လို့မရပါဘူး။
.
စီးပွားရေးကြောင့် ရှုံးနိုင်တယ်။ လူမှုရေးကြောင့် ရှုံးနိုင်တယ်။ နှလုံးသားရေးကြောင့် ရှုံးနိုင်တယ်။ အရှုံးနဲ့ကြုံရပြီဆိုရင် မေးရမှာတစ်ခုက ဒီအရှုံးကနေ ရုန်းထွက်မလား။ 
ဒီအရှုံးကြားမှာပဲ နစ်ဝင်နေမလားဆိုတဲ့ မေးခွန်းပါပဲ။ ဒီကစားပွဲမှာ သင်ကိုယ်တိုင် လက်နက်မချမချင်း ဘယ်သူကမှ သင့်ကို အနိုင်တိုက်ယူလို့မရပါဘူး။
.
(၁) ငိုကြွေးလို့ရပါတယ်။

ငိုကြွေးခြင်းဟာ ပျော့ညံ့ခြင်းလို့ တစ်သတ်မှတ်တည်း ပြောလို့မရပါဘူး။ ငိုကြွေးခြင်းဟာ သင့်ရဲ့ခံစားချက်တွေကို ဖွင့်ထုတ်ရာရောက်တယ်ဆိုရင် ငိုကြွေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ အငိုတိတ်ရမယ်ဆိုတာ သင်သိထားဖို့ လိုပါမယ်။
.
(၂) ဘေးမှာ ချစ်တဲ့သူတွေရှိတယ်။

အရှုံးဟာ အထီးကျန်ဝမ်းနည်းမှုကို အားပေးပါတယ်။ သင့်ကိုယ်သင် အသုံးမကျတဲ့သူတစ်ယောက်၊ အရေးမပါတဲ့သူတစ်ယောက်လို ခံစားချင်လည်း ခံစားရပါမယ်။ 
ဒါပေမယ့် သင့်ရဲ့ဘေးမှာ သင့်ကိုချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေရှိနေသေးတယ်ဆိုတာ အမြဲသတိရသင့်ပါတယ်။
.
(၃) အနားယူပါ။

စိတ်ပင်ပန်းမှု၊ နှလုံးသားနွမ်းနယ်မှုတွေဟာ သင့်ကို နောက်ထပ်ခြေလှမ်းတွေ မလှမ်းချင်တော့ရလောက်အောင် ပင်ပန်းစေပါတယ်။ ဒီအချိန်မှာ လိုအပ်နေတာ အနားယူမှုပါ။ 
ချက်ချင်းကြီး ရုန်းကန်ထဖို့ အားထုတ်တာထက်စာရင် ပင်ပန်းမှုတွေကို ခဏလောက် အပန်းဖြေသင့်ပါတယ်။
.
(၄) သုံးသပ်ပါ။

ခံစားမှုတွေ လျော့စပြုလာတဲ့အခါမှာတော့ ရှုံးနိမ့်ခဲ့ရတဲ့ အဖြစ်အပျက်၊ နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး သုံးသပ်ပါ။ 
ကိုယ်ဘာတွေ လုပ်ခဲ့လဲ၊ ဘာတွေ လိုအပ်ခဲ့လဲ၊ ဘာတွေ ပြုပြင်ဖို့ကော လိုမလဲ။ အရှုံးတွေဟာ သင့်ကို ပျော့ညံ့စေတဲ့အရာမဟုတ်ဘဲ သန်မာစေတဲ့အရာတွေဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားရပါမယ်။
.
(၅) ပိုကောင်းတဲ့အရာတွေ ရှိတယ်။

ဒီနေ့မှာ ဘာကိုမှရင်မဆိုင်ချင်ရလောက်အောင် ရှုံးနေပေမယ့် ပိုကောင်းတဲ့ အနာဂတ်တွေရှိတယ်ဆိုတဲ့အကြောင်း သင်လက်ခံထားရပါမယ်။

အမှောင်နေ့ရက်တွေထဲမှာပဲ ဘဝကို နစ်မွန်းမခံလိုက်ပါနဲ့။ အရှုံးဆိုတာ သင်ခံစားဖူးသလိုပဲ ထိတွေ့ဖို့ကောင်းတဲ့အရာတွေထဲမှာ မပါပါဘူး။
.
(၆) ဒါတွေဟာ ခဏပါ။

ဝမ်းနည်းမှုတွေ၊ အားငယ်မှုတွေ၊ နာကျင်မှုတွေ။ ဒီခံစားချက်တွေအောက်မှာ ထပ်ပြီး ဒူးမထောက်လိုက်ပါနဲ့။ ဒီအရှုံးတွေဟာ
ခဏတာပါ။ သင့်ရဲ့ဘဝအဆုံးသတ်မဟုတ်ပါဘူး။
 (Focus Youth)
Ref: SN

သူနားမလည်တာ ကိုယ်အားငယ်ဖို့ မဟုတ်ပါ...။


“အချစ်ဆိုတာ နားလည်ခြင်းပဲ”တဲ့။ ဟုတ်တယ်။ ဘယ်မှာပဲဖြစ်ဖြစ် နားလည်မှုတွေ
လွဲရင် အချစ်တွေနည်းလာတတ်ပါတယ်။ အချစ်နည်းရင် အပြစ်တွေလည်း တွဲလာတတ်ပါတယ်။ 

အပြစ်တွဲရင် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ပဲ လာတတ်ပါတယ်။ ဒါကြောင့် ဘဝမှာ အားလုံးဟာ 
အချင်းချင်း နားလည်မှုတွေနဲ့ ဆက်ဆံကြရမှာပါ။ 
ဒါပေမယ့် တစ်ခါတလေ ကိုယ်ကနားလည်မှုတွေ 
ပေးပေမယ့် တစ်ဘက်က နားမလည်လို့ အားငယ်ရတာတွေလည်း ရှိတတ်ပါတယ်။ 
ကိစ္စမရှိပါဘူး။

 သူနားမလည်တာ ကိုယ်အားငယ်ဖို့မှ မဟုတ်တာ။ ကိုယ့်ဘက်က လုပ်နိုင်တဲ့၊ လုပ်သင့်တဲ့ 
အလုပ်ကို လုပ်တာပဲမဟုတ်လား။ နားလည်မှု ပေးတယ်ဆိုတာ ကိုယ့်ဘက်ကလုပ်ရမယ့် အလုပ်ပါ။ 

နားလည်တာနားမလည်တာက သူ့ဘက်က အလုပ်ပါ။ ကိုယ်ကနားလည်မှုပေးရင် အရင်ဆုံး 
ကိုယ်ခံစားနေရတဲ့ အလိုမကျမှု၊ မကျေနပ်မှု၊ အစာမကြေမှုတွေ လျော့သွားမှာပါပဲ။ 
ကိုယ့်ဘက်က စစ်မှန်တဲ့ စေတနာနဲ့ မေတ္တာမပျက်ဘဲ သီးခံမှုလေးတွဲပြီး နားလည်ပေးနိုင်ရင် အချိန်တန်တဲ့အခါ သူ့ဘက်ကလည်း နားလည်မှုတွေ ပြန်ပေးလာမှာ အသေအချာပါပဲ။
ဒါကြောင့် နားလည်မှုလွဲလို့ အားငယ်မှုတွေ တွဲနေကြတဲ့သူတွေအနေနဲ့ ဘာမှအားငယ်စရာ မရှိပါဘူး။

သူနားမလည်တာ ကိုယ်အားငယ်ဖို့ မဟုတ်ပါဘူး။ ကိုယ်နားလည်ပေးတာ ကိုယ့်ကိစ္စ၊ 
သူနားမလည်တာ သူ့အပိုင်း၊ ကိုယ့်သမိုင်းကိုယ် မရိုင်းဖို့ပဲ ကြိုးစားကြတာပေါ့။
 ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 
Ref: Young Buddhist Association
 

ဝေဖန်ရေး အစစ်အမှန်..။



သင် ပစ္စည်းတစ်ခုကို တီထွင်လိုက်တယ်။ ဒါမှမဟုတ် စာတစ်ပုဒ် ရေးလိုက်တယ်။ ပြီးရင် အဲဒါကို ကောင်းသလား၊ မကောင်းဘူးလား သိချင်လို့ မိတ်ဆွေအပေါင်းအသင်းတွေကို လိုက်မေးကြည့်လိုက်ပါ။ 

ဘာအဖြေရမယ် ထင်သလဲ။ အများစုက ကောင်းတယ်လို့ ပြောကြမယ်။ ဘာဖြစ်လို့လဲ။ အခင်အမင် ပျက်မှာစိုးလို့၊ ဆက်ဆံရေး ထိခိုက်မှာ စိုးလို့၊ သင် စိတ်မကောင်းဖြစ်မှာ စိုးလို့ သင့်ပစ္စည်းမကောင်းရင်လည်း ကောင်းတယ်လို့ပဲ ဖြေကြမှာပါ။ 

လူ့သဘာဝက အမှန်အတိုင်း ပြောရမှာထက် သူတပါးကို စိတ်မဆင်းရဲစေချင်တဲ့ ဆန္ဒက ပိုပါတယ်။
သင့်ပစ္စည်းကောင်း မကောင်းကို တကယ်ပဲ သိချင်ရင် စောစောကလို ကောင်းသလား မကောင်းသလားဆိုတဲ့ မေးခွန်းအစား "ပစ္စည်းမှာ ဘာချို့ယွင်းချက်တွေ ရှိသလဲ။ 

ဘာတွေကို ပိုကောင်းအောင် လုပ်လို့ ရမလဲ" ဆိုတဲ့ မေးခွန်းမျိုး မေးကြည့်ပါ။ သင့်မိတ်ဆွေတွေဟာ သင့်အကျိုးကို တကယ်လိုလားသူဖြစ်ရင် သူတို့တွေ့မြင်ထားတာတွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြပါလိမ့်မယ်။

သူတို့ပြောကြတာတွေဟာ သင် မျော်လင့်ထားတဲ့ အဖြေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သူပြောတာ အမှန်အကန်ဆိုရင် လက်ခံလိုက်ပါ။ မမှန်ဘူးဆိုတော့လဲ ဂရုမစိုက်ပဲ နေလိုက်ပါ။ ဒါပေမဲ့ သင့်ပစ္စည်းကို ပိုကောင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ သိလာမယ်။ 

ချို့ယွင်းချက်ကို ပြင်ဖို့ အခွင့်အရေးတွေ ရလာလိမ့်မယ်။
ဒါကြောင့် သင့်ဘဝမှာ တိုးတက်ချင်ရင် သူများတွေရဲ့ ချီးကျူးမှုကို မရှာပါနဲ့။သူတို့ရဲ့ ဝေဖန်မှုကို ရှာပါ။
Ref: ဗန်းမော်သိန်းဖေ

မှတ်သားဖွယ် စကားတစ်ခွန်းကြားဖူးတယ်..။


" ဘယ်အရာကိုမှ မလိုချင်ရင် သင့်မှာ အရာအားလုံးပြည့်စုံနေလိမ့်မယ်
တစ်ခုခုကို လိုချင်နေပြီဆိုရင်တော့ လိုချင်နေသမျှ စိတ်ဆန္ဒနဲ့ထပ်တူ သင့်မှာ ကွက်လပ်တွေဖြစ်ပေါ်လာလိမ့်မယ် " တဲ့ 
တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ အရာအားလုံးဟာ 
( ရွှေ ၊ ငွေ ၊ ရာထူး ၊ ဂုဏ် တွေက အစ ) 
တကယ့် ပိုင်ဆိုင်မှု အစစ်တွေမဟုတ်ကြဘူး 
တကယ့်ပိုင်ဆိုင်မှုအစစ်ဖြစ်တဲ့ 
မေတ္တာတရား ဆိုတဲ့ သူတစ်ပါးကို အေးချမ်းစေလိုတဲ့စိတ်
စေတနာတရား ဆိုတဲ့သူတစ်ပါးကို ကောင်းစားစေလိုတဲ့စိတ်
မုဒိတာတရား ဆိုတဲ့သူတစ်ပါးကောင်းစားရင်ကိုယ်ပါ ၀မ်းသာကြည်နူးတတ်တဲစိတ်
အဲ့ဒီစိတ် ၃ ခုကိုသာ တစ်နေ့ထက်တစ်နေ့ တိုးပွားအောင်ကြိုးစားကြရမှာပါ 
သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ် ။

အဓိကကို မမေ့ပါနှင့်..။




တစ်ခါက နွားကျောင်းသားတစ်ယောက်သည် တောင်ကမ်းပါးတစ်ခုတွင် ထူးဆန်းသော ပန်းတစ်ပွင့်ကို တွေ့ရှိပြီး ထိုပန်းကို ခူးဆွတ်လိုက်သည်။

 ထိုပန်းသူ့လက်ထဲရောက်ရှိပြီး ချက်ခြင်းဆိုသလိုပင် တောင်နံရံမှ ဂူပေါက်တစ်ခုပွင့်သွားပါသည်။ ဂူထဲသို့ သူဝင်ရောက်သွားသော အခါတွင် စိန်ပုံကြီးတစ်ပုံကိုတွေ့ရသည်။ 

သူသည် လူလက်ထဲမှ ပန်းပွင့်ကို ကျောက်ဖျာ တစ်ခုထက်တွင်တင်လိုက်ပြီး စိန်များကို သိမ်းကျုံးကောက်ယူလိုက်ပါသည်။ စိန်များတစ်ပွေ့တစ်ပိုက်ဖြင့် ထွက်လာသည်တွင် အသံတစ်ခုပါထွက်လာသည်။

“အဓိကကိုမမေ့နဲ့”
သို့ဖြင့် သူသည် နောက်သို့တစ်ချက်ငံ့ကြည့်လိုက်သည်။ အကြီးဆုံးစိန်တုံးများ ကောက်ယူထားပြီးဖြစ်သော်လည်း ထိုစိန်တုန်းကြီးများမှ အကြီးဆုံးစိန်တုန်းကို ကောက်ယူလိုက်ပြန်ပါသည်။
 ထို့နောက် ဂူထဲမှ ထွက်လာခဲ့သည်။ သူအပြင်သို့ရောက်သည်နှင့် ဂူပေါက်မှာ လုံးဝ ပိတ်သွားပြီး သူ့လက်တွင်းမှ စိန်တုန်းများ အမှုန့်ဖြစ်ပြီး ပျောက်ပျယ်သွားပါသည်။

တကယ်တန်း အဓိက ကျခဲ့သောအရာမှာ ထိုထူးဆန်းသော ပန်ပွင့်ဖြစ်ပါသည်။ ထိုပန်းပွင့်ကြောင့်သာလျှင် ဂူပေါက်ပွင့်ပြီး စိန်တုန်းများကို တွေ့ရခြင်းဖြစ်ပါသည်။ 

သို့သော် ထိုပန်းကို မေ့ကျန်စွန်ပစ်မိခဲ့သည်နှင့် ကျန်အရာအားလုံးအလကားဖြစ်သွားရပါသည်။
          ဘဝတွင် လူများစွာတို့သည် ဧရာမ တံခါးမကြီးကို ပွင့်စေပိတ်စေနိုင်သော သော့တံကလေးကို မေ့နေတက်ကြပါသည်။

 သော့တံကလေး၏ အကျိုးပြုမှု သော့တံကြောင့်သာ တံခါးပွင့်မှု (ဝါ) ဘဝလမ်းကြောင်းပွင့်မှုကို သတိမှောက်ပြီး လျှစ်လျှူရှုထားတက်ကြပါသည်။

ပြောချင်တာကတော့ အောင်မြင်မှုတစ်ခုခုရရှိခဲ့ရင် ကိုယ်ဘာကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုအောက်မြင်မှုရခဲ့တယ်ဆိုတာကို ဘယ်တော့မှ မမေ့သင့်တဲ့အကြောင်းကို ပြောခြင်းဖြစ်ပါသည်။
ရေးသားသူ - ကျော်ရဲပိုင်

သူမ...။



သူမရဲ့
အပြုံးလေးတစ်ချက်မှာ
ငါအရာအားလုံးကို ရင်ဆိုင်ရဲခဲ့တယ်..။

သူမရဲ့
အကြည့်လေးတစ်ချက်မှာ
ငါ့နှလုံးသားတစ်စုံ
လွတ်ကျခဲ့တယ်..။

သူမရဲ့
စကားသံလေးတွေ အောက်မှာ
ငါ့ဘ၀တစ်ခုလုံးမေ့မော သာယာခဲ့တယ်..။

နောက်ပြီး..

သူမရဲ့..........သူမရဲ့..........သူမရဲ့...သူမရဲ့....

မဆုံးနိုင်တဲ့ ညှို့ငင်မှုတွေအောက်မှာ
ငါဟာ....နစ်မျောရင်း...။

ကိုယ်က မှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး...။



တစ်ခါတစ်လေ မိမိကိုယ်ကိုယ် မှန်နေတယ်လို့ ထင်လိုက်တိုင်း တစ်ခြားသူတွေရဲ့ လုပ်ရပ်တွေကို မှားနေတယ်လို့ ထင်မြင်မိကြတယ်။ တကယ်တော့ တစ်ခြားတစ်ဖက် အပေါ်ကို မငှဲ့ကွက်ဘဲ မိမိအတွက်သာ စဉ်းစားလိုက်တဲ့ အချက်တစ်ခုသာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြဿနာတစ်ခု ရှိတိုင်း သူ့ဘက်ရော ကိုယ်ဘက်ပါ ညီမျှအောင် စဉ်းစားမှသာ အကောင်းဆုံးနဲ့ နည်းလမ်းအမှန်ဆုံး အဖြေတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိမိဘက်ကိုပဲ စဉ်းစားနေတယ် ဆိုရင် ဘယ်လောက်ပဲ မှန်နေမှန်နေ တရားမျှတသော ဆုံးဖြတ်ချက် တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် မိမိရဲ့ ဆုံးဖြတ်ချက်သည် အကောင်းဆုံးနဲ့ နည်းလမ်း အမှန်ဆုံး ဖြစ်အောင် တစ်ခြားတစ်ဖက်ကိုပါ ကြည့်၍ ထည့်သွင်း စဉ်စားစေချင်ပါတယ်။

စိတ်နေသဘောထား..။

လူတစ်ဦးတစ်ယောက် တိုးတက်မှုမတိုးတက်မှု အဆင့်အတန်းမြင့်မှု နိမ့်မှု ဆိုတာ သူ့ရဲ့စိတ်နေသဘောထားက ရာခိုင်နှုန်း ၁၀၀% အထိ သက်ဆိုင်ပါတယ်။

စိတ်နေသဘောထားနိမ့်တဲ့သူဟာ သူလုပ်နေရ သူပြုမူဆက်ဆံနေရတဲ့ နယ်ပယ်ထဲမှာ တန်ရာတန်ကြေးပဲတွက်တယ်။

သူ့တာဝန်ပြီးသွားရင်ပြီးရောဆိုပြီး ပြီးစလွယ်လုပ်လေ့ရှိပါတယ်။

လူမြင်ရင်တစ်မျိုး မမြင်ရင်တစ်မျိုးလုပ်လေ့ရှိပါတယ်။ တစ်ချို့က ရာထူးကြီးကြီးရထားတယ်။ ပညာလည်းတတ်တယ်။ ၀င်ငွေလည်း သူများနည်းတူရှိတယ်။ 

ဒါပေမယ့် မကြီးပွားဘူး။ အခြွေအရံမရှိဘူး။ 

အဲဒီလိုလူမျိုးကိုလေ့လာကြည့်တဲ့အခါ သူလုပ်နေရတဲ့အလုပ် သူနေနေရတဲ့ ပတ်ဝန်းကျင်ကို တန်ရာတန်ကြေးပဲတွက်တယ်။ ပြီးစလွယ်ပဲ အလုပ်လုပ်တယ်။ သူများထင်သာ မြင်နိုင်လောက်တဲ့နေရာကိုပဲ အလုပ်လုပ်လေ့ရှိပါတယ်။ စိတ်နေသဘောထားနိမ့်တော့ တန်ရာတန်ကြေးပဲတွက်တယ်။

တန်ရာတန်ကြေးပဲတွက်တော့ စေတနာမမြောက်ဘူးပေါ့။ စေတနာမမြောက်တော့ သူ့အတွက် ကောင်းကံလည်း မပွင့်နိုင်ဘူးပေါ့။ နောက်ဆုံးတော့ စိတ်ထားလည်းနိမ့် လူလည်း အဆင့်နိမ့်တဲ့ဘ၀ ရောက်သွားရတယ်။

မကောင်းမှု အမြစ်တွယ်..။


တစ်ခါတော့ ကလေးတွေကို ထိန်းကျောင်းတဲ့နေရာမှာ နာမည်ကြီးတဲ့ ဆရာကြီးတစ်ယောက်ဆီကို ကလေးလေးတစ်ယောက် စာတစ်စောင်နဲ့ရောက်လာတယ်။

စာထဲမှာပါတာကတော့ " ကျွန်မ သမီးလေးမှာ မကောင်းတဲ့ အကျင့်ဆိုးလေးတွေ ရှိပါတယ်။ သူက အဲဒါကို မကောင်းမှန်းလဲ သိပါတယ်။ ဒါပေမယ့် ပြောလို့မရဘူး ဆရာကြီး ကူညီပါ "

စာကို ဖတ်ပြီးတာနဲ့ ဆရာကြီးက လွှင့်ပြစ်လိုက်တယ်။ ပြီးတော့ ကောင်မလေးကို သူ့အိမ်နောက်ဖေးက ပန်းခြံလေးထဲကို ခေါ်သွားတယ်။ ကောင်မလေးက အသက် ၁၂ နှစ်နီးပါးလောက်ရှိပြီ။

ပထမဆုံး ဆရာကြီးက မြက်ပင်လေးတစ်ပင်ကို ပြတယ်။ အဲဒီအပင်ကို အမြစ်ကနေ ဆွဲနှုတ်လိုက်လို့ပြောတယ်။ ကောင်မလေးကတော့ အေးဆေးပဲ လက်နှစ်ချောင်းနဲ့ ဆွဲနှုတ်လိုက်တယ်။

နောက်တော့ ဆရာကြီးက ပန်းပင်လေး တစ်ပင်ကို ပြတယ်။ ဆွဲနှုတ်ခိုင်းတယ်။ ကောင်မလေးက လက်ငါးချောင်းနဲ့ ဆွဲနှုတ်လိုက်တယ်။

နောက်တော့ ဆရာကြီးက ပန်းချုံတစ်ခုကို ဆွဲနှုတ်ခိုင်းတယ်။ ကောင်မလေးက လက်နှစ်ဖက်နဲ့ အားကုန်သုံးပြီးဆွဲနှုတ်တယ်။တစ်ခါနဲ့မရဘူး။ နောက်ဆုံးတော့ အမြစ်ကနေကျွတ်သွားတယ်။

နောက်ဆုံးတော့ ဆရာကြီးက ခြံထောင့်က သစ်ပင်ကြီးတစ်ပင်ကို အမြစ်ကနေဆွဲနှုတ်ခိုင်းတယ်။ ကောင်မလေးကတော့ မဖြစ်နိုင်ဘူး ဒီသစ်ပင်ကြီးကို ဘယ်လိုနှုတ်ရမှာလဲပေါ့။

ဆရာကြီးက " အေး မကောင်းတဲ့ အကျင့်ဆိုတာလဲ အဲလိုပဲ ငယ်ရွယ်စဉ်မှာ ပြုပြင်ရန် လွယ်ကူပေမယ့် ကြီးလာရင်တော့ အပင်ကြီးလို ပြုပြင်ဖို့ခက်သွားလိမ့်မယ်။ တကယ်လို့ ကိုယ်လုပ်နေတဲ့အပြုတစ်ခုဟာ မကောင်းဘူးဆိုတာကို သိရင် မြက်ပင်လောက်ကတည်းက ရှင်းထားသင့်တယ်။ အဲဒီလိုမလုပ်ဘဲ အပင်ကြီးဖြစ်တဲ့အချိန်မှ ပြန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပဲ "

ကောင်မလေးလဲ အသိတရားရသွားတယ်။ ပြီးတော့ အိမ်ပြန်သွားတယ်။ တစ်ပါတ်လောက်ကြာတဲ့အခါမှာ ဆရာကြီးဆီ စာတစ်စောင်ရောက်လာတယ်။ လက်ရေးကတော့ ကလေးလက်ရေးပါ။ ရေးထားတာက " ဆရာကြီး သမီး မြက်ပင်လေးကို အမြစ်က နှုတ်လိုက်ပါပြီ " တဲ့။ လူနာမည်မပါလဲ ဘယ်သူလဲဆိုတာ ဆရာကြီးသိတယ်။
သူပြုံးလိုက်တယ်။

မောင်စိုင်း

မှတ်သားပါ..။


"အချိန်"ဆိုတာ အမျှတဆုံး အရင်းအမြစ်ဖြစ်တယ်၊
တစ်ရက်ရှင်သန်သူတိုင်း ၂၄နာရီသောအချိန်ကိုရတယ်၊
ဘယ်နေရာမှာ သင်သွန်းလောင်းရင်
သင်သွန်းလောင်းတဲ့နေရာမှာပဲ လှပတဲ့ပန်းတွေဖူးပွင့်ပါလိမ့်မယ်...
တစ်လကို စာအုပ်တစ်အုပ်ပဲဖတ်တယ် ဆိုပါစို့..
၁ဝနှစ်ဆိုရင် အသိပညာတော်တော်များများကို သင်စုဆောင်းမိနေပါပြီ၊
သင်လုပ်လိုတဲ့အလုပ်ကို တစ်နေ့ နည်းနည်းချင်းစီလုပ်ကြည့်ပါ...
ပရော်ဖက်ရှင်နယ်ကျဖို့ မလိုပါဘူး.. အာရုံစူးစိုက်ဖို့ပဲ လိုပါတယ်။

Monday 25 July 2016

သင့်ဘဝမှာ အခက်ခဲ့တွေကို အောင်မြင်ချင်ရင်...။



၁.တိတ်ဆိတ်ခြင်းကို ရွေးပါ။

တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။ တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။

ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီးမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။

၂.တည်ငြိမ်ခြင်းကို ရွေးပါ။

လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာမရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။

ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။

၃.အတိတ်ထဲမှာ တဝဲမလည်ပါနဲ့....

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။

ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။“တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး”လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကိုအကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်းမှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။

၎.ရိုးရှင်းတာကို လက်ကိုင်ထားပါ။

စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့်အတိတ်ကို သင် တမ်းတနေတတ်တယ်။ ဒါမှမဟုတ် အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကိုပစ္စုပန် နဲ့ အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေတယ်။ ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။

ဥပမာ – ရာသီဥတုအပြောင်းအလွဲကို အရေပြား နဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။

၅.ခံစားချက်ကို အလဟသမဖြုန်းနဲ့.....

သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင် ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင် ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ သင် ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင် အာရုံမစိုက်နိုင်တော့ဘူး။စိတ်ပါလက်ပါ သင် အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။

သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ ဖြစ်တယ်။ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှု ဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် “ခံစားချက်ကို အလဟသမဖြုန်းနဲ့” လို့ ညင်ညင်သာသာ သတိပေးပါ။

၆.အချိန်ကောင်းကို ဖမ်းဆုပ်ပါ။

သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှအဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ သင် ထည့်ထားမိတယ် ဆိုပါစို့။ကာလကြာမှ ကိတ်မုန့်စားဖို့ သင် သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာမလုပ်လိုက်ရတဲ့ အလုပ် … ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။ ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။ တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိမ့်မယ်။ သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။

Sunday 24 July 2016

အနာဂတ် အတွက် ဘယ်လိုလုပ်မလဲ..။


လူတယောက်အနေနဲ့ ခနွာကိုယ်တခုရလာရင် မျက်ရည်တွေ အပြုံးတွေ အမုန်းတွေ အချစ်တွေအလွမ်းတွေ ရလာကြတယ်...။

လူတယောက်အနေနဲ့ခနွာကိုယ် တခုရလာရင်လောဘတွေ(အလိုရမက်) ဒေါသတွေ(သည်းခံနိုင်ခြင်းမ၇ှိ) မောဟတွေ
(အမှားအမှန်ခွဲခြားမူမရှိ) ဖြစ်လာကြတယ် လူရယ်ဖြစ်လာရင် တွေးတောဆင်ခြင်မူတွေ ဝေဖန်ထောက်ဆမူတွေရှိသင့်တယ်
ဒါကြောင့်အသက်နဲ့ခနွာကိုယ်တည်သရွေ့ အောက်မကျ နောက်မကျ ပဲမျော်လင့်ချက်ရောင်ခြည်ကိုတူးဖေါ်နေရမယ်။

"အနိုင်ယူဖို့ပါ" အသက်နဲ့ခန္ဓာတည်နေသရွေ့ မျော်လင့်ချက်ရှိနေရမယ် ... ဘ၀ဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး အနိုင်ယူဖို့ပါ။..........။
"သိက္ခာကျတယ်" မရှိရင်တောင်းစားပါ ခိုးမစားပါနဲ့ ... တောင်းစားတာက သိက္ခာမကျဘူး ခိုးစားတာက သိက္ခာကျတယ်.............။
"စဉ်းစားပါ" သူတစ်ပါးတွေက ကိုယ်အတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုမျှော်မနေပါနဲ့ ... ကိုယ်ကသာသူများတွေအတွက်------
ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုသာ စဉ်းစားထားပါ ....။

ရှိပါစေ'သဘာဝကပေးလာတဲ့ အကောင်းအဆိုးလက်ဆောင်တွေကို------မမှိတ်မသုန် လက်ခံနိုင်တဲ့ နှလုံးသားရှိပါစေ .... 
"ကောင်းအောင်နေ သညာခေတ်ကြီးလား တဏှာခေတ်ကြီးလား .?ဘာခေတ်ကြီးပဲဖြစ်ဖြစ် အရေးကြီးတာကမင်းကောင်းအောင်နေပါ..။

"ရပ်တည်ပါ" လူယုတ်မာတွေများတဲ့ လောကမှာလူကောင်း---တစ်ယောက်အဖြစ် ရပ်တည်ပါ ...သူတစ်ပါးသားမယားစော်ကားမှ လူယုတ်မာ မဟုတ်ဘူး. ကျေးဇူးတရားကို မသိတတ်သူကျေးဇူးကန်းသူတွေဟာလည်း လူယုတ်မာပဲ ။ 

"ငြိမ်းချမ်းသူ" မေတ္တာဆိုတာ ယူသွားတဲ့လူတော့မသိဘူး ပေးနေတဲ့ လူကတော့အင်မတန်ကိုငြိမ်းချမ်းတယ် ...
"ပညာမဲ့သူ" လောကမှာ ပညာမဲ့သူတွေဟာ အင်မတန် အငြင်းအခုန် သန်ကြတယ် ... တယူသန် .တဇွတ် ထိုးငြင်းခုန်နေတဲ့ သူဆိုရင် ပညာမဲ့သူလို့လွယ်လင့်တကူ သိနိုင်တယ်..။ 

. "ရှာဖွေပါ" စစ်မှန်တဲ့ ပျော်ရွှင်မူနဲ့ ငြိမ်းချမ်း.......သာယာမူဆိုတာ ငွေနဲ့ဝယ်ယူလို့မရပါဘူး မွန်မြတ်တဲ့အသိပညာတွေနဲ့ပဲ ရှာဖွေယူရတာပါ ....။ 

(လိုအပ်ချက်) လျှမ်းလျှမ်းတောက်အောင်မြင်လို့ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ သူတွေကိုလည်းတဆိတ်လောက် မေးကြည့်ပါ လိုအပ်ချက်တစ်ခုတော့ရှိနေတယ်လိုချင်တောင်းတမူ တွေရှိနေသေးသရွေ့ လိုအပ်ချက်ဆိုတာရှိနေအုံးမှာပါ ..။ 

(ပညာမဲ့နဲ့ပညာရှိ) ပညာမဲ့တဲ့ သူတွေဟာ အချိန်ပြည့်ရုပ်လှဖို့ပဲကြိုးစားနေကြတယ် ပညာအသင့်တင့်ရှိတဲ့သူက တော့
စိတ်လှဖို့ပဲ အချိန်ပြည့်ကြိုးစားတယ် ပညာအရှိဆုံးလူကတော့စိတ်ရော ရုပ်ရောဖြစ်တည်စေတဲ့ အကြောင်းတရားတွေကို အဆုံးသတ်ပစ်ဖို့ပဲ အချိန်ပြည့် ကြိုးစားနေတော့တယ် ..................။

(မေတ္တာတရား)သူတစ်ပါးအကျိုးကိုအလိုမရှိရင် ကိုယ့်ဘ၀အတွက်လည်း မွန်မြတ်တဲ့ကောင်းကျိုး ချမ်းသာမူတွေ
ရှိလာမှာမဟုတ်ဘူးဒါကြောင့် ...တစ်ဦးအပေါ်တစ်ဦး အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ဆက်ဆံပါ။

(ကျေးဇူးတင်ပါ) အပေါ်ကိုမြောက်မတက်သွားအောင်ဆွဲထားပေးတဲ့ ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုကျေးဇူးတင်ပါ " ကျေးဇူးသိတတ်မှသာ အောက်ခြေမလွတ်မှာလေ။

(များခဲ့ပြီ) သဘာဝတရားရဲ့မပြည်စုံတဲ့ ရုပ်ပြ တစ်ခုအဖြစ်ရှင်သန်နေခဲ့ရတဲ့ ဘ၀တွေက များခဲ့ပြီ"လေ။
(ဖြတ်သန်းလိုက်) ဘ၀ဆိုတာ မျော်လင့်ထားတဲ့အရာတွေထက်မမျော်လင့်ထားတဲ့အရာတွေက ပိုပြီးဖြစ်လာ
တတ်ပါတယ် .. သဘာဝကျကျဖြတ်သန်းလိုက်ပါ...။

(သိအောင်လုပ်) ဘ၀က အသိဥာဏ်( ညာဏ်မရှိသူ)တွေများလေလေဆင်းရဲလေလေပဲ .. ချမ်းသာချင်လား...သိအောင်လုပ်ပါ.. 

သဘာဝအရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့ အမှန်တရားကို အမှန်တိုင်းသိမြင်နိုင်ဖို့ပါ
(ရိုးသားမူနဲ့စတိုင်ထုတ်ပါ တန်ဖိုးကြီးတဲ့အကောင်းစား အ၀တ်တွေ ဖိနပ်တွေ ၀ယ်စီးနိုင်မှ ဂုဏ်မြင့်သွားမှာမဟုတ်ဘူး...။

.သင့်တင့်တဲ့ အ၀တ်အစားနဲ့ပဲ ရိုးရိုးသားသားနေတတ်မယ်ဆိုရင် ဂုဏ်ကမြင့်နေပါပြီ။

Credit to: Original Writer