Wednesday 17 August 2016

ပထမဆုံးခြေလှမ်း....



လူ့လောကကို လျှောက်လှမ်းကြရတဲ့သူတိုင်းမှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ အောင်မြင်ခြင်းတွေ၊ ကျဆုံးခြင်းတွေ၊ ပူဆွေးဝမ်းနည်းရခြင်းတွေ၊ ပျော်ရွင်ကြည်နူးခြင်းတွေဟာ လူတိုင်းလူတိုင်းမှာ ကြုံတွေ့နေကြရတဲ့ အရာတွေပါဘဲ။ 

ဒီလို ကြုံတွေနေရတဲ့ လောကဓံ တရားတွေကိုဘဲ လူဆိုတဲ့သူတွေက ချိုမြိုင်နေကြတာလား ဒါမှမဟုတ် ဖြစ်လေ့ဖြစ်ထရှိတဲ့ လောက အရာတွေဘဲ ဆိုပြီး အံကြိုက်ခံနေကြတာလား ဆိုတာတော့မသိပါဘူး။ လောကရဲ့အကြောင်းကို အကုန်အစင် သိနိုင်ဖို့ဆိုတာကလည်း ဗုဒ္ဓဘုရားရှင်လို ဉာဏ်တော်နှင့် ပြည့်စုံမှသာ ဖြစ်နိုင်တာ မဟုတ်ပါလား။

လူလို့ ဆိုလိုက်ပေမယ့် လူတွေ တစ်ယောက်ချင်း တစ်ဦးချင်းမှာ မတူတဲ့ ကံတရားတွေ ပါလာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အဖြစ်ချင်း ၅၀% လောက် အလွန်တူတယ် ဆိုရင်တောင် အဲဒီ တူချင်းဟာ လူတစ်သန်းမှာ တစ်ယောက်လောက်ဘဲ ဖြစ်နိုင်တယ်လို့ အနောက်တိုင်း ခေတ်သစ် အတွေးအခေါ် ပညာရှင်တို့က ဆိုပြန်ပါတယ်။

လူရဲ့ လက်ဘွေဟာ လူ သန်းတစ်ထောင်မှာ တစ်ယောက် မတူဘူးဆိုတဲ့အတိုင်း လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကံတရားကလည်း သန်းတစ်ထောင်မှာ တစ်ယောက် မတူတတ်ကြပါဘူး။

 ဒီလို မတူတဲ့ ကံတရားတွေကို ပိုင်ဆိုင်ထားတဲ့ လူသားတွေမှာ မတူညီတဲ့ အရာတွေလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။ အဲဒါကတော့ လူတိုင်းလူတိုင်မှာ ဘယ်သူနဲ့မှ မတူတဲ့ အလှ တစ်ခု၊ ဘယ်သူနဲ့မှ မတူတဲ့ အရည်အချင်း စွမ်းရည် တစ်ခု၊ ဘယ်သူနဲ့မှ မတူတဲ့ စိတ်ထား တစ်ခု ဖြစ်ပါတယ်။

လောကမှာ လူတိုင်း လူတိုင်းမှာ အလှတရား တစ်ခု ရှိပါတယ်၊ အဲဒီ အလှတစ်ခုဟာ သူ့တစ်ယောက်မှာသာ ရှိတာဖြစ်ပြီး ဘယ်လိုလူမျိုးနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး၊ သူ့အလှဟာ သူ့အတွက် တစ်ကယ့် တန်ဖိုးပါဘဲ။ 

ဒီအလှ တစ်ခုကို နှစ်သက်တဲ့သူ ရှိမယ်၊ မနှစ်သက်တဲ့သူလည်း ရှိနေမှာပါဘဲ။ ဒါပေမယ့် အဲဒီ အလှတစ်ခုကို တန်ဖိုးထားတဲ့ လူနဲ့ တွေ့တဲ့အခါမှာတော့ အလှ တန်ဖိုးတွေ တက်ခဲ့ရတာပါ။ ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင် အလှစစ်ကို တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်သင့်တာပေါ့၊ တန်ဖိုးလည်း ထားသင့်တာပါဘဲ။

ဒီလိုဘဲ လောက လူတိုင်းမှာ မရှိပေမယ့် မိမိ တစ်ယောက်ထဲမှာဘဲ ရှိနေတတ်တဲ့ အရည်အချင်း စွမ်းရည် တစ်ခုလည်း ရှိပါသေးတယ်။ အဲဒီ အရည်အချင်းက မိမိ တစ်ယောက်ထဲမှာသာ ရှိတာဖြစ်တယ် လောကရဲ့ အခြား ဘယ်သူ့ဆီမှာမှ မရှိပါဘူး။ 

ဒီလို စွမ်းရည်ကိုလည်း မိမိကိုယ် မိမိသိအောင် လုပ်ရတာပေါ့၊ အဲဒီ ဘယ်သူမှ လိုက်မမှီတဲ့ အရည်အချင်း စွမ်းရည်ကို အသုံးချပြီး မိမိ ဘဝ ခရီးလမ်းအတွက် အဆင်ပြေအောင် ဆောင်ရွက် သွားနိုင်တာပါဘဲ၊ အဲဒီ စွမ်းရည် အရည်အချင်းကို နှစ်သက်တဲ့သူ၊ တန်ဖိုးထားတဲ့သူတွေနဲ့ တွေ့ရတဲ့အခါ တန်ဖိုးတွေ တက်ရတော့တာပါဘဲ။ 

ဒီလို တန်ဖိုးတွေ တက်လာဖို့အတွက် မိမိမှာရှိတဲ့ ကိုယ်ပိုင် စွမ်းရည်ကို ဓါးတစ်ချောင်းကို သွေးသကဲ့သို့၊ ကျောက်ကောင်း တစ်ပွင့်ကို အရောင်တင်သကဲ့သို့ အမြဲ သွေးထားနေမှ ဖြစ်တယ်။

စိတ်ထား တစ်ခုဆိုတာကတော့ အကျင့်နဲ့လည်း ဆိုင်တယ်၊ အချို့လူတွေက မြင့်မြတ်တဲ့ စိတ်ထားရှိတယ်၊ အချို့က သာမှန်ပါဘဲ၊ အချို့ကြတော့လည်း ညံဖျင်းသေးသိမ်တဲ့ စိတ်ထား ရှိကြတယ်။ 

ဒီနေရာမှာ မိမိရဲ့ စိတ်ထားဟာ သိပ်ကောင်းတယ်၊ အားလုံးထက် ငါကသာတယ် ဆိုပြီး ဘဝင်စိတ်နဲ့ ဆုံဖြတ်လို့တော့ မရဘူး။ 
လူ့လောကရဲ့ လူ့ကျင့်ဝတ်ဆိုတဲ့ စည်းမျဉ်းတွေ၊ မေတ္တာ တရားတွေ၊ အတ္တနဲ့ ပရဟိတဆိုတဲ့ စိတ်ထားတွေကို ပေတံ စံအဖြစ် ထားပြီးမှ တိုင်းတာလို့ ရတာဖြစ်တယ်၊ စိတ်ထားနဲ့ ပါတ်သက်ပြီးတော့ အကျယ်ချဲ့ရေပါအုံးမယ်၊ သူက ပြောရတာ ကျယ်ပြန့်လွန်းပါတယ်။

လူတိုင်းလူတိုင်းမှာ သဘာဝကပေးတဲ့ အလှ တစ်ခု၊ အရည်အချင်း စွမ်းရည် တစ်ခု၊ စိတ်ထား တစ်ခု တို့ရှိကြတာပါဘဲ၊ ဒီလို အကြောင်းအရာတွေကို ပိုင်ဆိုင်ထားကြတဲ့ လူတိုင်း မိမိတို့ရဲ့ ကိုယ်ပိုင် အလှ၊ စွမ်းရည်၊ စိတ်ထားတို့ကို အသုံးပြုပြီး လောက အရာရာကို သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ်ဖို့ အားတင် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ 

ဘာမှ အားငယ်စိတ် ပျက်နေဖို့ မလိုပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ အရည်အချင်းတွေနဲ့ လောက ခရောင်းလမ်းကို ရင်ဆိုင် ကျော်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းကိုသာ လှမ်းလိုက်ဖို့ လိုပါကြောင်း . .

လေပြေမောင် (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment