Monday 29 August 2016

နှိမ့်ချခြင်း..။


နှိမ့်ချခြင်းဆိုတာ လူရဲ့ ရှားရှားပါးပါး အရည်အချင်းကောင်းတစ်ခုပါ။ နှိမ့်ချခြင်းကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် အင်မတန် အစွမ်းထက်ပါတယ်။ 

ဒါပေမဲ့ ဒီခေတ်ကြီးမှာ လူအတော်များများက နှိမ့်ချခြင်းဆိုတာ မကောင်းဘူး။ နှိမ့်ချတယ်ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ အရှုံးပေးခြင်း၊ အညံ့ခံခြင်း၊ ကြောက်လန့်ခြင်းစတာတွေနဲ့ အတူတူပဲလို့ ယူဆလိုက်ကြတယ်။

အင်တာနက်ကနေ စာအုပ်တွေ ဝယ်ယူနိုင်တဲ့ အာမေဇုံ Amazon ဆိုတဲ့ ဝက်ဆိုဒ်မှာ “humility” ဆိုတဲ့ စာလုံးကို ရိုက်ထဲ့လိုက်ရင် စာအုပ်ပေါင်း ၁၂၀၀ စာရင်းကို တွေ့ရပါလိမ့်မယ်။ အဲဒီစာအုပ်တွေထဲက အများစုဟာ ဘာသာရေးနဲ့ ဝိညဉ်ရေးဆိုင်ရာ အမျိုအစားမှာ ပါဝင်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ တက်ကျမ်း စာအုပ်အမျိုးအစားမှာ အုပ်ရေ နည်းနည်းလေးလောက်ပဲ ပါဝင်တာကို တွေ့ရတယ်။ 

နှိမ့်ချခြင်းဟာ လူရဲ့ ကောင်းတဲ့ အရည်အချင်းဖြစ်တယ်ဆိုပေမဲ့ ဘာကြောင့် အခု လူတွေ အလေးမထားကြတာလဲ။ မိဘ ဆရာတွေနဲ့ ပါတ်ဝန်းကျင်ကလည်း အောင်မြင်သူကိုပဲ ချီးကျူးလေ့ရှိတတ်ကြတယ်။ 

အရှံးသမားဆိုရင် လူပျော့လူညံ့လို့ သတ်မှတ်ကြတယ်။ ဒီတော့ လူတွေဟာ ပညာရေး စီးပွားရေး လူမှုရေးကအစ တစ်ဦးထက်တစ်ဦးသာအောင် အပြိုင်အဆိုင် ကြိုးစားလာကြတယ်။ ပိုဆိုးစေတာက အာဏာ၊ ငွေနဲ့ ဥစ္စာဓန အားလုံး (သို့မဟုတ်) တစ်ခုကို ပိုင်ဆိုင်သူကို အောင်မြင်သူလို့ သတ်မှတ်လာကြတယ်။

 အောင်မြင်ကြီးပွားသူတို့က သူတို့ဘယ်လောက်ချမ်းသာကြောင်း သူတို့မှာ အာဏာ ဘယ်လောက်ရှိကြောင်း ထုတ်ဖေါ်ကြွားဝါတာကို လူတွေက အထင်ကြီးလာကြတယ်။ အဲဒါကို အမှန်လို့ ထင်လာကြတယ်။ သဘောကျလာကြတယ်။

 အဲဒီတော့ နိမ့်ချခြင်းဆိုတာ အောင်မြင်သူတွေ၊ ကြီးပွားသူတွေအတွက် အရေးမပါဘူး၊ မလိုအပ်ဘူး၊ သူတို့အတွက် မလိုအပ်ဘူးလို့ ထင်စရာ ဖြစ်လာတယ်။
တကယ်တမ်းမှာ အောင်မြင်သူတွေမှာ နှိမ့်ချမှု ရှိကြတယ်ဆိုတာကို အောက်က တကယ့်အဖြစ်အပျက်လေး ၂ ခုနဲ့ ဥပမာတင်စား ရေးပြပါမယ်။

အမေရိကန်နိုင်ငံမှာ အုပ်ချုပ်သူ ကိုလိုနီဗြိတိသျှအစိုးရကို တော်လှန်တဲ့ စစ်ပွဲတွေ ဆင်နွဲနေချိန် ကာလအတွင်းကပေါ့။ 
တနေ့မှာ အမေရိကန် တော်လှန်ရေးသမား စစ်သားတစ်စုဟာ လေပြင်းမုန်တိုင်းကျလို့ လမ်းပေါ်လဲကျနေတဲ့ သစ်ပင်ကြီးတစ်ပင်ကို လမ်းပွင့်သွားအောင် အားစိုက်တွန်းပြီး ဖယ်ရှားနေကြတယ်။

 သစ်ပင်ကြီးဟာ ကြီးမားလေးလံသလို စစ်သားဦးရေကလဲ နည်းတော့ တဖြည်းဖြည်းချင်းပဲ ရွှေ့နိုင်ကြတယ်။ နေပူကျဲကျဲအောက်မှာ စစ်သားတွေဟာ ချွေးသံတရွှဲရွှဲနဲ့ ကြိုးစား ရွှေ့နေကြတယ်။
 သူတို့အနားမှာ ရပ်နေတဲ့ တပ်ကြပ်တစ်ယောက်ကတော့ ဝင်ကူမလုပ်ပဲ စစ်သားတွေကိုသစ်ပင်ကြီးကို ဆက်ရွှေ့ဖို့ပဲ အော်ဟစ်အမိန့်ပေးနေတယ်။ 

သူတို့အနားကို မြင်းစီးလာတဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက မြင်းပေါ်ကနေ တပ်ကြပ်ကို မေးလိုက်တယ်။ စစ်သားတွေကို ဘာလို့ ဝင်မကူတာလဲလို့။ 
တပ်ကြပ်က ပြန်အော်ပြောလိုက်တယ်။ “ကျနော်က တပ်ကြပ်တစ်ယောက်ပါ။ ကျနော့်အလုပ်က ဝင်လုပ်စရာ မလိုပါဘူး။ အမိန့်ပေးဖို့ ခိုင်းဖို့ပါ” တဲ့။

အဲဒီလူဟာ ဘာမှ ပြန်မပြောပဲ မြင်းပေါ်က ဆင်းပြီး စစ်သားတွေကို ဝင်ကူပြီး အပင်ကြီးကို ရွှေ့ပေးတယ်။ မကြာခင် သစ်ပင်ကြီးကို လမ်းဘေးထိ ရွှေ့ပေးနိုင်လို့ လူတွေသွားလာဖို့ လမ်းပွင့်သွားတယ်။

သူလဲ မြင်းပေါ် ပြန်တက်ရင်း တပ်ကြပ်ကို လှမ်းအော်ပြောလိုက်တယ်။ “နောက်တစ်ခါ မင်းလူတွေ အကူအညီလိုရင် ကာကွယ်ရေးဦးစီးချုပ်ကို အကြောင်းကြားပြီး ခေါ်ခိုင်းလိုက်ပါ” တဲ့။

အဲဒီ မြင်းနဲ့ လူဟာ ဘယ်သူလဲ။ အမေရိကန်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဂျော့ဝါရှင်တန် (George Washington) ပါ။ နောင်မှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်လာခဲ့သူပါ။ တခုတော့ ရှိတာပေါ့။ 
သူက တံဆိပ်တွေတပ်ထားတဲ့ စစ်ယူနီဖေါင်း ဝတ်မထားပဲ အရပ်ဝတ်နဲ့ဆိုတော့ တပ်ကြပ်က သူ့ကို ဦးစီးချုပ်မှန်း ဘယ်သိပါ့မလဲ။ နှိမ့်ချတယ်ဆိုတာ ဒါပါပဲ။

နောက်တစ်ယောက်က နဲလ်ဆင်မန်ဒဲလားပါ။ မန်ဒဲလားဆိုတာ တောင်အာဖရိကနိုင်ငံမှာ လူဖြူအစိုးရရဲ့ ၂၇ နှစ်ကြာ ထောင်သွင်းအကျဉ်းချ ခံခဲ့ရတယ်။ထောင်က လွတ်မြောက်လာပြီးချိန်မှာ သူဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးကို ရခဲ့သလို တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တယ်။

သူ သမ္မတဖြစ်ပြီး မကြာခင်မှာ တရုတ်နိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို အလည်အပတ်သွားတယ်။ တရုတ်အစိုးရက မန်ဒဲလားတို့ အဖွဲ့ကို ရှန်ဟိုင်းမြို့က အကောင်းဆုံး ဟိုတည်ကြီးမှာ တည်းခိုနေထိုင်စေတယ်။

မန်ဒဲလားဟာ ညဦးပိုင်းရောက်တော့ အိပ်ရင် အဆင်သင့်ဖြစ်အောင်လို့ သူအိပ်ယာကို ကိုယ်တိုင်ပြင်ဖို့ လုပ်တယ်။ သူက ငယ်စဉ်ကလေးဘဝကတဲကနေ ညတိုင်း အိပ်ယာမဝင်ခင် သူ့အိပ်ယာကို ကိုယ်တိုင် ပြင်လေ့ရှိလို့ အကျင့်ပါနေပြီ။ 
သူ့ရဲ့ကိုယ်ရေးအရာရှိက အိပ်ယာပြင်တာကို ဟိုတယ်ဝန်ထမ်းတွေကို လုပ်ပါစေ၊ သမ္မတကိုယ်တိုင် အိပ်ယာပြင်တာဟာ တရုတ်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်နေပါတယ်လို့ မန်ဒဲလားကို ပြောပြတယ်။

ဒီတော့ မန်ဒဲလားက ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေကို ခေါ်ခိုင်းလိုက်တယ်။ သူတို့အားလုံး အခန်းထဲကို ရောက်လာတော့ သမ္မတကြီးမန်ဒဲလာက သူဟာ သူ့အိပ်ယာကို ကိုယ်တိုင်ပြင်ရမှ အိပ်ပျော်တတ်ကြောင်းနဲ့ သူကို ကိုယ်တိုင်အိပ်ယာ ပြင်ခွင့်ပြုဖို့ ဝန်ထမ်းတွေကို တောင်းပန်လိုက်တယ်။ 
သူ ခုလိုလုပ်လိုက်တာဟာ သူ့အပြုအမူကြောင့် ဟိုတယ်ဝန်ထမ်းတွေကို တရုတ်အစိုးရက အရေးယူမှာ စိုးရိမ်လို့ပါ။ သူဟာ သူလုပ်တာကို အကောင်ကြီးကြီးတွေ ဘာထင်ထင် ဂရုမစိုက်တတ်ပါဘူး။ ဒါပေမဲ့ သူကြောင့် အောက်ခြေလူတန်းစားတွေကိုတော့ မထိခိုက်စေချင်ဘူး။ နှိမ့်ချခြင်းဆိုတာ ဒါပါပဲ။

အခု နှိမ့်ချခြင်းဆိုတာ ဘာအကျိုးရှိသလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်ပါ။
နှိမ့်ချစိတ်ရှိသူဟာ မန်ဒဲလားလိုပဲ ကိုယ့်အကျိုးရှိဖို့ထက် သူများအကျိုးကို မထိခိုက်စေချင်ကြဘူး။ ဒါကြောင့် သူတို့ကို မနာလို မုန်းတီးသူ နည်းပါးတယ်။
 ဒီတော့ သူတို့မှာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပျော်ပျော်ရွှင်နေနိုင်ကြတယ်။ 
နှိမ့်ချစိတ်ရှိသူတွေဟာ ဒေါသ မောဟကင်းစင်နေလို့ သူတို့စိတ်ဟာ အမြဲ ကြည်လင်သန့်စင်နေတယ်။ လူချစ်လူခင် ပေါများတယ်။

သူတို့ဟာ ကိုယ်ကျိုးထက် အများအကျိုးကို အမြဲစဉ်းစားလုပ်တတ်သူတွေမို့ လူတွေရဲ့ လေးစားချစ်ခင်မှုကို ရရှိတယ်။ လူတွေဟာ နှိမ့်ချတတ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦဆောင်မှုနောက်ကနေ လိုက်ပါကြဖို့ ဝန်မလေးကြပါဘူး။

 နှိမ့်ချသူတို့ဟာ လွယ်လွယ်ကူကူနဲ့တော့ ခေါင်းဆောင်အဖြစ်က ကျဆုံးဖို့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နှိမ့်ချတဲ့ ခေါင်းဆောင်ကို လူအများက ချစ်ခင်လေးစားကြလွန်းလို့ပါ။

နောက်ဆုံးပြောပြချင်တာက နှိမ့်ချသူမို့ လုပ်သင့်၊ ပြောသင့်တာကို ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ မဆုံးဖြတ်ရဲ၊ မပြောရဲ၊ မလုပ်ရဲဘူးလို့ မထင်ပါနဲ့။ အဲဒါတွေဟာ တကဏ္ဍစီဆိုတာ နားလည်ထားဖို့ လိုပါတယ်။
Ref: ဗန်းမော်သိန်းဖေ

No comments:

Post a Comment