တစ်ခါတုန်းက တောအုပ် တစ်ခုအတွင်း ဖားတစ်ကောင် ဟာ ခုန်ဆွ ခုန်ဆွနဲ့ သွားရင်း တစ်နေရာ အရောက်တွင် များပြားလှတဲ့ ခြေထောက် တွေနဲ့ ဟန်ချက် ညီညီ လှမ်းလို့ လိုရာခရီး သွားနေတဲ့ ကင်းခြေများကို တွေ့တဲ့အခါမှာ အံ့သြ ကြီးစွာနဲ့ ကင်းခြေများကို ရပ်တန့်စေလို့ မေးလိုက် ပါတယ်။

”အဆွေ ကင်းခြေများ သင့်မှာ ဤမျှ များပြားလှသော ခြေထောက် တွေနဲ့ လိုရာခရီး ကို ထစ်ငေါ့ခြင်း မရှိ သွားလာနိုင်တာ ကို အံ့သြ မစွမ်း ဖြစ်မိပါတယ်။ 

ကျွန်ုပ်မှာ ခြေနှစ်ဖက် လက်နှစ်ဖက် သာရှိပေမယ့် နောက်ခြေ နှစ်ဖက်ကို အားပြု ခုန်လို့ ရှေ့လက်နှစ်ဖက်က အလိုက်သင့် ထိန်းကြောင်း ပေးကာ စီမံပြီး လိုရာခရီးကို သွားရပါတယ် … အသင် ကင်းခြေများ မှာရော များပြားလှတဲ့ ခြေထောက် တွေကို မည်သို့ စီမံထိန်း ကြောင်းလို့ သွားရပါ သလဲ … သိချင်၍ ဖြေပေး စေလိုပါတယ်။” 
လို့ မေးတော့ ကင်းခြေများ ဟာ ခဏအကြာ ငြိမ်သက် ပြီးနောက် ”အဆွေဖား … ကျွန်ုပ်တွင် လိုရာခရီး သွားဖို့ ခြေထောက် များအား မည်သည့် အစီအမံမျှ မထားရှိထားပါ … လိုရာခရီး သွားရန် ပထမ ခြေတစ်လှမ်း လှမ်းပြီးချိန်၌ ကျန်နောက် ခြေများက သူ့အလိုလို စီစဉ်တကျ လိုက်ပါ လာကြပါသည် … သင်အမေးရှိ၍ မည့်သည့် ခြေဖြင့် ပထမဆုံး လှမ်းပြီး မည်သည့် ခြေများက နောက်က မည်သို့ စီစဉ်တကျ လိုက်ပါ ရမည်ကို စီမံ တွေးတော၍ လှမ်းရန် ကြိုးစား ကြည့်သောအခါ ခြေလှမ်းတွေ လှမ်းမရအောင် အစီအမံများ ရှုပ်ထွေး ပြီး လိုရာခရီး သွားဖို့ ပထမ ခြေတစ်လှမ်းပင် လှမ်း၍မရ ဖြစ်ရပါသည် … သို့ဖြစ်၍ ကျွန်ုပ်၏ ပထမ ခြေလှမ်းကို စလှမ်းလို့ ကျန်နောက် ခြေလှမ်းများ သူ့အလိုလို လွတ်လပ်စွာ လိုက်ပါလို့ လိုရာခရီး သို့ ဆက်သွား ပါရစေတော့ …” ဟုပြောလို့ ကင်းခြေများ သည် လိုရာခရီး ကို ခြေထောက်များ ဟန်ချက်ညီစွာ လှမ်းလို့ တရွေ့ရွေ့ ထွက်ခွါသွား တာကို ဖားကတော့ အံ့သြတကြီး ငေးမောကြည့် နေမိပါတော့တယ်။

ဆိုလိုချင်တာက တစ်ဦး တစ်ယောက်ချင်းစီ ပိုင်ဆိုင် ကြတဲ့ စွမ်းရည်ချင်း ဘယ်လိုမှ မတူနိုင် ကြပါဘူး။ အစီအမံ၊ စီမံချက်၊ စီမံကိန်းကြီးတွေ ချမှတ်နေမှ မဟုတ်ပါဘူး၊ အဓိက ကတော့ ရည်မှန်းချက် ပန်းတိုင်ကို ရှေးရှုလို့ ပထမ ခြေတစ်လှမ်းပဲ စတင်ဖို့ လိုအပ်လှတယ်လို့ ထင်ပါတယ်။ ဒါဆို နောက်ကျန် ခြေလှမ်းတွေက စည်းလုံး ညီညာစွာနဲ့ ဟန်ချက် ညီညီ စနစ်တကျ လိုက်ပါ လာကြလိမ့် မယ်လို့ ယုံကြည်မိ ပါတော့တယ်။

Credit To >>ဘ၀စာမျက်နှာ