Monday 29 August 2016

နှိမ့်ချခြင်း..။


နှိမ့်ချခြင်းဆိုတာ လူရဲ့ ရှားရှားပါးပါး အရည်အချင်းကောင်းတစ်ခုပါ။ နှိမ့်ချခြင်းကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် အင်မတန် အစွမ်းထက်ပါတယ်။ 

ဒါပေမဲ့ ဒီခေတ်ကြီးမှာ လူအတော်များများက နှိမ့်ချခြင်းဆိုတာ မကောင်းဘူး။ နှိမ့်ချတယ်ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ အရှုံးပေးခြင်း၊ အညံ့ခံခြင်း၊ ကြောက်လန့်ခြင်းစတာတွေနဲ့ အတူတူပဲလို့ ယူဆလိုက်ကြတယ်။

အင်တာနက်ကနေ စာအုပ်တွေ ဝယ်ယူနိုင်တဲ့ အာမေဇုံ Amazon ဆိုတဲ့ ဝက်ဆိုဒ်မှာ “humility” ဆိုတဲ့ စာလုံးကို ရိုက်ထဲ့လိုက်ရင် စာအုပ်ပေါင်း ၁၂၀၀ စာရင်းကို တွေ့ရပါလိမ့်မယ်။ အဲဒီစာအုပ်တွေထဲက အများစုဟာ ဘာသာရေးနဲ့ ဝိညဉ်ရေးဆိုင်ရာ အမျိုအစားမှာ ပါဝင်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ တက်ကျမ်း စာအုပ်အမျိုးအစားမှာ အုပ်ရေ နည်းနည်းလေးလောက်ပဲ ပါဝင်တာကို တွေ့ရတယ်။ 

နှိမ့်ချခြင်းဟာ လူရဲ့ ကောင်းတဲ့ အရည်အချင်းဖြစ်တယ်ဆိုပေမဲ့ ဘာကြောင့် အခု လူတွေ အလေးမထားကြတာလဲ။ မိဘ ဆရာတွေနဲ့ ပါတ်ဝန်းကျင်ကလည်း အောင်မြင်သူကိုပဲ ချီးကျူးလေ့ရှိတတ်ကြတယ်။ 

အရှံးသမားဆိုရင် လူပျော့လူညံ့လို့ သတ်မှတ်ကြတယ်။ ဒီတော့ လူတွေဟာ ပညာရေး စီးပွားရေး လူမှုရေးကအစ တစ်ဦးထက်တစ်ဦးသာအောင် အပြိုင်အဆိုင် ကြိုးစားလာကြတယ်။ ပိုဆိုးစေတာက အာဏာ၊ ငွေနဲ့ ဥစ္စာဓန အားလုံး (သို့မဟုတ်) တစ်ခုကို ပိုင်ဆိုင်သူကို အောင်မြင်သူလို့ သတ်မှတ်လာကြတယ်။

 အောင်မြင်ကြီးပွားသူတို့က သူတို့ဘယ်လောက်ချမ်းသာကြောင်း သူတို့မှာ အာဏာ ဘယ်လောက်ရှိကြောင်း ထုတ်ဖေါ်ကြွားဝါတာကို လူတွေက အထင်ကြီးလာကြတယ်။ အဲဒါကို အမှန်လို့ ထင်လာကြတယ်။ သဘောကျလာကြတယ်။

 အဲဒီတော့ နိမ့်ချခြင်းဆိုတာ အောင်မြင်သူတွေ၊ ကြီးပွားသူတွေအတွက် အရေးမပါဘူး၊ မလိုအပ်ဘူး၊ သူတို့အတွက် မလိုအပ်ဘူးလို့ ထင်စရာ ဖြစ်လာတယ်။
တကယ်တမ်းမှာ အောင်မြင်သူတွေမှာ နှိမ့်ချမှု ရှိကြတယ်ဆိုတာကို အောက်က တကယ့်အဖြစ်အပျက်လေး ၂ ခုနဲ့ ဥပမာတင်စား ရေးပြပါမယ်။

အမေရိကန်နိုင်ငံမှာ အုပ်ချုပ်သူ ကိုလိုနီဗြိတိသျှအစိုးရကို တော်လှန်တဲ့ စစ်ပွဲတွေ ဆင်နွဲနေချိန် ကာလအတွင်းကပေါ့။ 
တနေ့မှာ အမေရိကန် တော်လှန်ရေးသမား စစ်သားတစ်စုဟာ လေပြင်းမုန်တိုင်းကျလို့ လမ်းပေါ်လဲကျနေတဲ့ သစ်ပင်ကြီးတစ်ပင်ကို လမ်းပွင့်သွားအောင် အားစိုက်တွန်းပြီး ဖယ်ရှားနေကြတယ်။

 သစ်ပင်ကြီးဟာ ကြီးမားလေးလံသလို စစ်သားဦးရေကလဲ နည်းတော့ တဖြည်းဖြည်းချင်းပဲ ရွှေ့နိုင်ကြတယ်။ နေပူကျဲကျဲအောက်မှာ စစ်သားတွေဟာ ချွေးသံတရွှဲရွှဲနဲ့ ကြိုးစား ရွှေ့နေကြတယ်။
 သူတို့အနားမှာ ရပ်နေတဲ့ တပ်ကြပ်တစ်ယောက်ကတော့ ဝင်ကူမလုပ်ပဲ စစ်သားတွေကိုသစ်ပင်ကြီးကို ဆက်ရွှေ့ဖို့ပဲ အော်ဟစ်အမိန့်ပေးနေတယ်။ 

သူတို့အနားကို မြင်းစီးလာတဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက မြင်းပေါ်ကနေ တပ်ကြပ်ကို မေးလိုက်တယ်။ စစ်သားတွေကို ဘာလို့ ဝင်မကူတာလဲလို့။ 
တပ်ကြပ်က ပြန်အော်ပြောလိုက်တယ်။ “ကျနော်က တပ်ကြပ်တစ်ယောက်ပါ။ ကျနော့်အလုပ်က ဝင်လုပ်စရာ မလိုပါဘူး။ အမိန့်ပေးဖို့ ခိုင်းဖို့ပါ” တဲ့။

အဲဒီလူဟာ ဘာမှ ပြန်မပြောပဲ မြင်းပေါ်က ဆင်းပြီး စစ်သားတွေကို ဝင်ကူပြီး အပင်ကြီးကို ရွှေ့ပေးတယ်။ မကြာခင် သစ်ပင်ကြီးကို လမ်းဘေးထိ ရွှေ့ပေးနိုင်လို့ လူတွေသွားလာဖို့ လမ်းပွင့်သွားတယ်။

သူလဲ မြင်းပေါ် ပြန်တက်ရင်း တပ်ကြပ်ကို လှမ်းအော်ပြောလိုက်တယ်။ “နောက်တစ်ခါ မင်းလူတွေ အကူအညီလိုရင် ကာကွယ်ရေးဦးစီးချုပ်ကို အကြောင်းကြားပြီး ခေါ်ခိုင်းလိုက်ပါ” တဲ့။

အဲဒီ မြင်းနဲ့ လူဟာ ဘယ်သူလဲ။ အမေရိကန်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဂျော့ဝါရှင်တန် (George Washington) ပါ။ နောင်မှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်လာခဲ့သူပါ။ တခုတော့ ရှိတာပေါ့။ 
သူက တံဆိပ်တွေတပ်ထားတဲ့ စစ်ယူနီဖေါင်း ဝတ်မထားပဲ အရပ်ဝတ်နဲ့ဆိုတော့ တပ်ကြပ်က သူ့ကို ဦးစီးချုပ်မှန်း ဘယ်သိပါ့မလဲ။ နှိမ့်ချတယ်ဆိုတာ ဒါပါပဲ။

နောက်တစ်ယောက်က နဲလ်ဆင်မန်ဒဲလားပါ။ မန်ဒဲလားဆိုတာ တောင်အာဖရိကနိုင်ငံမှာ လူဖြူအစိုးရရဲ့ ၂၇ နှစ်ကြာ ထောင်သွင်းအကျဉ်းချ ခံခဲ့ရတယ်။ထောင်က လွတ်မြောက်လာပြီးချိန်မှာ သူဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးကို ရခဲ့သလို တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တယ်။

သူ သမ္မတဖြစ်ပြီး မကြာခင်မှာ တရုတ်နိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို အလည်အပတ်သွားတယ်။ တရုတ်အစိုးရက မန်ဒဲလားတို့ အဖွဲ့ကို ရှန်ဟိုင်းမြို့က အကောင်းဆုံး ဟိုတည်ကြီးမှာ တည်းခိုနေထိုင်စေတယ်။

မန်ဒဲလားဟာ ညဦးပိုင်းရောက်တော့ အိပ်ရင် အဆင်သင့်ဖြစ်အောင်လို့ သူအိပ်ယာကို ကိုယ်တိုင်ပြင်ဖို့ လုပ်တယ်။ သူက ငယ်စဉ်ကလေးဘဝကတဲကနေ ညတိုင်း အိပ်ယာမဝင်ခင် သူ့အိပ်ယာကို ကိုယ်တိုင် ပြင်လေ့ရှိလို့ အကျင့်ပါနေပြီ။ 
သူ့ရဲ့ကိုယ်ရေးအရာရှိက အိပ်ယာပြင်တာကို ဟိုတယ်ဝန်ထမ်းတွေကို လုပ်ပါစေ၊ သမ္မတကိုယ်တိုင် အိပ်ယာပြင်တာဟာ တရုတ်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်နေပါတယ်လို့ မန်ဒဲလားကို ပြောပြတယ်။

ဒီတော့ မန်ဒဲလားက ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေကို ခေါ်ခိုင်းလိုက်တယ်။ သူတို့အားလုံး အခန်းထဲကို ရောက်လာတော့ သမ္မတကြီးမန်ဒဲလာက သူဟာ သူ့အိပ်ယာကို ကိုယ်တိုင်ပြင်ရမှ အိပ်ပျော်တတ်ကြောင်းနဲ့ သူကို ကိုယ်တိုင်အိပ်ယာ ပြင်ခွင့်ပြုဖို့ ဝန်ထမ်းတွေကို တောင်းပန်လိုက်တယ်။ 
သူ ခုလိုလုပ်လိုက်တာဟာ သူ့အပြုအမူကြောင့် ဟိုတယ်ဝန်ထမ်းတွေကို တရုတ်အစိုးရက အရေးယူမှာ စိုးရိမ်လို့ပါ။ သူဟာ သူလုပ်တာကို အကောင်ကြီးကြီးတွေ ဘာထင်ထင် ဂရုမစိုက်တတ်ပါဘူး။ ဒါပေမဲ့ သူကြောင့် အောက်ခြေလူတန်းစားတွေကိုတော့ မထိခိုက်စေချင်ဘူး။ နှိမ့်ချခြင်းဆိုတာ ဒါပါပဲ။

အခု နှိမ့်ချခြင်းဆိုတာ ဘာအကျိုးရှိသလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်ပါ။
နှိမ့်ချစိတ်ရှိသူဟာ မန်ဒဲလားလိုပဲ ကိုယ့်အကျိုးရှိဖို့ထက် သူများအကျိုးကို မထိခိုက်စေချင်ကြဘူး။ ဒါကြောင့် သူတို့ကို မနာလို မုန်းတီးသူ နည်းပါးတယ်။
 ဒီတော့ သူတို့မှာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပျော်ပျော်ရွှင်နေနိုင်ကြတယ်။ 
နှိမ့်ချစိတ်ရှိသူတွေဟာ ဒေါသ မောဟကင်းစင်နေလို့ သူတို့စိတ်ဟာ အမြဲ ကြည်လင်သန့်စင်နေတယ်။ လူချစ်လူခင် ပေါများတယ်။

သူတို့ဟာ ကိုယ်ကျိုးထက် အများအကျိုးကို အမြဲစဉ်းစားလုပ်တတ်သူတွေမို့ လူတွေရဲ့ လေးစားချစ်ခင်မှုကို ရရှိတယ်။ လူတွေဟာ နှိမ့်ချတတ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦဆောင်မှုနောက်ကနေ လိုက်ပါကြဖို့ ဝန်မလေးကြပါဘူး။

 နှိမ့်ချသူတို့ဟာ လွယ်လွယ်ကူကူနဲ့တော့ ခေါင်းဆောင်အဖြစ်က ကျဆုံးဖို့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နှိမ့်ချတဲ့ ခေါင်းဆောင်ကို လူအများက ချစ်ခင်လေးစားကြလွန်းလို့ပါ။

နောက်ဆုံးပြောပြချင်တာက နှိမ့်ချသူမို့ လုပ်သင့်၊ ပြောသင့်တာကို ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ မဆုံးဖြတ်ရဲ၊ မပြောရဲ၊ မလုပ်ရဲဘူးလို့ မထင်ပါနဲ့။ အဲဒါတွေဟာ တကဏ္ဍစီဆိုတာ နားလည်ထားဖို့ လိုပါတယ်။
Ref: ဗန်းမော်သိန်းဖေ

Sunday 28 August 2016

ကိုယ့်ကိုကိုယ် ဆုံးမခြင်း..။



အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

#Be_Strong
-------------------
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

#Stay_like_Independent_person 
-----------------------------------------------
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

#Be_Active
------------------
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

#Believe_Yourself 
----------------------------
ကိုယ့်ကိုယ်ကိုယ်ယုံ။ 
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာ္ဘပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

#Forget
---------------
မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။ 
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။ 
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

#Stop
------------
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကိုရပ်ပါ။ 
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။ 
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကိုရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

#Have_Resistance
----------------------------
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

#Accept 
------------
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်းလက်ခံပါ။

#Reject
-------------
ငြင်းပါ။ 
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။ 
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

#Prepare
---------------
ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

#Don't feel so much
-------------------------------
တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။ 
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one ... but lion ဆိုတဲ့စကားအတိုင်းလေ....။

Credit : Hurricane

သေချာတဲ့လမ်းကနေ ရွေးပြီးလျှောက်ပါ..။


တမလွန်ဘ၀ နောက်ဘ၀ကို ဘယ်လိုလုပ်ပြီးတော့ အဖြေရှာမလဲ၊ နောက်ဘ၀ဖြစ်ဦးမှာလား၊ မဖြစ်ဘူးလား၊ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့  အကျိုးကို ခံရဦးမှာလား၊ မခံရဘူးလား၊ အကုသိုလ်တွေက အကျိုးပေးသလား၊ မပေးဘူးလား ဆိုတာနဲ့  ပက်သက်လာလို့  ရှိရင် အဖြေမထုတ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားက သေချာတာ လုပ်ဆိုပြီးတော့ မှာတယ်..။

အဖြေမထုတ်နိုင်တဲ့အခါကျတော့ သေချာတဲ့လမ်းကို ရွေးတဲ့၊ ဘယ်လိုရွေးမတုန်း။
ကောင်းပြီ၊ ငါ ဒီဘ၀မှာ လူတော်လူကောင်းဖြစ်အောင် နေလိုက်မယ်၊ လူတော် လူကောင်းဆိုတဲ့ စံနဲ့  ကိုက်အောင်နေလိုက်မယ်၊ လူတော် လူကောင်းဖြစ်အောင် နေလိုက်လို့ ရှိရင် နောင်ဘ၀ရှိတယ် ဆိုလို့  ရှိရင်လည်းပဲ အိုကေပဲ၊ နောက်ဘ၀မှာ ငါဟာ ကောင်းတဲ့ ဘ၀ရောက်မယ်၊ နောက်ဘ၀ မရှိဘူး ဆိုရင်လည်းပဲ အိုကေပဲ...။

၊ ဒီဘ၀မှာ ငါဟာ လူကောင်းလူတော်ဖြစ်တယ်။ ကဲ နှစ်ဖက်စလုံး မကောင်းဘူးလား၊ ဒီဘ၀မှာ ကိုယ့်ကိုကိုယ် လူတော်လူကောင်းဖြစ်အောင် လုပ်ခြင်းဖြင့် နောင်ဘ၀ ရှိရင်လည်း ကောင်းတဲ့ဘ၀ရောက်ဖို့  သေချာတယ်၊ နောင်ဘ၀မရှိဘူးဆိုလည်း ဒီဘ၀ ငါလူကောင်းပဲ၊ ဟော နှစ်ဖက်ကောင်းတဲ့ လမ်းကိုရွေး။ 

အကုသိုလ်တွေကို တချို့ က အကျိုးပေးတယ်လို့ ပြောတယ်၊ တချို့ ကလည်း အကုသိုလ်တွေ အကျိုးမပေးဘူးလို့ လည်း ပြောတယ်၊ ဘယ်ဟာက မှန်သလဲ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ်။ မဆုံးဖြတ်နိုင်လို့ ရှိရင် သေချာတာလုပ်။
ဘာလုပ်မလဲ၊ အကုသိုလ် မလုပ်ဘဲ နေလိုက်ပေါ့။ ဥပမာအားဖြင့် သူများအသက် သတ်လို့ ရှိရင် ငရဲကြီးတယ်။ 
တစ်ယောက်က မကြီးဘူးပြောတယ်ဆိုပါစို့ ။ ကဲ မသတ်ဘဲ နေလိုက်ပေါ့။ 

မသတ်ဘဲနေလိုက်သောအားဖြင့် ကိုယ့်အတွက် ဒီဘ၀မှာလည်း ချမ်းချမ်းသာသာနေရတယ်။ အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မသတ်သည့်အတွက်ကြောင့် အကျိုးပေးစရာမရှိဘူး။ အကုသိုလ်ဆိုတာ မရှိပါဘူးလို့  ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့  အယူဝါဒအရလည်း ပင်ကိုယ်က အကုသိုလ် မရှိတာရယ်၊ ကိုယ်က မလုပ်လို့ မရှိတာရယ်ကြောင့် ဘယ်ဘက်က ကြည့်ကြည့် ကိုယ့်မှာ အကုသိုလ်ဆိုတာ မရှိဘူး၊ နှစ်ဖက် နှစ်လမ်း ကောင်းသွားပြီ၊ ဟုတ်တယ် မဟုတ်လား။

 အကုသိုလ်ကို ကိုယ်တိုင်ကမှ မလုပ်တာ၊ မလုပ်သည့်အတွက်ကြောင့် အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မလုပ်သည့်အတွက်ကြောင့် အကျိုးပေးမှာ မဟုတ်ဘူး။
အဲဒါ ကာလာမသုတ်မှာ မြတ်စွာဘုရားက ဘ၀ခရီး လျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလို့ ရှိရင် သေချာတဲ့လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။
ဆရာတော် အရှင်နန္ဒမာလာဘိဝံသ
(ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်းတရားတော်မှ).

လောကမှာ ကိုးကွယ်ရာ...။

လာကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ ယုံကြည်ရာ သဘာဝတရားအားလျော်စွာ ကိုးကွယ်နေကြတာ
အများအပြားရှိတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့
မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း အလေးအနက်သိရှိဖို့ လိုအပ်တယ်။

လောကမှာ ကိုးကွယ်ဆည်းကပ်မှုတွေ အလွန် များတယ်။မိမိတို့ ယုံကြည်ရာ ဘာသာတရား အားလျော်စွာ
ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ သုံးမျိုးသုံးစားကိုးကွယ်ကြတဲ့နေရာမှာ ဟိန္ဒူဘာသာဝင်တွေ
ကိုးကွယ်တာ သုံးမျိုးရှိတယ်။
သုံးမျိုးက ဘာလဲလို့ဆိုရင်“ဗြဟ္မာရယ်၊ ဗိဿနိုးရယ်၊ သိဝရယ်”
နတ်ဘုရားမျိုးဖြစ်တယ်။သူတို့ကိုးကွယ်တာလည်း အဓိကအားဖြင့် ဒီသုံးမျိုးပဲ ကိုးကွယ်တာ။
ဒါကြောင့်မို့လို့ ဟိန္ဒူဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေဟာ သူတို့ရဲ့သင်္ကေတ အမှတ်အသားက“ဥုံ”ဆိုတဲ့ စာလုံးလေး ဖြစ်တယ်။
အိန္ဒိယစာလုံးနဲ့ ရေးထားတဲ့ “ဥုံ”ဆိုတဲ့ စာလုံးလေးကို အဆောင်အဖြစ် အသုံးပြုပြီး ရေးထားကြတယ်။
အဲဒီ “ဥုံ”ဆိုတာ နတ်ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ အက္ခရာ သုံးလုံးပဲ။
ဒါကို မသိတော့ လူတွေက လိုက်ပြီးတော့ ဥုံကို ရွတ်နေကြတာ။ဒါလည်း သတိထားစရာပဲ။
ဥုံ ဆိုတာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့ ဒီလို မှတ်ထားရမယ်။ဥုံပဲဖြစ်ဖြစ် ၊ သြောင်းပဲဖြစ်ဖြစ် အသံထွက် အမျိုးမျိုးထွက်တယ်။
ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင်
“ဥုံ”ဆိုတဲ့ စကားလုံးဟာ
အ- အက္ခရာရယ်၊
ဥ- အက္ခရာရယ်၊
မ- အက္ခရာရယ်
အဲဒီသုံးလုံးကို ပေါင်းရွတ်တာ။
အိမ်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် ပေါင်းရွတ်ကြည့်။ဒီသုံးလုံးဟာ ဘယ်အသံထွက်လာလဲဆိုတာ။
အ၊ ဥ၊ မ အဲဒီသုံးလုံးကို ပေါင်းထွက်တယ်ဆိုလို့ရှိရင် “အုမ်(ဥုံ)” ဆိုတဲ့ အသံ ထွက်တယ်။
အဲဒါ အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းပြီး ရွတ်တာ၊ဥ-ဆိုတာ သူတို့အခေါ် ဗိသျှနူ၊
ဗမာတွေခေါ်တာက ဗိဿနိုး၊ ဗသျှနူ ဆိုတာ နောက်က ဥ-ဆုံးတယ်။
ဗိဿနိုးနတ်ကို ရည်ညွှန်းပြီးတော့ ရွတ်တာ၊မ-ဆိုတာက ဗမာတွေ အသိအခေါ်က သိဝ၊
သူတို့အခေါ်က သျှီဗမ်ဆိုတဲ့နတ်၊နောက်က မ-အက္ခရာအဆုံးရှိတယ်၊
အဲဒီနတ်ဘုရားတွေကို ကိုယ်စားပြုပြီးတော့ ရွတ်တာ။
ဒါကြောင့်မို့ ဥုံဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာတွေနဲ့ မဆိုင်တဲ့ စကားလုံးဖြစ်သည့်အတွက်ကြောင့်
မရွတ်သင့်ဘူးလို့ ဒီလိုမှတ်ရမယ်။
ခရစ်ယာန်တွေကလည်းပဲ သူတို့ ကိုးကွယ်တာ trinity လို့ခေါ်တယ်။
သူတို့လည်း သုံးခုပဲ၊God ဆိုတဲ့ father ရယ်၊သန့်ရှင်းသောဝိညာဉ်တော်ရယ်၊
သားတော်ရယ် ဆိုပြီးတော့ ဒီသုံးခု trinity ဆိုပြီးတော့ ကိုးကွယ်တာပဲ။
ကမ္ဘာမှာ ဘာသာရေးတွေ တစ်ခါတစ်ရံမှာ ခပ်ဆင်ဆင်ပဲ၊အယူအဆလေးတွေ နီးစပ်ကြတယ်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကတော့ အဲဒီ ကောင်းကင်ဘုံက ဘုရားတွေနဲ့လည်း မသက်ဆိုင်ဘူး။
ဘာကို ကိုးကွယ်တာတုံးဆိုတော့ “ဗုဒ္ဓ ဓမ္မ သံဃ”လို့ဆိုတဲ့ ရတနာသုံးပါးကို
ကိုးကွယ်တယ်။ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်သိရှိ နားလည်ပြီးတာ့မှ
ကိုးကွယ်တာ ကောင်းတယ်။ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Ref:ဓမ္မနဒီ

Saturday 27 August 2016

အပြုံးမျက်နှာနဲ့လူ..။

လူတော်တော်များများက ကျွန်တော့်ကို အပြုံးတွေနဲ့ ဖန်ဆင်းထားတဲ့လူတစ်ယောက်လို့ ပြောဆိုနေကြပေမယ့်..
 ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အဲဒီလိုမထင်မိပါဘူးလို့ ခပ်ပြုံးပြုံးပြန်ဖြေတတ်တဲ့ သရုပ်ဆောင်တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

ဒီပိုစ့်ကိုရေးသား ဖော်ပြရတဲ့ အကြောင်းက သူပြန်ပြောပြတဲ့ သူ့ငယ်ဘဝအကြောင်းဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ လူတော်တော်များများကို ကောင်းမွန်တဲ့ အနာဂါတ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့လို့ပါပဲ။

၁၉၆၂ခုနှစ်မှာ ဒီကောင်လေးကို ပြင်သစ်ကနေဒီယန်းမိဘနှစ်ပါးကနေ ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။သူသိတတ်စဉ် အရွယ်ကတည်းက သူ့အမေဟာ အိမ်အကူ၊သူ့အဖေကလည်း အလုပ်လက်မဲ့တစ်ယောက်မို့ ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရပ်တည်ခဲ့ရတယ်။

ပြီးတော့ မွေးရာပါ ကျောင်းစာသင်ယူဖို့ခက်ခဲမှုနဲ့ အချင်းချင်းပြောဆို ဆက်ဆံရေးခက်ခဲမှု၊ ကျောင်းလခပုံမှန်မပေးဆောင်နိုင်မှုတွေကြောင့်ကျောင်းကနေ ခဏခဏအထုတ်ခံခဲ့ရသလို ရွယ်တူအခန်းဖော်တွေရဲ့နောက်ပြောင်အနိုင်ကျင့်ခြင်းကိုလဲ အမြဲခံရခဲ့တယ်။

ဆင်းရဲနုံချာလွန်းတဲ့သူ့ကို ပေါင်းသင်းချင်တဲ့အဖော်ဆိုတာ ကျောင်းမှာ မရှိလောက်အောင် ရှားပါးခဲ့တယ်လို့ သူက နာနာကျင်ကျင် ပြောပြခဲ့ဘူးတယ်။ဒါကြောင့်ပဲ သူ့အဖေဟာ သူ့ကို သရုပ်ဆောင်ပညာကို ငယ်ငယ်ကတည်းက သင်ကြားစေခဲ့ပါတယ်။

သူ့အဖေဆုံးတော့ သူက အသက် ၁၄ နှစ်အရွယ်ပဲ ရှိသေးတယ်။ နောက်တစ်နှစ်မှာတော့ ကျန်ရစ်တဲ့မိသားစုကို ဦးဆောင်ဖို့ ကျောင်းကနေအပြီးထွက်ခဲ့ရပြီး လော့အင်ဂျလိစ့်မြို့ကို ပြောင်းရွေ့အခြေချခဲ့တယ်။

စတင်ပြောင်းရွေ့ကာစ အချိန်ဟာ သူ့ဘဝအတွက် အခက်ခဲဆုံး အချိန်တွေပါလို့ သူကဆိုပါတယ်။
"ကျွန်တော် အဆိုးဝါးဆုံးရင်ဆိုင်ခဲ့ရတာကို အချိန်နဲ့ ပြောရရင် ၅ နှစ်ကျော်ကျော်လောက်ရှိမယ်။ အဲဒီတွေတုန်းက ညတိုင်းလိုလို လမ်းမပေါ်မှာ၊ ကမ်းခြေက ခုံတန်းလျားတွေပေါ်မှာအိပ်ခဲ့ရတယ်။
 လူတွေစွန့်ပစ်ခဲ့တဲ့ အကြွင်းအကျန်တွေ၊ စားသောက်ဆိုင်ကပေးတဲ့ အစားအစာတွေနဲ့ အသက်ဆက်ခဲ့ရတယ်။
 အဲဒီတုန်းက အိပ်ယာမဝင်ခင်တိုင်းမှာ မဖြစ်လာသေးတဲ့ အောင်မြင်မှုတွေနဲ့ ကိုယ့်ဘဝအကြောင်းကို တွေးတောနေမိခဲ့တယ်" လို့ သူအတိတ်အကြောင်းကိုလေးလေးနက်နက်ပြောပြရှာတယ်။

ဆင်းရဲတွင်းနက်ခဲ့တဲ့ သူဘဝမှာ သရုပ်ဆောင်ပညာသင်ကြားပေးခဲ့တဲ့ သူ့အဖေရယ်၊ အခုရီ အခုငို ပြောင်းလဲလွယ်လို့ရတဲ့ သူ့မျက်နှာနဲ့ အနုပညာက ဘုရားပေးတဲ့ လက်ဆောင်တွေပါတဲ့။

ဒီကောင်လေးဟာ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေရေးဇာတ်ရုံတွေ ညဇာတ်ပွဲတွေမှာ လိုက်လံသရုပ်ဆောင်ခဲ့ရာကနေ ၁၉၉၄ ခုနှစ်မှာတော့ Dumb and Dumber ဇာတ်ကားတစ်ကားထဲကို သရုပ်ဆောင်ကြေး ၇ သန်းရတဲ့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ဒီကောင်လေးက တခြားလူမဟုတ်ပါဘူး။ ပရိတ်သတ်တွေအသဲစွဲ Jim Carrey ပဲ ဖြစ်ပါတယ်။

Ref: မှတ်စုကြမ်း

Monday 22 August 2016

အရှုံးထဲက အနိုင်ပြန်ယူပါ..။

ဒုတိယကမ္ဘစစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့
အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။

စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။
ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။သေဆုံးသူ ၃၈၀၀။
အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီးကျသွားကြတယ်။

ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက်အောင်ကို
စိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။

သူတို့လောက်အခြေအနေဆိုးတာ မရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။ဒါကြောင့်
အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှု့ကို ပြန်အဖက်ဆယ်နိုင်ဖို့
အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။

ချက်စတာနီမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။ သူဟာ ပုလဲ ဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။

ထို အားနည်းချက်တွေမှ တဆင့် တပ်သားတွေ ရဲ့စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။
ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာ သူက လက်ရှိအခြေအနေ ကိုအဆိုးဆုံးလို့ထင်နေကြပါသလား?
တကယ်တော့မဆိုးသေးပါဘူး။ 

ဂျပန်လေတပ်တွေသာ အမှား ၃ ခုကို မကျူးလွန်ခဲ့ဘူးဆိုရင်
ငါတို့ ဒီနေရာမှာ ဒီလိုရပ်ပြီးတောင် စကားပြောနိုင်ကြမယ် မထင်ပါဘူးဗျာ။"

"အဲ့ဒီအမှား ၃ ခု က ဘာလည်း သိချင်ကြလား?"
တပ်သားတွေ စိတ်ထဲ ထို အမှား ၃ ခုကို သိချင်စိတ်ပြင်းပြစွာ ဖြစ်ပေါ်လာတယ်။
"ပထမဆုံးအမှားက ပုလဲဆိပ်ကမ်းကို ဗုံးလာကြဲချိန်ဟာ တနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။

တနင်္ဂနွေနေ့ဆိုတာ အားလပ်ချိန်ပါ။ အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ စစ်သား အကုန်မရှိကြပါဘူး။ 
သူတို့တွေအခြား နေရာတွေမှာ အနားယူနေကြတယ်။

တကယ်လို့ ဂျူတီချိန် တွေမှာသာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင် 
သေဆုံးစာရင်းက ၃၈၀၀၀ ဖြစ်သွားပါလိမ့်မယ်။"
"ဟုတ်လား ?"
ဟုတ်နေပါတယ် ။ ဒီအချက် ကို သူတို့မတွေးခဲ့ကြဘူး။

ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။ ခုတော့အသေအပျောက်စာရင်းက
အများကြီး နည်းသွားခဲ့လို့ ကံကြမ္မာဟာသူတို့ဘက်မှာ ရှိနေတာကို
မြင်သွားကြတယ်။
တပ်သားတွေစိတ်တက်ကြွလာတာကိုမြင်လိုက်ရတဲ့ နီမစ်ကနောက်တစ်ချက်ကိုထပ်ပြောတယ်။

" ဒုတိယ အမှားက တော့ အရမ်း ဆိုးတယ်။ ဒီဂျပန်တွေ တကယ်ဆို သင်္ဘောတွေကိုပဲ ဗုံးကြဲခဲ့တာ သူတို့ကံဆိုးတာပဲဗျာ။ 
သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိကြဘူးလေ။ 
သင်္ဘောကျင်းတွေသာပျက်ဆီးကုန်ရင် ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာမဟုက်သလို။ ပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်း ပြန်ပြုပြင်လို့
ရမှာမဟုတ်ဘူး။ 

ငါတို့သဘောတွေကို မိုင်ထောင်ချီသွားပြီးပြုပြင်နေရလိမ့်မယ်။ဒါဆိုရင်တော့ ငါတို့ သွားပြီ နာလန်တောင်ထူနိုင်မှာမဟုတ်ဘူး။"
"ဟုတ်တယ်မလား"
မှန်တယ်။ တပ်သားတွေ လက်ခုပ်ဝိုင်းတီးကြတယ်။

စိတ်ဓာတ်တွေလည်း တက်ကြွလာကြတယ်။
ဒီဆုံးရှုံးမှု့ဟာ ဘာမှ မဟုတ်တာကို မြင်လာကြတယ်။
သူတို့ နောက်အမှား တစ်ခုကို ပိုသိချင်လာကြတယ်။

"တတိယ အမှားကတော့"
အားလုံး စိတ်လှုပ်ရှားနေကြတယ်။သေချာနားစွင့်နေကြတယ်။
နီမစ် က ကျယ်လောင်စွာပဲ ပြောလိုက်တယ်။
" ဂျပန်တွေ သိပ် တုံးတယ်။ သူတို့ဟာ ငါတို့ ပြန်တိုက်ခိုက်နိုင်ဖို့ ကလဲ့စားချေဖို့အတွက် 
အားအင်တွေ ကို အပြည့်ချန်ထားပေးခဲ့တယ်။ အဲ့ဒါက လောင်စာဆီတွေပဲ။

လောင်စာဆီကန်တွေ ဟာ ငါတို့သင်္ဘောကျဉ်းနဲ့ ၅ မိုင်အကွာတောင်ထိပ်မှာ ရှိနေတယ်။
ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင် ငါတို့မှာရှိသမျှ တိုက်လေယဉ်တွေသင်္ဘောတွေဟာ
အလကားပဲကွ။"

အကုန် စိတ်ဓာတ်တွေ တစ်ဝုန်းဝုန်ကြွတက်လာကြတယ်။
"ဂျပန်တွေ ဘာလို့ဒီအမှားတွေ ကျူးလွန်ခဲ့သလည်း သိကြလား?။
အဖြေကရှင်းတယ် ။ ဘုရားသခင်ဟာ ငါတို့ဘက်မှာအမြဲရှိနေခဲ့တယ်။ 
ငါတို့ကိုကူညီခဲ့တယ်။"

လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာတယ်။ကြွေးကြော်သံတွေ ညံထွက်လာတယ်။
အရှုံးထဲ က နေ အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာရှိနိုင်သောရနိုင်သော
အခွင့်အရေးကို မြင်လိုက်ရချိန်မှာ အားအင်တွေ လုံးဝ တက်ကြွသွားကြတယ်။

အဲ့နောက်မှာတော့ အမေရိကန်ရေတပ်ဟာ ဂျပန်တွေထိန်ချုပ်ထားသော
Marshall နဲ့ Gilbert ကျွန်းတွေကိုရုတ်တရက်ပြန်သိမ်းလိုက်တယ်။
ဂျပန်စစ်သင်္ဘော ၈ စီးကိုမြုပ်ပစ်လိုက်တယ်။
တောက်လျှောက်ပစိဖိတ် စစ်မျက်နှာပြင်မှာ ဂျပန်လေယာဉ်တွေ စစ်သဘောတွေကို ရေအောက်မြုပ်ပြလိုက်တယ်။

နောက်ဆုံး လက်နက်မချနိုင်တဲ့ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆မှာ ဟီရိုးရှီးမား သြဂုတ် ၉ မှာနာဂါဆကီ မြို့၂မြို့ ကို အနုမြူဗုံကြဲချပြီး ဒုတိယကမ္ဘစစ်ကိုအနိုင်ယူလိုက်ကြတယ်။

ဒီနေရာမှာစဉ်းစားကြည့်ရအောင် တကယ်လို့ ပုလဲဆိပ်ကမ်း ရှုံးနိမ့်မှု့မှာကထဲက အမေရိကန်တွေသာ 
စိတ်ဓာတ်ကျပြီး အရှုံးကိုသာ လက်ခံခဲ့ကြရင် ယနေ့ ခေတ် super power နိုင်ငံအဖြစ်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျက်မှောက်ခေတ်အောင်မြင်မှု့ ရရှိစေသောအကြောင်းပြချက်ကရိုးရိုးလေးပါ။

" အရှုံးကို လက်မခံလိုက်ပါနဲ့ "
အရှုံးကို လက်မခံသေးသမျှကာလပက်လုံး သင့်မှာ အောင်မြင်ဖို့90%ရှိနေပါသေးတယ်။
ဘာလို့အဆင်မပြေဖြစ်တိုင်းစိတ်ဓာတ်ကျကြမှာလဲ…
အကောင်းလေးတွေ မြင်ကြည့်ကြပါ။

ဘယ်လောက်ဆိုးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ် သင်သာအကောင်းမြင်တတ်ရင်
သင့်အတွက် သင့်ဘက်မှာ ကံတရား ရှိတာမြင်လာပါလိမ့်မယ်။

ဒါဆို ဘာလို့ နောက်တခါ ပြန်မကြိုးစားနိုင်ရမှာလဲ
သင် လဲကျမှာ လုံးဝမစိတ်မပူမိပါဘူး
သင် ပြန်မထနိုင်မှာကိုသာ စိတ်ပူမိပါတယ်။
ပြန်ထလာနိုင်ဖို့လည်း အားအင်တွေပေးနိုင်ပါတယ်။

ဒီကနေ့ ကြုံနေရတဲ့အခက်အခဲဆိုတာ
အနာဂါတ်မှာ သင့်ကိုပိုမိုအောင်မြင်စေမယ့်တွန်းကန်အားဆိုတာ မြင်ပြီလား ?
မြင်တတ်ပြီလား ?
အောင်မြင်မှု့ဆီ အတူတူသွားကြရအောင်ဗျာ
ကျွန်တော်ရဲရဲကြီးပြောရဲတယ် 
"သင် လုံးဝ အောင်မြင်ရမယ်

Credit.Drကျော်စွာလင်း
Ref:ကျောက်သင်ပုန်း

Friday 19 August 2016

လူငယ်နှင့်ဘဝ..။

မိမိ “ဘဝ” ကြီးကို “ရထား” တစ်စီးလို့ သတ်မှတ်ကြည့်ပါ။ သင်တို့ သွားနေကြတဲ့ “အောင်မြင်မှုပန်းတိုင် - ဘူတာ” ကို နည်းမျိုးစုံ၊ အခက်အခဲမျိုးစုံနဲ့ သွားနေကြရမှာပဲလေ။
.
ဒါပေမယ့် အဲဒီ့ “ပန်းတိုင်” ကို ရောက်ဖို့ ကြာနေတာ ဘာကြောင့်လဲ? ပြန်စဉ်းစားကြည့်ပါ..
သင် “အချစ်” ဆိုတဲ့ “ဘူတာ” မှာ အချိန်ဘယ်လောက်ဖြုန်းပြီးပြီလဲ?

သင် “အပေါင်းအသင်း” ဆိုတဲ့ “ဘူတာ” မှာရော အချိန်ဘယ်လောက် ဖြုန်းပြီးပြီလဲ?
သင် “အပျော်အပါး” ဆိုတဲ့ “ဘူတာ” တွေ၊ တစ်ခြား မလိုအပ်တဲ့ “ဘူတာ” တွေထဲမှာ အချိန်ဘယ်လောက် ထပ်ဖြုန်းပြီးပြီလဲ?

အရာရာဟာ အတိုင်းအတာ တစ်ခုထက် လွန်သွားရင် မကောင်းပါဘူး။ “တန်ဆေး.. လွန်ဘေး” ပါ။

မလိုအပ်တဲ့ “ဘူတာ” တွေမှာ သင့်အနေနဲ့ ဆက်ပြီးအချိန်ဖြုန်းနေဦးမယ်ဆိုရင် သင့်ရဲ့ “ရည်မှန်းချက်” ပန်းတိုင်က သင့်အသက်အရွယ်ကြောင့် တစ်ဖြည်းဖြည်း ပိုဝေးသွားပါလိမ့်မယ်။

တိုးတက်နေတဲ့ ခေတ်ကြီးမှာ “တိုးတက်အောင်” လုပ်ဖို့ လွယ်ကူနေသလို “ပျက်စီး” အောင် လုပ်ဖို့လည်း လွယ်ကူနေပါတယ်။ 

ဒါတွေဟာ သင့်ကို ပြုပြင်ထိန်းသိမ်းနိုင်မယ့် သင့်ဦးနှောက်၊ အသိစိတ်ဓါတ်၊ ရွေးချယ်မှုတွေနဲ့ပဲ ဆိုင်ပါတယ်။

“အချိန်” တွေက အရမ်းကို တန်ဖိုးရှိပါတယ်။
“တန်ဖိုး” ရှိတဲ့ အချိန်တွေကို အခုချိန်မှာ အသုံးမချတတ်ဖူးဆိုရင် နောင်တစ်ချိန် “နောင်တတရား”ဆိုတဲ့အရာနဲ့ ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ.. “ဒူးထောက်အရှုံးပေး” ရတဲ့သူက သင်ဖြစ်သွားပါလိမ့်မယ်။
Ref: (Focus Youth) 


Thursday 18 August 2016

တကယ့် အဖော်..။



လူတွေဟာ အဖော်ကို အများကြီးရှာတယ်။ ကိုယ့်စိတ်ကို သိပြီး နေနိုင်တဲ့လူဟာ ပြင်ပအဖော်ကို ရှာဖို့ မလိုတော့ဘူး။ 

ကိုယ့်စိတ်ထဲမှာပဲ သတိ၊ သမာဓိ၊ ပညာတွေ ဖြစ်နေတဲ့လူဟာ အဲဒါလေးကို သိပြီးတော့ အဖော်လုပ်ပြီးတော့ နေလို့ရတယ်။ပြင်ပအဖော်ဆိုတာဟာ ကိုယ်နဲ့ အတူတူ အမြဲတမ်း မပါနိုင်ဘူး။

 အပေါ်ယံအဖော်ပဲ ဖြစ်မယ်။ ခဏ အဖော်ပဲ ဖြစ်မယ်။ တကယ့် တကယ် ဒုက္ခနဲ့တွေ့တဲ့အခါ အခက်အခဲနဲ့ တွေ့တဲ့အခါမှာ အဲဒီ ပြင်ပအဖော်က ကိုယ့်ကို ဘာမှ ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ နဲနဲပါးပါးတော့ ပေးနိုင်မှာပေါ့။

မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက ကိုယ့်ဒုက္ခရောက်တဲ့အခါမှာ သူတို့ တတ်နိုင်သလောက်တော့ အကူအညီ ပေးမယ်ပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကို ပျောက်သွားအောင်တော့ သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။

 ပိုက်ဆံ ပေးချင်ပေးမယ်။ နေမကောင်းတဲ့အခါ ဆေးဝါးပေးမယ်။ စားစရာ သောက်စရာ ပေးမယ်။ မိသားစုဆိုလည်း နှိပ်ပေးမယ်။ တစ်ခုခုပေါ့။ သက်သာအောင် လုပ်ပေးမယ်။ ဒါလောက်ပဲ သူတို့ တတ်နိုင်တယ်။ 

တကယ် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကိုတော့ ဘယ်သူမှ ကူပြီးတော့မျှပြီးတော့ အဖော်အဖြစ် မခံစားပေးနိုင်ဘူး။
အဆိုးဆုံး အခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန် ရောက်ပြီးဆိုပါတော့။ ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး။ 

မျက်စိကလည်း ကြည့်လို့ ကောင်းကောင်း မမြင်ရတော့ဘူး။ မှုန်ဝါးလာပြီ။ နားကလည်း ကောင်းကောင်း မကြားရတော့ဘူး။ ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ကောင်းကောင်းမသိတော့ဘူး။ ထုံကုန်ပြီဆိုပါတော့။ 

စိတ်ကတော့ သိနေသေးတယ်။ ဘေးက ကြည့်နေတဲ့သူတွေကတော့ မျောနေပြီလို့ ထင်မှာပဲနော်။ တကယ်တော့ မျောချင်မှ မျောတာ။
လူတစ်ယောက် သူ့ကိုယ်တွေ့ကို ပြောပြတာကတော့၊ သူတို့ဘေးက လူတွေက မျောသွားပြီလို့ ပြောနေကြတယ်။ 

ဒါပေမယ့် ပြောနေတဲ့အချိန်မှာ အဲဒီပြောသံကို သူကြားနေရတယ်တဲ့။ အဲဒီအချိန်မှာ နားက မချုပ်သေးဘူး။ တကယ်သေတာမှ မဟုတ်ဘဲကိုး။ မျက်စိကတော့ မဖွင့်နိုင်ဘူး။ ပါးစပ်ကလည်း ပြန်မပြောနိုင်ဘူး။ 

တခြားလည်းပဲ အမူအရာနဲ့ သူဘာမှ လုပ်မပြနိုင်တော့ဘူး။ တစ်ကိုယ်လုံးက ငြိမ်ပြီးတော့ နေတာကိုး။ နားကတော့ ကြားနေသေးတယ်တဲ့။ ကာယပသာဒ အရင်ချုပ်တယ်။ ပြီးတော့ မျက်စိချုပ်တယ်။ 

နှာခေါင်းချုပ်တယ်။ လျှာထဲမှာဖြစ်တဲ့ အရာသာတွေကို မသိတော့ဘူး။ ချုပ်သွားပြီ။ ပတ်ဝန်းကျင်ကလူတွေက သူ့ကို မျောနေပြီလို့ ပြောပေမယ့် သူကတော့ သိနေသေးတယ်တဲ့။ သူမမျောပါဘူးတဲ့။ 

အဲဒီအချိန်မှာ တစ်ခုခုတော့ ပြန်ပြောချင်တယ်။ ဒါပေမဲ့ ပြောလို့ မရဘူးတဲ့။
အဲဒီတော့ အားငယ်တတ် ကြောက်တတ်တဲ့သူဆိုရင် အဲလိုအချိန်မှာ သူ့စိတ်ထဲ ဘယ်လိုနေမလဲ။ တော်တော်ကို အားငယ်နေလိမ့်မယ်။

 တော်တော်ကို ကြောက်နေလိမ့်မယ်နော်။ ကိုယ့်စိတ်ကိုယ် သိသူ၊ တရားကို အားထုတ်ပြီး နေတဲ့သူဆိုရင် အဲဒီအချိန်မှာ စိတ္တာနုပဿနာ အားထုတ်ပြီး နေလို့ရတယ်။ 

ကိုယ့်စိတ်လေး ကိုယ်သိပြီး နေလို့ရတယ်။ စိတ်ထဲမှာ ဖြစ်နေတဲ့ လှုပ်ရှားမှုတွေကို သိပြီး နေလို့ရတယ်။ အကယ်၍ လှုပ်ရှားမှုမရှိဘူးဆိုရင်လည်း အဲဒီလှုပ်ရှားမှု မရှိတာကိုဘဲ သိပြီးတော့ နေလို့ရတယ်။ 

အဖော်မလိုတော့ဘူးနော်။နောက်ဆုံးအချိန်မှာ အဖော်မရှိပါဘူး။ နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျလူဆိုရင်တော့ အဲဒီသိနေတဲ့ ကိုယ့်ရဲ့ ဘာဝနာလေးက ကိုယ်ရဲ့ တကယ့်အဖော်ဖြစ်လိမ့်မယ်နော်။ 

တကယ်တော့ ဘ၀သံသရာခရီးကို တစ်ကိုယ်တည်း သွားနေရတာပါ။ အဖော် မရှိပါဘူး။ ခဏ ဆုံမိကြတာပါ။ ဒီဘ၀မှာ ခဏလာဆုံပြီးတော့ ပြီးရင် လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရဦးမှာပါ။

သံသရာတစ်လျှောက်လုံး လိုက်ပြီး အဖော်လုပ်ပေးမဲ့သူ မရှိပါဘူး။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
လေးစားပါတယ်၊ ဘ၀တန်ဘိုး၊ အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

ကျောခိုင်းရန် သင့်တော်သူများ..။



း❀း ပျော်ရွှင်မှုကို
 အမြဲပျက်စီးစေတဲ့သူ

း❀း ယုံကြည်မှုကို 
အလွဲသုံးစားလုပ်တဲ့သူ

း❀း လေးစားမှုနဲ့ 
မထိုက်တန်တဲ့သူ

း❀း မြတ်နိုးမှုကို 
တန်ဖိုးမထားတဲ့သူ

း❀း သစ္စာတရားနဲ့ 
မတန်တဲ့သူ

း❀း စေတနာကို 
စော်ကားတတ်တဲ့သူ

း❀း ပေးဆပ်မှုနဲ့
 မထိုက်တန်တဲ့သူ

း❀း ခွင့်လွှတ်ခြင်းနဲ့ 
မသက်ဆိုင်တော့တဲ့သူ

း❀း နားလည်ပေးမှုကို 
အခွင့်ကောင်းယူတတ်သူ

း❀း သည်းခံပေးမှုကို 
လှောင်ရယ်နေတဲ့သူ

 သေချာတယ် ဥပေက္ခာတရားဟာ ထို့သူတို့အတွက်ပဲဖြစ်သင့်ပြီး
ပြတ်သားစွာ ကျောခိုင်းသင့်သည်•••

          ##Story

Wednesday 17 August 2016

နင်မှ မသိခဲ့တာ..။


နင့်ရဲ့ အနီးမှာ ငါရှိနေခဲ့ပေမယ့်
နင့်ရဲ့အပြုံးတွေထဲ ငါ…..လဲကျခဲ့တာ
နင်မှမသိခဲ့တာ…..။

နင်နဲ့ မျက်ဝန်းငါမဆုံရဲခဲ့ပေမယ့်
နင့်ရဲ့အကြည့်ထဲ ငါသေဆုံးခဲ့ဖူးတာ
နင်မှမသိခဲ့တာ……။

နင့်နဲ့အတူစကားတွေပြောဖူးခဲ့ပေမယ့်
နင့်အသံတွေကြားတိုင်း
ရင်ခုန်ခြင်းတွေရှေ့ ဒူးထောက်ခဲ့ဖူးတာ
နင်မှမသိခဲ့တာ……။

နင့်အကြင်နာတွေနဲ့ မရင်းနှီးခဲ့ပေမယ့်
ခင်မင်မှုတွေအစပြုတိုင်း
စိတ်ကူးတွေနဲ့ ငါရူးခဲ့တာ
နင်မှမသိခဲ့တာ…..။

နင့်အချစ်တွေ ငါနားမလည်ပေမယ့်
တခြားတစ်ယောက်နဲ့ နင်ပျော်မြူးနိုင်ဖို့
ငါ့နှလုံးသားကို အကြိမ်ကြိမ်ငါစတေးပေးခဲ့ဖူးတာ
နင်မှမသိခဲ့တာ……။
       

ပထမဆုံးခြေလှမ်း....



လူ့လောကကို လျှောက်လှမ်းကြရတဲ့သူတိုင်းမှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ အောင်မြင်ခြင်းတွေ၊ ကျဆုံးခြင်းတွေ၊ ပူဆွေးဝမ်းနည်းရခြင်းတွေ၊ ပျော်ရွင်ကြည်နူးခြင်းတွေဟာ လူတိုင်းလူတိုင်းမှာ ကြုံတွေ့နေကြရတဲ့ အရာတွေပါဘဲ။ 

ဒီလို ကြုံတွေနေရတဲ့ လောကဓံ တရားတွေကိုဘဲ လူဆိုတဲ့သူတွေက ချိုမြိုင်နေကြတာလား ဒါမှမဟုတ် ဖြစ်လေ့ဖြစ်ထရှိတဲ့ လောက အရာတွေဘဲ ဆိုပြီး အံကြိုက်ခံနေကြတာလား ဆိုတာတော့မသိပါဘူး။ လောကရဲ့အကြောင်းကို အကုန်အစင် သိနိုင်ဖို့ဆိုတာကလည်း ဗုဒ္ဓဘုရားရှင်လို ဉာဏ်တော်နှင့် ပြည့်စုံမှသာ ဖြစ်နိုင်တာ မဟုတ်ပါလား။

လူလို့ ဆိုလိုက်ပေမယ့် လူတွေ တစ်ယောက်ချင်း တစ်ဦးချင်းမှာ မတူတဲ့ ကံတရားတွေ ပါလာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အဖြစ်ချင်း ၅၀% လောက် အလွန်တူတယ် ဆိုရင်တောင် အဲဒီ တူချင်းဟာ လူတစ်သန်းမှာ တစ်ယောက်လောက်ဘဲ ဖြစ်နိုင်တယ်လို့ အနောက်တိုင်း ခေတ်သစ် အတွေးအခေါ် ပညာရှင်တို့က ဆိုပြန်ပါတယ်။

လူရဲ့ လက်ဘွေဟာ လူ သန်းတစ်ထောင်မှာ တစ်ယောက် မတူဘူးဆိုတဲ့အတိုင်း လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကံတရားကလည်း သန်းတစ်ထောင်မှာ တစ်ယောက် မတူတတ်ကြပါဘူး။

 ဒီလို မတူတဲ့ ကံတရားတွေကို ပိုင်ဆိုင်ထားတဲ့ လူသားတွေမှာ မတူညီတဲ့ အရာတွေလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။ အဲဒါကတော့ လူတိုင်းလူတိုင်မှာ ဘယ်သူနဲ့မှ မတူတဲ့ အလှ တစ်ခု၊ ဘယ်သူနဲ့မှ မတူတဲ့ အရည်အချင်း စွမ်းရည် တစ်ခု၊ ဘယ်သူနဲ့မှ မတူတဲ့ စိတ်ထား တစ်ခု ဖြစ်ပါတယ်။

လောကမှာ လူတိုင်း လူတိုင်းမှာ အလှတရား တစ်ခု ရှိပါတယ်၊ အဲဒီ အလှတစ်ခုဟာ သူ့တစ်ယောက်မှာသာ ရှိတာဖြစ်ပြီး ဘယ်လိုလူမျိုးနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး၊ သူ့အလှဟာ သူ့အတွက် တစ်ကယ့် တန်ဖိုးပါဘဲ။ 

ဒီအလှ တစ်ခုကို နှစ်သက်တဲ့သူ ရှိမယ်၊ မနှစ်သက်တဲ့သူလည်း ရှိနေမှာပါဘဲ။ ဒါပေမယ့် အဲဒီ အလှတစ်ခုကို တန်ဖိုးထားတဲ့ လူနဲ့ တွေ့တဲ့အခါမှာတော့ အလှ တန်ဖိုးတွေ တက်ခဲ့ရတာပါ။ ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင် အလှစစ်ကို တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်သင့်တာပေါ့၊ တန်ဖိုးလည်း ထားသင့်တာပါဘဲ။

ဒီလိုဘဲ လောက လူတိုင်းမှာ မရှိပေမယ့် မိမိ တစ်ယောက်ထဲမှာဘဲ ရှိနေတတ်တဲ့ အရည်အချင်း စွမ်းရည် တစ်ခုလည်း ရှိပါသေးတယ်။ အဲဒီ အရည်အချင်းက မိမိ တစ်ယောက်ထဲမှာသာ ရှိတာဖြစ်တယ် လောကရဲ့ အခြား ဘယ်သူ့ဆီမှာမှ မရှိပါဘူး။ 

ဒီလို စွမ်းရည်ကိုလည်း မိမိကိုယ် မိမိသိအောင် လုပ်ရတာပေါ့၊ အဲဒီ ဘယ်သူမှ လိုက်မမှီတဲ့ အရည်အချင်း စွမ်းရည်ကို အသုံးချပြီး မိမိ ဘဝ ခရီးလမ်းအတွက် အဆင်ပြေအောင် ဆောင်ရွက် သွားနိုင်တာပါဘဲ၊ အဲဒီ စွမ်းရည် အရည်အချင်းကို နှစ်သက်တဲ့သူ၊ တန်ဖိုးထားတဲ့သူတွေနဲ့ တွေ့ရတဲ့အခါ တန်ဖိုးတွေ တက်ရတော့တာပါဘဲ။ 

ဒီလို တန်ဖိုးတွေ တက်လာဖို့အတွက် မိမိမှာရှိတဲ့ ကိုယ်ပိုင် စွမ်းရည်ကို ဓါးတစ်ချောင်းကို သွေးသကဲ့သို့၊ ကျောက်ကောင်း တစ်ပွင့်ကို အရောင်တင်သကဲ့သို့ အမြဲ သွေးထားနေမှ ဖြစ်တယ်။

စိတ်ထား တစ်ခုဆိုတာကတော့ အကျင့်နဲ့လည်း ဆိုင်တယ်၊ အချို့လူတွေက မြင့်မြတ်တဲ့ စိတ်ထားရှိတယ်၊ အချို့က သာမှန်ပါဘဲ၊ အချို့ကြတော့လည်း ညံဖျင်းသေးသိမ်တဲ့ စိတ်ထား ရှိကြတယ်။ 

ဒီနေရာမှာ မိမိရဲ့ စိတ်ထားဟာ သိပ်ကောင်းတယ်၊ အားလုံးထက် ငါကသာတယ် ဆိုပြီး ဘဝင်စိတ်နဲ့ ဆုံဖြတ်လို့တော့ မရဘူး။ 
လူ့လောကရဲ့ လူ့ကျင့်ဝတ်ဆိုတဲ့ စည်းမျဉ်းတွေ၊ မေတ္တာ တရားတွေ၊ အတ္တနဲ့ ပရဟိတဆိုတဲ့ စိတ်ထားတွေကို ပေတံ စံအဖြစ် ထားပြီးမှ တိုင်းတာလို့ ရတာဖြစ်တယ်၊ စိတ်ထားနဲ့ ပါတ်သက်ပြီးတော့ အကျယ်ချဲ့ရေပါအုံးမယ်၊ သူက ပြောရတာ ကျယ်ပြန့်လွန်းပါတယ်။

လူတိုင်းလူတိုင်းမှာ သဘာဝကပေးတဲ့ အလှ တစ်ခု၊ အရည်အချင်း စွမ်းရည် တစ်ခု၊ စိတ်ထား တစ်ခု တို့ရှိကြတာပါဘဲ၊ ဒီလို အကြောင်းအရာတွေကို ပိုင်ဆိုင်ထားကြတဲ့ လူတိုင်း မိမိတို့ရဲ့ ကိုယ်ပိုင် အလှ၊ စွမ်းရည်၊ စိတ်ထားတို့ကို အသုံးပြုပြီး လောက အရာရာကို သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ်ဖို့ အားတင် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ 

ဘာမှ အားငယ်စိတ် ပျက်နေဖို့ မလိုပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ အရည်အချင်းတွေနဲ့ လောက ခရောင်းလမ်းကို ရင်ဆိုင် ကျော်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းကိုသာ လှမ်းလိုက်ဖို့ လိုပါကြောင်း . .

လေပြေမောင် (ရိုးရာလေး)
www.yoyarlay.com

Tuesday 16 August 2016

ချန်နရာရဲ့ အကောင်းဆုံး အတွေးအခေါ်**၁၅**ခု...။


(၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာရယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံး ကိုယ်တိုင် လိုက်လုပ်ကြည့်ရလောက်အောင် အသက်မရှည်နိုင်ပါဘူး။

(၂) လူတစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အရင်ဆုံး အခုတ်ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံး ရှင်းထုတ်ခံရတတ်ပါတယ်။

(၃) မြွေတစ်ကောင်ဟာ အဆိပ်မရှိလျှင်ပင် အဆိပ်ရှိချင်ယောင် ဆောင်နေရပါမယ်။

(၄) မိတ်ဆွေဖြစ်ခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကျိုးကြည့်မှုအချို့ ရှိနေတတ်ပါတယ်။ ကိုယ့်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာ မရှိပါဘူး။ ဒါဟာ လက်ခံရန် ခက်ခဲလွန်းပေမယ့် ပကတိ အခြေအနေမှန်ပါပဲ။

(၅) အလုပ်တစ်ခုခု မစတင်မှီ မိမိကိုယ်ကို အမြဲတမ်း မေးခွန်းသုံးခု မေးပါ။ “ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ အကျိုးရလဒ်တွေက ဘာတွေလဲ။ အောင်မြင်နိုင်ပါ့မလား။” 
ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစား၊ ကျေနပ်လောက်တဲ့ အဖြေတွေ့မှသာ ဆက်လက်လုပ်ဆောင်ပါ။

(၆) ကြောက်ရွံ့မှု ပေါ်လာလျှင် ချက်ချင်းပင် တိုက်ခိုက်ဖယ်ရှားပစ်လိုက်ပါ။

(၇) လောကကြီးမှာ အကြီးမားဆုံးစွမ်းအားဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ နုပျိုမှုနဲ့ အလှအပပါ။

(၈) တစ်ခုခု စတင်လုပ်ဆောင်တဲ့အခါ ကျရှုံးမှာကို မကြောက်ပါနဲ့။ စွန့်လွှတ်အရှုံး မပေးပါနဲ့။ ရိုးရိုးသားသား လုပ်ကိုင်ဆောင်ရွက်တဲ့ လူတွေဟာ အပျော်ရွှင်ဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။

(၉) ပန်းပွင့်တွေရဲ့ ရနံ့ဟာ လေနှင်ရာဘက်သာ မွေးပျံ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ အရပ်မျက်နှာအားလုံး ပျံနှံ့ပါတယ်။

(၁၀)ဘုရားသခင်ဆိုတာ ရုပ်တုတွေမှာ ရှိမနေပါဘူး။ သင့်ခံစားချက်ဟာ သင်ရဲ့ ဘုရားသခင်ပါ။ သင့်စိတ်ဟာ သင်ရဲ့ ဘုရားကျောင်းပါ။

(၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းဖြင့် ကြီးမြတ်လာတာမဟုတ်ဘူး။ လုပ်ဆောင်ချက်ဖြင့်သာ ကြီးမြတ်လာတာပါ။

(၁၂) သင့် အဆင့်အတန်းထက် မြင့်နေတဲ့လူတွေ၊ နိမ့်ကျနေတဲ့လူတွေနဲ့ ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့။ အဲဒီလို မိတ်ဆွေဖွဲ့မှုမျိုးဟာ ဘယ်လိုပျော်ရွှင်မှုမျိုးကိုမှ မပေးကမ်းနိုင်ပါဘူး။

(၁၃) သင့်ကလေးကို ပထမ ငါးနှစ်တာကာလအတွင်း ချစ်သူတစ်ဦးလို ဆက်ဆံပါ။ နောက်ငါးနှစ်မှာ ဆူပူကြိမ်းမောင်းပါ။ ဆယ့်ခြောက်နှစ်အရွယ် ရောက်တဲ့အခါ သူငယ်ချင်းလိုဆက်ဆံပါ။ ကြီးပြင်းအရွယ်ရောက်လာတဲ့ ကလေးတွေဟာ သင်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပါပဲ။

(၁၄) မျက်မမြင်တစ်ယောက်အတွက် မှန်တစ်ချပ်ဟာ အသုံးမဝင်သလို လူမိုက်တစ်ယောက်အတွက် စာအုပ်တွေဟာလည်း အသုံးမဝင်ပါဘူး။

(၁၅) ပညာဆိုတာ အကောင်းဆုံး မိတ်ဆွေပါ။ ပညာတတ်တစ်ယောက်ကို နေရာတိုင်းက လေးစားတန်ဖိုးထားပါတယ်။ ပညာဟာ အလှတရားနဲ့ ငယ်ရွယ်နုပျိုမှုကို အနိုင်ယူပါတယ်။

နေလင်းအောင် 
Ref:ကျောက်သင်ပုန်း

ဘာကြောင့်လဲ..။


မင်းနဲ့ဆုံချိန်တိုင်းမှာ
ငါရင်တွေခုန်ခဲ့တာ
ဘာကြောင့်လဲ..။

မင်းနဲ့ဝေးချိန်တိုင်းမှာ
ငါဆွေးခဲ့ရတာ
ဘာကြောင့်လဲ...။

မဖြစ်နိုင်မှန်းသိပေမယ့်
ငါသိပ်ချစ်ခဲ့တာ
ဘာကြောင့်လဲ....။

အထီးကျန်ဆန်တဲ့ ညတွေမှာ
မေးခွန်းပေါင်းများစွာနဲ့
ငါ တစ်ယောက်တည်း................။

Monday 15 August 2016

အိမ်မက်များကို ရှာဖွေခြင်း..။


သင့်မှာ ထက်သန်တဲ့ အိမ်မက်တစ်ခုရှိပါသလား? အိမ်မက်ကို လက်တွေ့အဖြစ် ဘယ်လိုပြောင်းလဲအသုံးချရမလဲဆိုတာကိုရော သိပါသလား?

ကဲပါ.. သင့်ဘဝမှာ ဘာကို ဖြစ်ချင်လို့ဖြစ်ချင်မှန်း ရေရေရာရာမရှိသေးဘူးဆိုရင်တော့ ဒီအဆင့် (၄) ဆင့်နဲ့ သင့်ရဲ့အိမ်မက်တွေကို ရှာဖွေလိုက်ရအောင်ဗျာ။ 
.
အဆင့် (၁)

ဘာမှမလုပ်သေးခင်မှာ အရင်ဆုံး စဉ်းစားပါတဲ့။ စဉ်းစားဆိုတာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သေချာသိအောင် ကိုယ့်ကိုယ်ကို ရှာဖွေရမှာပါ။

 ကိုယ်ဖြစ်ချင်တာကို သိပြီဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းကို ထပ်ပြီးတော့ စဉ်းစားရမှာဖြစ်ပါတယ်။
.
အဆင့် (၂)
စဉ်းစားရင်းနဲ့ ဘာဖြစ်ချင်လဲဆိုတာသိပြီ။ ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိပြီဆိုရင်တော့ ဒုတိယအဆင့်အနေနဲ့ ယုံကြည်ပါ။ 

ကိုယ်လုပ်မယ့်အရာတစ်ခုကို ဒီအတိုင်းအလုပ်ဖြစ်ရုံလုပ်လိုက်တာနဲ့ ပြင်းပြတဲ့ ယုံကြည်စိတ်ကို အရင်းခံပြီး လုပ်လိုက်တာနဲ့ ဘာကွာသွားလဲဆိုတော့ ခရီးတစ်ခုကို စက်ဘီးနဲ့သွားတာနဲ့ မော်တော်ကားနဲ့ သွားတာနဲ့ ကွာသလိုကို ကွာသွားတာပါ။ 

လဲပြိုကျသွားတဲ့အခါမှာလည်း ထက်သန်တဲ့ ယုံကြည်စိတ်တစ်ခုက အရာရာကို တည့်မတ်ပေးသွားပါလိမ့်မယ်။
.
အဆင့် (၃) 
စဉ်းစားမယ်။ ယုံကြည်မယ်။ ပြီးရင်တော့ အိမ်မက်တွေအဖြစ် ပြောင်းလဲလိုက်ပါတော့။ သင့်ရဲ့အိမ်မက်ဆိုတာ သင့်ရဲ့အနာဂတ်လည်းပဲ ဖြစ်ပါတယ်။ 

သင့်လျှောက်ရမယ့် ဦးတည်ချက်၊ လမ်းလည်းပဲဖြစ်ပါတယ်။ အိမ်မက်တွေကို အကောင်အထည်ဖော်နေရတယ်ဆိုတဲ့ ခံစားချက်ကလည်း သင့်ဘဝကို အဓိပ္ပာယ်ရှိစေတဲ့ ခံစားချက်မျိုး ဖြစ်စေပါလိမ့်မယ်။
.
အဆင့် (၄) 
ဘာဖြစ်ချင်လဲဆိုပြီး စဉ်းစားလိုက်တဲ့အဆင့်ကနေပြီးတော့ သင့်အတွက် အိမ်မက်တစ်ခုရှိလာတယ်ဆိုတဲ့ အဆင့်တစ်ခုကို ရလာတဲ့အခါမှာတော့ လုပ်ကိုင်ရဲတဲ့ သတ္တိတစ်ခုကို မွေးရပါတော့မယ်။ 

တိုက်ခိုက်ရဲတဲ့ စစ်ဘုရင်ပဲ စစ်ပွဲကိုအောင်တာပါ။ ယှဉ်ပြိုင်ရဲတဲ့ သူရဲကောင်းကပဲ အောင်ပွဲကို ရတာပါ။ သင့်ရင်ထဲကို ရောက်လာတဲ့ အိမ်မက်တစ်ခုအတွက် အဆုံးစွန်ဆုံးထိရောက်အောင် သွားမယ်ဆိုတဲ့ သတ္တိမျိုး မွေးရပါလိမ့်မယ်။
.
ဘီလ်ဂိတ်၊ ဇူကာဘတ်တို့တွေဟာ သူတို့ရဲ့ ယုံကြည်ရာအိမ်မက်တွေအတွက် ထိပ်တန်းတက္ကသိုလ်တွေကနေ ကျောင်းထွက်ခဲ့ပါတယ်။ 
စွန့်စားမှုတွေ၊ သတ္တိတွေ ကြီးမားခဲ့ပါတယ်။ 
.
သင့်အတွက်ရော? အောင်မြင်ဖို့အတွက် ကျောင်းထွက်စရာတော့ လိုချင်မှလိုပါလိမ့်မယ်။ ဒါပေမယ့် သတ္တိရှိဖို့တော့ လုံးဝဥသုန် လိုအပ်ပါလိမ့်မယ်။
 Ref: (Focus Youth)

Sunday 14 August 2016

မပြောင်းလဲသော တစ်စုံတစ်ခု..။




နွေ . . .
နေတွေ ပူလို့ ချစ်ချစ် တောက်နေသည် . . .
ဒီရင်ထဲမှာလည်း ပူလောင်နေသည်။

မိုး . . .
ရေတွေ စွတ်လို့ ရွှဲရွှဲ စိုနေသည် . . .
ဒီရင်ထဲမှာလည်း ငိုကြွေးနေသည်။

ဆောင်း . . .
နှင်းတွေ ဖွေးလို့ ချမ်းချမ်း အေးနေသည် . . .
ဒီရင်ထဲမှာလည်း အေးခဲနေသည်။

ချစ်သူ . . .
နွေ၊ မိုး၊ ဆောင်း ရာသီတွေ ပြောင်းနေသည် . . .
ဒီရင်ထဲမှာတော့
ပူလောင်
ငိုကြွေး
အေးခဲ . . . နေဆဲပါ။

Tea (ရင်တွင်းဖြစ်)

အတိတ်က ချစ်သူ..။

အတိတ်က ချစ်သူရေ . . 
ငါမင်းကို သိပ်ပြီး ချစ်မိနေပေမယ့် 
ချစ်ပါတယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။ 

အတိတ်က ချစ်သူရေ . . 
ငါမင်းကို အရမ်း ဖက်ထားချင်ပေမယ့်
ဖက်ပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

အတိတ်က ချစ်သူရေ . . 
ငါမင်းကို အနမ်း မွှေးရှိုက်ချင်ပေမယ့် 
နမ်းပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

ဒီလိုနဲ့ ကြာလာတော့ ငါတို့ နှစ်ယောက် ဝေးပြီးရင်း ဝေးသွားခဲ့တယ် . . . 

အတိတ်က ချစ်သူရေ . . .
အချိန်တွေသာ ကုန်သွားပေမယ့် . . 
အရာအားလုံးဟာ မပြောင်းလဲခဲ့ဘူး။
နေရာတွေသာ ဝေးကွာသွားပေမယ့် . . 
လွမ်းတဲ့စိတ်က မပြေလျော့သေးဘူး။ 
အသက်တွေသာ အိုမင်းလာပေမယ့် . . 
ချစ်တဲ့စိတ်က မကုန်ဆုံးနိုင်ဘူး။ 

အတိတ်က ချစ်သူရေ . . . . 
တစ်ခါတစ်လေ သတိရတယ်
မကြာခဏ တမ်းတမိတယ်
အမြဲလိုလို ကြေကွဲတတ်တယ်
သတိရခြင်း၊ တမ်းတခြင်း၊ ကြေကွဲခြင်း တွေကြားမှာ . . . 
ကူးခတ်၊ ရှင်သန်၊ ရင်ဆိုင်း ရင်း . . . 
ငါဟာ . . အချစ်ဆိုတာကို နားလည်လာခဲ့ပြီ။ 

အားနည်းချက် နှစ်မျိုး..။




လူတွေမှာ အားနည်းချက် နှစ်မျိုးရှိပါတယ်. . . 
ပထမအားနည်းချက်က ကိုယ်တော်ကြောင်း ကိုယ်မသိဘဲအားငယ်နေတာဖြစ်ပြီး...။
 
ဒုတိယအားနည်းချက်ကတော့ ကိုယ်ညံ့တာ ကိုယ်မသိဘဲ ဘ၀င်မြင့်နေတာဖြစ်ပါတယ်. .။

သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးချင်ရင်
တောင်းပန်စကားပြောတာနဲ့ ဂုဏ်ပြုစကားပြောတာကို
 ပြောသင့်ပြောထိုက်တဲ့နေရာတိုင်း ၊ အချိန်တိုင်းမှာ အံဝင်ခွင်ကျ ပြောတတ်ဖို့လိုပါတယ်. .အမြင်ချင်းတူမလား..။

အသုံးမကျတဲ့ အမူအကျင့်စရိုက်တွေကို မစွန့်ပစ်တဲ့သူဟာ လွှင့်ပစ်ရမယ့် 
အမှိုက်တွေကို မီးခံသေတ္တာထဲ ထည့်သိမ်းထားတာနဲ့ အတူတူပါပဲ။

ဒီနေ့ကိုယ်လုပ်ရမယ့် အလုပ်ကိုယ့်ဘာသာ ကိုယ်သတ်မှတ်မထားရင် သူများတွေခိုင်းတာတွေ လုပ်ရင်း အချိန်တွေကုန်သွားလိမ့်မယ်လို့ မြင်ပါတယ်။
 

ကမ္ဘာကြီးက ရွာဖြစ်လာချိန်မှာ ကိုယ်က ရွာပြင်ထွက် အိပ်မောကျမနေသင့်ပါဘူး။ ဆက်တွေးပါ။ 
ကိုယ့်ကိုယ်ကိုယ်မှ မှန်မှန်ကန်ကန် စနစ်တကျ နေထိုင်၊ ပြောဆိုလုပ်ကိုင်တတ်ဖို့ မထိန်းကျောင်းနိုင်ရင် သူများတွေကို ဘယ်လိုဦးဆောင်မှာလဲ. သူများတွေကို ဦးမဆောင်ချင်တာကရပါသေးတယ်. .။

ကိုယ့်ကိုယ်ကိုယ်မှ ကိုယ် ဦးမဆောင်နိုင်ရင်တော့ ကိုယ်ပဲ ဒုက္ခရောက်မှာပါ...။

Ref: သုတဇုန်

နေညိုချိန်..။


အိမ်ပြန်ချိန်ဆိုတာ
ဘယ်တော့မှန်းမသိပေမယ့်
အိမ်ပြန်ရမယ်ဆိုတဲ့အသိနဲ့ကြည်နူးခဲ့တယ်။


အနာဂတ်ဆိုတာ
မရေရာပေမယ့်
စိတ်ကူးနဲ့မှန်း ပုံဖော်ပျော်ခဲ့တယ်။

မျှော်လင့်ချက်ဆိုတာ
မသေချာပေမယ့်
လေထဲတိုက်အိမ်ဆောက် ကျေနပ်ဖူးတယ်၊၊

ဘ၀အတွက်အဖော်ဆိုတာ
မရေရာပေမယ့်
သူ့လက်ကိုတင်းတင်းဆုတ် ရင်ခုန်ခဲ့ဖူးတယ်။

မချိုးချင်တဲ့ အကွေ့တစ်ခုမှာ
မလိုချင်ဘဲရခဲ့တဲ့ ကံတရားကြောင့်

အိမ်ပြန်ချိန်တွေေ၀၀ါးခဲ့ပြီ။
အနာဂတ်တွေလည်း မသေချာတော့။
မျှော်လင့်ချက်ဆိုတာလည်း ဖတ်လို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို
တင်းတင်းဆုတ်ဆုတ်ထားတဲ့ လက်တွေလည်း ပြေလျော့ခဲ့ပေါ့။

ဟိုး...တောင်ထိပ်မှာ
နေညိုသွားခဲ့ပြီပဲ။


ခင်မင်လျက်
အိမွန်တာ

မှတ်ချက်၊၊ ၊၊ ဒီတစ်ခါလည်းနေညိုပြန်ပြီလို့ ထင်မှာပဲနော် ...ဟဲဟဲ

Saturday 13 August 2016

အခက်အခဲတွေဟာ ကံဆိုးခြင်းလား..။

ဘဝမှာ ဆိုးရွားတယ်ဆိုတဲ့ အဖြစ်အပျက်တွေနဲ့ ခံစားမှုတွေရှိပါတယ်။
ဒီဆိုးရွားမှုတွေကပဲ ကျွန်တော်တို့ကို အားငယ်စေတယ်၊ စိတ်ပျက်စေတယ်၊ အရှုံးပေးချင်စိတ်တွေကို ဖြစ်စေပြီး ဝမ်းနည်းငိုကြွေးစေတယ်။
.
လူတိုင်းဟာ ကိုယ်ကြုံနေရတဲ့ ပြသနာကိုပဲ အခက်အခဲဆုံးလို့ ခံစားတတ်ကြတယ်။ တကယ်တော့ လောကမှာ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဒုက္ခကိုယ်စီ၊ အခက်အခဲကိုယ်စီ ခံစားနေပါတယ်။ 

ကျွန်တော်တို့တွေချည်းပဲ ကွက်ပြီး ကံဆိုးနေတာမဟုတ်ပါဘူး။ (တကယ်တော့ အခက်အခဲဆိုတာ ကံဆိုးမှုလို့ချည်း မမှတ်ယူသင့်ပါဘူး။ တစ်ခါတစ်လေ အခက်အခဲတွေကြားမှာ တိုးတက်ခြင်းတွေ၊ ကံကောင်းခြင်းတွေ၊ အခွင့်အရေးတွေ ပါလာတတ်ပါတယ်။)
.
အောင်မြင်တဲ့သူတိုင်းမှာ တူညီတဲ့အခြေအနေတစ်ခုကို ကိုယ်စီဖြတ်သန်းရပါတယ်။ ဒါကတော့ ခက်ခဲတဲ့အချိန်အခါနဲ့ အခက်အခဲတွေပါပဲ။

 ဒီတော့ ကိုယ့်မှာ စိတ်ပျက်စရာ၊ အားငယ်စရာ သောကအခက်အခဲတွေ ကြုံတဲ့အခါ စိတ်မှာတွေးလိုက်ပါ။ ဒီတောင်တွေကို ဖြတ်သန်းပြီးရင် နောက်မှာ စမ်းရေအေးတွေ စီးဆင်းနေမယ့် အိုအေစစ်ရှိမယ်လို့။ 

ကိုယ်က တောင်ပေါ်တက်နေရတဲ့အခါမှာ တစ်ချို့က ချောက်ထဲကျနေတဲ့အထိလည်း ရုန်းကန်နေရနိုင်ပါတယ်။
အဆိုးများကိုကျော်ဖြတ်ပြီး အကောင်းများကို ဖန်တီးနိုင်ကြပါစေ..
Ref: (Focus Youth)


Friday 12 August 2016

လွန်ဆွဲပွဲ..။


ဝမ်းနည်းစရာကောင်းတဲ့
နင်နဲ့ငါကြားက ချစ်ခြင်းတရား
အတ္တနဲ့ မာနသာများခဲ့
နင့်အတ္တရဲ့ ... အလုံးစုံပိုင်ဆိုင်လိုခြင်းနဲ့
အထိခိုက်မခံနိုင်ခဲ့တဲ့ ငါ့မာန
ရင်ဆိုင်ဆုံတွေ့ကြတော့
လွန်ဆွဲတဲ့ ပွဲတစ်ပွဲ
နင်နဲ့ငါ နွဲမိတယ်နော်
အတ္တနဲ့ မာန
အားပြိုင်ဆွဲတဲ့ပွဲမှာ
အတ္တလဲစိတ်ဆိုး
မာနလဲစိတ်ဆိုး
ရှေ့ဆက်မတိုးနိုင်လို့
အတ္တလည်း ကိုယ့်ကိုကိုယ်သတ်
မာနလည်း ခပ်ပြတ်ပြတ်ပဲဆုံးဖြတ်
နောက်ဆုံးရလဒ်က
နင်တစ်နေရာ ... ငါတစ်နေရာ
အဝေးဆုံးမှာ ..............။

သိန်းငှက် ပုံပြင်..။


တစ်ခါက လယ်သမားတစ်ယောက်ဟာ တောလည်ထွက်ရင်း သိန်းငှက်အသိုက်တစ်ခုကိုတွေ့ရာ ပူနွေးနေဆဲ ဥတစ်လုံးကို သူ့လယ်တဲဆီသို့ ယူခဲ့ပါတယ်။

ယူခဲ့တဲ့ သိန်းငှက်ဥကလေးကို သူ့ခြံက ကြက်ဥတွေနဲ့အတူရောထားလိုက်ပြီး ကြက်မကြီးကို ဝပ်စေခဲ့တယ်။

တနေ့မှာတော့ သိန်းငှက်ပေါက်ကလေးဟာ ဥအခွံကို အက်ခွဲထွက်လာကာ တခြားကြက်ကလေးတွေနဲ့အတူ ကြီးပြင်းလာခဲ့တယ်။

သိန်းငှက်ကလေးဟာ လယ်ယာထဲမှာ ကြက်တွေလိုပဲ ပြောင်းစေ့ဆန်စေ့တွေကို နှုတ်သီးနဲ့ကောက်စားရင်း တဖြည်းဖြည်းအသက်အရွယ်ရလာတယ်။

တနေ့မှာတော့ အိုမင်းလာပြီဖြစ်တဲ့ သိန်းငှက်ကြီးဟာ မိုးပေါ်ကိုအမှတ်မထင်မော့ကြည့်မိလိုက်တဲ့အခါ သူတစ်ခါမှမမြင်ဘူးခဲ့သော ကျယ်ပြောလှပတဲ့ကောင်းကင်ကြီးကို တွေ့လိုက်ရတယ်။

သိန်းငှက်အိုကြီးဟာ ကောင်းကင်ထက်မှာပျံဝဲနေတဲ့ သိန်းငှက်တစ်ကောင်ကိုမြင်လိုက်ရတဲ့အခါ ငြီးငြူလိုက်တယ်။

"ငါသာ သိန်းငှက်တစ်ကောင်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ"
(ဘာသာပြန်ဆိုဖော်ပြပါသည်)
သင်ခန်းစာ
လက်တွေ့ဘဝမှာ သိန်းငှက်အိုကြီးလို အစွမ်းအစရှိပါလျက်နဲ့ ကိုယ့်မှာအစွမ်းအစမရှိသလိုနေရင်း အချိန်တွေကုန်ဆုံးသွားတဲ့ အဖြစ်အပျက်တွေလဲ ရှိပါတယ်။

ကိုယ့်မှာရှိတဲ့အစွမ်းအစတွေပျောက်ဆုံးသွားလောက်အောင်ထိတော့ နေသာသလိုမနေသင့်ပါဘူး။

သင့်ရဲ့ထက်မြက်တဲ့အစွမ်းအစတွေကို ဖော်ထုတ်နိုင်ဖို့ ပတ်ဝန်းကျင်ရဲ့ ငြိမ်သက်မှုကိုကျော်လွှားသင့်ရင်ကျော်လွှားရပါလိမ့်မယ်။
Ref: မှတ်စုကြမ်း

Tuesday 9 August 2016

စာဖတ်ခြင်းဖြင့် ရင့်ကျက်အောင် နေပါ..။


============================

အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင် ချက်ချင်း
မစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်တတ်ပေမယ့် အခု
တော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကိုအချိန်မီ
ပြန်မျိုချတတ်လာတယ်။

အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့
အထိခံစားတတ်ပေမယ့် အခုတော့ တစ်ဖက်နား
ကဝင်ပြီး အခြားတစ်ဖက်က ထွက်သွားတယ်။

အရင်တုန်းက ရင်ဘတ်ထဲက ခံစားတာတွေကို
ဦးစားပေးခဲ့ပြီး အရူးကြီးတစ်ယောက်လိုဖြစ်ပေ
မယ့် အခုတော့ နှလုံးသားကို ခဏအနားပေးပြီး
ဦးနှောက်ကိုပဲ ပိုမျက်နှာသာပေးမိတယ်။ 

အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်
ကူကူ ယုံကြည်တတ်ပေမယ့် အခုတော့အချိန်
အတိုင်းအတာ တစ်ခုအထိစောင့်ကြည့်ပြီးမှ
ယုံတတ်လာတယ်။

အရင်တုန်းက ချစ်ရင်ချစ်တယ်၊ မုန်းရင်မုန်းတယ်
နေလို့ရခဲ့ပေမယ့် အခုတော့မုန်းတဲ့လူကိုပြုံးပြပြိး
ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့အလေ့အကျင့်တွေလဲ
ပိုင်ဆိုင်လာတယ်။

အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို
နေရတဲ့ ဘဝလေးကိုသတိရတယ်။ ဒါပေမယ့်
"ရောမ"ရောက်ရင် "ရောမသား"တွေလိုကျင့်ကြံ
ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့
အတူပြောင်းလဲလာရတယ်။

အမှားတစ်ခုစီက သင်ခန်းစာတွေပေးခဲ့တယ်။ 
အချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာရွတ်
တွေကျန်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒိအမာရွတ်တွေ
ကို ဆုတံဆိပ်တွေလို ဂုဏ်ယူစွာ တပ်ဆင်ထား
တယ်။ ဘယ်လောက်ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ပြီး
ဒီအခြေအနေထိရောက်လာလဲဆိုတာကိုဖော်ပြ
နေတဲ့အမှတ်အသားတွေမို့ တန်ဖိုးထားတယ်။

အသက်ကြီးလို့လူကြီးဖြစ်တာထက်၊ အသိကြီး
လို့ လူကြီးဖြစ်တာက ပိုကောင်းပါတယ်။

#မိုးရှင်း
cd

Wednesday 3 August 2016

ပြောက်ကျား..။



ပြောက်ကျား ငယ်နာမေကားမဟုတ်
ကြမ်းကြုတ်ရက်စက် မျိုးဂုဏ်ပျက်အောင်
ထိုးနှက်ရန်မူ ကျူးကျော်သူကို
ခံယူအောင်ပွဲ စစ်ဆင်နွဲဖို့
မလွဲတာဝန် ကျီပွန်ထမ်းရွက်
ခရီးဆက်သူ --။

ပြောက်ကျား
လူယမ်းကားမဟုတ်
မျိုးပြုတ်မခံ ဇာတိမာန်ကြောင့်
ပုန်ကန်တိုက်ခိုက် မျိုးချစ်စိတ်နန့်
ပစ္စက္ခသမိုင်း ကြမ္မာရိုင်းကို
တွန်းလှန်လိုသူ --။

ပြောက်ကျား
အကြမ်းဖက်သမား မဟုတ်
နစ်မြုတ်မခံ ကျွန်ဘဝအတွက်
တွန်းလှန်ဖယ်ယှား လူမျိုးခြားကို
တရားတဖက် ဒါးတလက်နန့်
အသက်ကိုပီး သွီးချောင်းစီးလည်း
ရန်ကြွီးထပ်လီ မျိုးချစ်ပီပြင်
တိုက်ပွဲဝင်သူ --။

ပြောက်ကျား
မတရား မလုပ်
မဟုတ်မခံ မမှန်မပြော
တရားသောစစ် အောင်ပွဲထိုက်ဖို့
ဆက်တိုက်ချီတက် ခရီးဆက်ယင်း
သွီးလမ်းခင်းသူ --။

ပြောက်ကျားလို့ဆိုဆို
သူပုန်လို့ပြောပြော
အမှန်တရားနန့် အမျိုးသားရေး
ရှိမျှော်တွေးလို့
ဖောက်လွဲဖောက်ပြန်
နယ်ချဲ့ ရန်ကို ခုခံသူရာ --။

ပြောက်ကျားရို့၏သမိုင်း
ခပ်ရိုင်းရိုင်းကားမဟုတ်
ပြောက်ကျားရို့၏စရိုက်
ယုတ်ယုတ်မိုက်မိုက်လည်း မဟုတ်ယေ
ငြိမ်းချမ်းရေးနန့် အမျိုးသား
လွတ်မြောက်ရေးအတွက် အမြုတေ
မွန်မြတ်ရေ နှလုံးသားနန့် ထုဆစ်
သမိုင်းတခေတ်၏ အသင့်တော်ဆုံး
လက်ရာကိုဖန်တီး
မအီးချမ်းနိုင်ရေ လူသားမျိုးနွယ်ရို့၏ဇစ်မြစ်
မြီအောက် မရောက်ဖြစ်အောင်
သမိုင်းပီး တာဝန်ကိုထမ်း
မီးခင်းလမ်းဘဲ ဖြစ်ဖြစ်
သွီးခင်းလမ်းဘဲ ဖြစ်ဖြစ်
ရသင့်ရထိုက်သော အဖိုးအဖီးအမွီအတွက်
ကိုယ်ကျိုးစွန့်(အရာရာ)
ပီးဆပ်ဝန့်သူအမှန်ရာ --။ ။

ဘော်ဒါလူသား(၁၆။၂။၀၆)

သင့်ရဲ့အဆိုးတွေကို လက်ခံနိုင်သူဟာ အကောင်းတွေ အတွက်လည်း ထိုက်တန်ပါတယ်...


လူတိုင်းဟာ အမြဲတမ်းအောင်မြင်မနေပါဘူး။ လူတိုင်းဟာ အမြဲတမ်း လူကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။ 
လူတိုင်းရဲ့ဘဝဟာလည်း အမြဲတမ်းတော့ ပျော်စရာကောင်းမနေပါဘူး။
.
အောင်မြင်မှုကို သွားတဲ့နေရာမှာ ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီး အနှောင့်အယှက်တွေကို ရင်ဆိုင်ကျော်ဖြတ်ရတယ်။ 

လူတစ်ယောက်မှာလည်း ကောင်းတဲ့အကျင့်စရိုက်တွေရှိသလို၊ မကောင်းတဲ့ အကျင့်စရိုက်တွေလည်း ရှိတယ်။
 နောက်ပြီးတော့ ဘယ်လောက် ပျော်စရာကောင်းတဲ့ ဘဝမျိုးပဲဖြစ်နေပါစေ.. မျက်ရည်ကျရတဲ့ အခိုက်အတန့်ဆိုတာမျိုးတွေ ရှိတယ်။ ဒါ .. သဘာဝပါ။
.
ကိုယ့်ရဲ့ အခက်အခဲတွေကို အတူတူလက်တွဲရင်ဆိုင်ခဲ့တဲ့သူ။ 
ကိုယ့်ရဲ့ ဆိုးတဲ့အကျင့်နဲ့စရိုက်မှန်သမျှကို သည်းခံနားလည်ပေးတဲ့သူ။ ကိုယ့်ရဲ့ အိမ်မက်ဆိုးတွေတိုင်းကိုလည်း အတူမျှဝေပေးတဲ့သူ။
 ပြောရရင် ကိုယ့်ရဲ့ မကောင်းတဲ့အရာမှန်သမျှကို လက်ခံပေးတဲ့သူပေါ့။ ကိုယ့်ရဲ့ လက်တွဲဖော်ရဲဘော်ရဲဘက်ကောင်းတစ်ယောက်ပေါ့။

.
ဒီလိုလူတစ်ယောက်ဟာ ကိုယ့်ရဲ့ကောင်းတဲ့အရာတွေကို ခံစားဖို့လည်း ထိုက်တန်ပါတယ်။ ကိုယ့်ရဲ့အခက်အခဲတွေကို လက်တွဲရင်ဆိုင်ခဲ့သလို 
ကိုယ့်ရဲ့လက်ခုပ်သံတွေကိုလည်း မျှဝေဖို့.. ကိုယ့်ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ပုံကို တွေ့ရသလို ကိုယ့်ရဲ့အပြုံးတွေတိုင်းကိုလည်း မြင်ခွင့်ရဖို့.. ကိုယ့်ရဲ့ မျက်ရည်စက်တွေကို သုတ်သင်ခဲ့သလို ကိုယ့်ရဲ့ ကြည်နှုးမှုတွေကိုလည်း သူနဲ့အတူ ခံစားဖို့.. ထိုက်တန်ပါတယ်။
.
အောင်မြင်လာတဲ့အခါ ကိုယ့်ရဲ့ခက်ခဲတဲ့အချိန်က ရဲဘော်တစ်ယောက်ကို မမေ့ပါနဲ့။ သူဟာ သင့်ဘဝရဲ့ အကောင်းဆုံးသူတွေထဲက တစ်ယောက်ဖြစ်မှာ သေချာပါတယ်...
  Ref: (Focus Youth)


အတ္တကြီးတဲ့သူတွေ အကြောင်း..။



(၁) ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမရှိဘူး
အထင်ရှားဆုံးလက္ခဏာကတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာပါ။ ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့ ခံစားချက်ကိုပဲရှေးရှုတဲ့အတွက် ဘေးနားကလူတွေကို မကြာခဏဆိုသလို လျစ်လျူရှုမိတတ်ပါတယ်။ သူတို့တွေဟာ မိတ်ဆွေအပေါင်းအသင်းလည်း နည်းပါတယ်။
.
(၂) မကောင်းဘူးလို့ အထင်မခံချင်ဘူး
သူတို့ရဲ့ မကောင်းတဲ့အရာတွေကို ထောက်ပြဝေဖန်တာကို မကြိုက်တတ်ပါဘူး။ အတ္တစိတ်ရှိနေပေမယ့်လည်း ကိုယ့်ကို လူတွေခင်မင်စေချင်တာ၊ အထင်ကြီးစေချင်တာ၊ အဲ့လိုစိတ်မျိုးတွေ ရှိတတ်ပါတယ်။
.
(၃) မျှမျှတတမမြင်တတ်ဘူး
ပတ်ဝန်းကျင်ကလူတွေနဲ့ သူ့ကိုယ်သူ ယှဉ်ကြည့်လေ့ရှိပြီး သူက ပိုပြီး သာတယ်လို့ ယူဆတတ်ပါတယ်။ ပိုပြီး တော်တယ်၊ ပိုပြီး ကြင်နာတတ်တယ်၊ ပိုပြီး ဂရုစိုက်တတ်တယ်။ စသဖြင့် ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်ပါတယ်။
.
(၄) စာနာစိတ်နည်းတယ်
ကိုယ့်အကြောင်းကို တွေးတတ်သလောက်၊ ကိုယ့်ခံစားချက်ကို ဦးစားပေးသလောက် သူများအတွက်ကျ စာနာစိတ် နည်းပါတယ်။ ဒီလိုစာနမှုကင်းလို့ အပြစ်ရှိတယ် ခံစားရရင်လည်း ကိုယ့်ကိုယ်ကို ဖြည့်တွေးတတ်ပါတယ်။
.
(၅) အကျိုးစီးပွားတွေအကြောင်း တွေးတယ်
တစ်ခုခုလုပ်မယ်ဆိုရင် သူတို့ရဲ့အကျိုးစီးပွားတွေအကြောင်း တွေးတတ်ပါတယ်။ အကျိုးယုတ်မယ့်ကိစ္စဆိုရင် တတ်နိုင်သမျှ ရှောင်ရှားသွားလေ့ရှိပါတယ်။
.
(၆) သူများတွေရဲ့အမိန့်
အတ္တကြီးသူတွေဟာ သူသိ၊ သူတတ်လို့ ယူဆတတ်သလောက် တစ်ယောက်ယောက်က သူ့ကို အမိန့်ပေးနေတယ်လို့ယူဆရင် မနာခံတတ်ပါဘူး။ 
.
(၇) ဆင်ခြေပေးတတ်တယ်
သူတို့ရဲ့ အမှားတွေ၊ အပြစ်တွေနဲ့ ပတ်သက်လာရင် ဆင်ခြေတစ်ခုခု အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ဒါဟာ သူတို့ရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။
.
(၈) တောင်းပန်ရမှာ ဝန်လေးတယ်
အမှားတွေအတွက်လည်း တောင်းပန်ရတာ ဝန်လေးပါတယ်။ ဒါပေမယ့် သူ့အပေါ် အပြစ်ကျူးလွန်ရင်တော့ အမှတ်ထားတတ်ပါတယ်။
.
(၉) ကြောက်တတ်တယ်
အတ္တကြီးတဲ့သူ အများစုက ကြောက်တတ်ပါတယ်။ သူတို့ နာကျင်ခံစားရမှာ၊ ဆုံးရှုံးရမှာ၊ လဲပြိုကျမှာကို အရမ်းကြောက်ပါတယ်။
.
(၁၀) ကိုယ့်ကိုယ်ကို ချစ်တတ်တယ်
သူများကိုချစ်တာထက်စာရင် ကိုယ့်ကိုယ်ကို ပိုချစ်တတ်ပါတယ်။ တစ်ဖက်ကကြည့်ရင် ကောင်းတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ တစ်ဖက်စွန်းကို ရောက်သွားတဲ့အခါ အတ္တစိတ်တွေ လွန်ကြူးလာတတ်ပါတယ်။
(Focus Youth)
Ref: LH

Monday 1 August 2016

ယောက်ျားပီသဖို့ ဆိုရင်..။


သားရေ....

မေးလို့သာဖြေလိုက်ရတယ်။ သားကအဲဒါတွေနားလည်ဖို့ အသက်ငယ်လွန်းပါသေးတယ်။ ဒါပေမဲ့ သားမေးတုန်း၊ ပူပူနွေးနွေးရှိတုန်း ဖြေဆိုထားချင်တယ်။ သားနားမလည်နိုင်သေးရင်လည်း စာနဲ့ဖြေဆိုထားတာပေါ့။ ဒီထဲမှာ ပါတဲ့အချက်တွေ အားလုံး ဖေဖေလည်း မလိုက်နာနိုင်ခဲ့ပါဘူး၊ ဒါကြောင့်မို့လို့လည်း ဖေဖေဘ၀ မအောင်မြင်ခဲ့တာပါ။ သားကို ပျော်ရွှင်စေချင်တယ်။ အောင်မြင်စေချင်တယ်။ ယောက်ျားပီသစေချင်တယ်။ ယောက်ျားပီသဖို့ဆိုရင်......

၁ ။ တည်ငြိမ်ဖို့လိုပါတယ်။ 
------------------------

(က) လွယ်လွယ်နဲ့ ကိုယ့်ခံစားချက်ကို မျက်နာမှာ မပြသရဘူး။

(ခ) တွေ့တဲ့လူနဲ့ ကိုယ့်ဒုက္ခတွေ၊ အခက်အခဲတွေ မပြောရဘူး။ 

(ဂ) သူများရဲ့ အကြံအဥာဏ်ကို မတောင်းဆိုခင် ကိုယ်ကိုယ်တိုင်အရင် စဉ်းစားထားပါ။ ဒါပေမဲ့ အရင်မပြောပါနှင့်။ 

(ဃ) အတတ်နိုင်ဆုံး complain မတက်ပါနှင့်။ မငြီးညူ ပါနှင့်။ 

(င)  အရေးကြီးတဲ့ ကိစ္စများကို အတတ်နိုင်ဆုံး သူများနဲ့ အရင်ဆွးနွေးပါ။ ဖြစ်နိုင်ရင် တစ်ရက်ကျော်ပြီးမှ အပြင်ကို   ဖေါ်ထုတ်ပါ။

(စ) စကားပြောတာ၊ အလုပ်လုပ်တာက အစ၊ လမ်းလျှောက်တာက အဆုံး ဘယ်တော့အခါမှ မလောပါနှင့်။

(ဆ) ကိုယ့်ကိုယ်ကို ယုံကြည်မူ ရှိတာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့ အယူအဆကို လည်း လစ်လျူမရူ့ ပါနှင့်။ 

(ဇ) လူတိုင်းအပေါ် ယဉ်ကျေးဖို့ မင်းမှာ တာဝန်ရှိတယ်။ သိထားရမှာက မင်းဘယ်သူ့ထက်မှ မထူးချွန်ပါဘူး။ 

၂။ အလေးထားဖို့ လိုပါတယ်။ 
-------------------------

(က) ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်သမျှ အကျိုးအကြောင်းဆက်စပ်မူ သွေးခေါ် စဉ်းစားရပါမယ်။ 

(ခ) မပြည့်စုံ မပြီးမြောက်လိုက်တဲ့ ကိစ္စများအပေါ် အကြောင်းရင်း ရဲ့ အရင်းအမြစ်ကို ဖေါ်ထုတ်တတ်ရပါမယ်။

(ဂ) ဓမ္မရိုးကျ ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်များအပေါ် ထိုးထွင်းမြင်တတ်အောင်ကြိုးစားရပါမယ်။ 

(ဃ) ဘာပဲလုပ်လုပ် အစီအစဉ် လုပ်ငန်းစဉ်အတိုင်း ပြုလုပ်တဲ့ အကျင့်ရှိရပါမယ်။ 

၃။  ယုံကြည်မူ ရှိရပါမယ်။ 
------------------------

(က) ဘယ်တော့မှ ယုံကြည်မူ ယုတ်လျှော့စေတဲ့ စကားမပြောဆိုပါနှင့်။

(ခ) ကိုယ့်ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ မပြုပြင်ပါနှင့်၊ ခဏခဏ နောင်တရတာမျိုး မဖြစ်စေနင့်။

(ဂ) လူအများ အငြင်းအခုန်ဖြစ်ပေါ်နေတဲ့ နေရာများမှာ ကိုယ့်ရပ်တည်ချက် မပျောက်ဆုံးပါစေနှင့်။ 

(ဃ) လူအများ စိတ်ဓါတ်ကျနေတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံခဲ့လို့ရှိရင် ကိုယ်ကအကောင်းမြင်နိုင်အောင်ကြိုးစားရမည်။

(င) ဘာကိုပဲလုပ်လုပ်၊ စိတ်နှစ်ကိုယ်နှစ် လုပ်တတ်တဲ့အကျင့် မွေးမြူထားရပါမယ်။ 

(စ) တစ်ခုခု အဆင်မပြေရင် ခဏရပ်လိုက်ပါ ။ ဖြေရှင်း ထိုးဖေါက်နိုင်ဖို့ နည်းလမ်းရှာပါ။ ချက်ချင်းပြန်စပါ။ 

၎။ သဘောထားကြီးရပါမယ်။ 
------------------------

(က) မိတ်ဆွေဖြစ်နိုင်တဲ့ မည်သူ့ကိုမဆို ပြိုင်ဘက်ဖြစ်အောင် မတွန်းပို့ပါနှင့်။

(ခ) သူများရဲ့ သေးငယ်တဲ့အမှား၊ ပျော့ကွက် ဟာကွက်တွေအပေါ် လုံးဝမတွက်ကပ်ပါနှင့်။

(ဂ) ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အတတ်နိုင်ဆုံး သဘောထားကြီးပါ။ 

(ဃ) ဘယ်တော့မှ ဘ၀င်မမြင့်အောင်နေထိုင်ပါ။ 

(င) မည်သည့်အောင်မြင်မူ မဆို သူများနဲ့ မျဝေနိုင်အောင် ကြိုးစားပါ။ 

၅။ ဂတိတည်ရပါမယ်။
--------------------

(က)  မဖြစ်နိုင်တဲ့အရာ ဘယ်တော့မှ လွယ်လွယ် နဲ့ မပြောမိပါစေနှင့်။

(ခ)  မဖြစ်နိုင်တဲ့ ကြွေးကြော်သံတွေ ဘယ်တော့မှ အသုံးမပြုပါနှင့်၊ 

(ဂ) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ သူများသိသိမသိသိ တပတ်ရိုက်တဲ့ အလုပ်မျိုး အမြဲရှောင်ရှားပါ။

(ဃ) လူလည်ကျတာမျိုး ဘယ်တော့မှ မပတ်သက်မိပါစေနှင့်၊ 

၆။ တာဝန်ယူရဲ ရပါမယ်။ 
--------------------

(က) အပြစ်အနာအဆာ တစ်ခုခုကို ပြန်လည်သုံးသပ်တော့မယ်ဆိုရင် ကိုယ်ကနေ အရင်စသုံးသပ်ပါ။ 

(ခ) ဘာစီမံကိန်းပဲဆွဲဆွဲ တစ်ခုလုံး ခြုံငုံသုံးသပ်တတ်တဲ့ အကျင့်မွေးမြူထားပါ။ 

(ဂ) ကိုယ့်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘယ်ပြသနာကိုမဆို တာဝန်ယူရဲပါ။ 

၇။ တိုးတက်အောင်အမြဲ ကြိုးစားနေပါစေ။
---------------------------

(က) ဗဟုသုတ စုဆောင်းတတ်တဲ့အကျင့်၊ မှတ်စုရေးတဲ့အကျင့် မွေးမြူထားပါ။

(ခ) ကိုယ့်ကိုယ်ကို နားလည်အောင် အမြဲကြိုးစားပါ။ ကိုယ့်ကိုယ်ကိုမှ အဆင်မပြေရင် ဘယ်သူ့နဲ့မှ အဆင်မပြေနိုင်ပါ။

(ဂ) ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ထားရှိပါ။ 

(ဃ) ဘာသာရေးကို ကိုင်းရိုင်းပါ။ ဒါပေမဲ့ ကိုယ်အစွမ်းကုန်မကြိုးစားလို့၊ ကိုယ်ကောင်းကောင်း မစီမံခံ့ခွဲတတ်လို့၊ ဘ၀မှာ ဆုံးရူံးမူ (သို့) မအောင်မြင်မူ နဲ့ ကြုံလာခဲ့ရင် ဘ၀ပေးကုသိုလ်မကောင်းလို့၊ ကံမကောင်းလို့ ဆိုတဲ့ပုံစံမျိုးနဲ့ အကြောင်းပြချက်မရှာပါနှင့်၊ ဆက်ကြိုးစားပါ။ 

Ref: WeChat
Credit;Sayar Aung Ko Latt