Wednesday 30 November 2016

ရောင့်တက်ကြ သူများ..။


-----------------------
တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင် နေထိုင်တယ်..။ အဲဒီမြွေဟောက်ဟာ အင်မတန်မှလည်း ဒေါသကြီးတဲ့အလျှာက် အနီးအနားဖြတ်သန်းသွားသမျှ ရွာသူရွာသားတွေကို အမြဲတမ်းလိုက်လံ ကိုက်ခဲပါသတဲ့။ အဲဒီလို ဖြတ်သန်းသွားတဲ့လူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင်တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ၀င်ရောက်ပြီး အိမ်တိုင်ရာရောက်လိုက်လံ ပေါက်တဲ့အထိ ဖြစ်လာပါသတဲ့..။
-
အဲဒီလို ဆိုးလွန်းတဲ့မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲသောက ရောက်ကြရပါသတဲ့..။ မိမိလယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့အထိ ဖြစ်လာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက်ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါသတဲ့..။ အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစ်စုံတစ်ရာမှ ထိခိုက်မှုမရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ ဒီလိုမေးခဲ့တယ်
-
"ရသေ့.. သင်ဟာ ငါဘယ်လောက်ပေါက်ပေါက် မဖြုံဘူးပဲ..။ ဒီရွာထဲကလူတွေဆို ငါပေါက်လိုက်လို့ကတော့ ကွမ်းတစ်ရာညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလိုနေနိုင်ရတာလည်း"
-
အဲဒီလို မြွေဟောက်ရဲ့အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးအေးချမ်းစွာနဲ့ ကဒီလိုဖြေလိုက်တယ်
-
"တကာမြွေဟောက်။ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့အရာမရှိဘူး။ သည်းခံခြင်းတရားက ငါ့ကို ကာကွယ်ပေးထားတာပဲ"
-
အဲဒီလို ရသေ့ကြီးရဲ့ အေးချမ်းစွာဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ဒေါသတွေပြေလျော့သွားပြန်တယ်။ အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေးစေခြင်းတရားတို့ကို ကောင်းစွာဟောပြခဲ့တယ်။ အဲဒီတရားအဆုံးမှာလည်း မြွေဟောက်ကို ဒီလိုပြောခဲ့တယ်။
-
"တကာမြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက်သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ်ပြုမိနေတယ်။ အဲဒီအကုသိုလ်မဖြစ်အောင် စောင့်ထိန်းလော့"
-
အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့်အကြောင်း ရသေ့ကြီးကို ကတိပေးလိုက်တယ်။
-
အဲဒီလိုနဲ့မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ ချုပ်တည်းတတ်လာတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်လာပါသတဲ့..။
-
အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ဘဲ တရင်းတနှီးရှိလာကြပါသတဲ့..။ နောင်အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်းအတင့်ရဲလာပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ.. အပေါ်ကတောင်ခွကျော်သွားကြပြန်တယ် ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲသည်းခံနေပြန်တယ်။ တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာပြန်တဲ့အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင်မသွားတော့ပဲ မြွေဟောက်အပေါ်က တက်နင်းလျှောက်လှမ်း သွားကြပြန်တယ်။ အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲသည်းခံနေခဲ့ရပြန်တယ်..။ အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့အပြင်..အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ဖိထားကြပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။ အဲဒီအခါ ရွာသားတွေက မြွေဟောက်ကိုတွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီးသည်းခံရပြန်တယ်။၊ နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးကကိုင်ကာ တစ်ယောက်တစ်လှည့် မွှေ့ယမ်း ဆော့ကစားကြပြန်သတဲ့..။ အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်းမရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကိုသွားရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ်
-
"ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့ ရောင့်တက်လာတယ်။ ခုဆို ကျုပ်ကို အမြီးကကိုင်ပြီး မွှေ့ယမ်းဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ်။ အဲဒီတော့ ကျုပ်ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာရောင်ပြန်ဟပ်ဆို၊ ခုတော့ ရောင်ပြန်မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်"
-
အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်
-
"မြွေဟောက်.. သေချာနားထောင်လော့.. ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ..။ ပါးပြင်းမထောင်ရဘူးလို့ မဆုံးမခဲ့ဘူး"
-------------------------------
တကယ်တော့ ကျွန်တော်တို့ဟာ ပုံပြင်ထဲက မြွေဟောက်တွေလိုပဲဖြစ်ကြတယ်။ မြွေဟောက်ဟာ အဆိပ်ကို အားကိုပြီး ရွာသားတွေကို လိုက်လံကိုက်ခံသလို ကျွန်တော်တို့တွေဟာလည်း ဥာဏ်ပညာ၊ ရုပ်ရည်ရူပကာ၊ စည်းစိမ်ဥစ္စာစတဲ့ သန်ရာသန်ရာ မာန်မာန ထောင်လွှားမှုတွေ အသီးသီးနဲ့ ရှင်သန်ကျင်လည်နေသူများသာဖြစ်တယ်။ အဲဒီလို ရှင်သန် ကျင်လည်နေတဲ့ မြွေဟောက်လိုလူတွေဖြစ်ပါလျက် ရသေ့ရဲ့ဆုံးမစကားကြောင့် ယဉ်ကျေးလာတဲ့ မြွေဟောက်လို ကျွန်တော်တို့တွေ ဖတ်ရှုမိတဲ့ စာပေ၊ နာယူမိတဲ့ တရားဓမ္မတွေကြောင့် ပဲ ကျွန်တော်တို့ဟာ ယဉ်ကျေးလာကြတယ်လို့ဆိုတယ်။ အဲဒီလို ယဉ်ကျေးသည်ခံလွန်းတဲ့အခါ မြွေဟောက်ဟာ ရသေ့ကြီးရဲ့တရားဓမ္မကို ဆင်ခြင်ပြီး ရွာသားတွေပြုသမျှ နုနေရသလို ကျွန်တော်တို့တွေဟာလည်း မိမိပတ်ဝန်းကျင်မှာရှိတဲ့ ဒေါသထွက်စရာ၊ မနှစ်မြို့စရာ၊ တင်စီးမှုတွေ၊ ပုတ်ခတ်မှုတွေ၊ ချောက်တွန်းမှုတွေ၊ ဒုက္ခပေးမှုတွေကို တရားနဲ့ဖြေ၊ အသိဥာဏ်နဲ့ချွန်းအုပ်ရင်း ကြိတ်မှိတ်သည်းခံရတဲ့ အခိုက်အတန့်တွေ ပေါ်လာတတ်တယ်လို့ဆိုတယ်။
-
လောကမှာရှိနေကြတဲ့လူတွေဟာ သည်းခံလွန်းတဲ့အခါ မြွေကို နှိပ်စက်အပ်တဲ့ ရွာသားတွေလို ရောင့်တက်လာတတ်ကြတဲ့ သဘာဝကိုလည်း ဒီပုံပြင်လေးကပြောပြနေပြန်တယ်။ မိမိရဲ့ စေတနာအားဖြင့်၊ မေတ္တာအားဖြင့် မျက်နှာထောက်ရှု သည်းခံပါများလာတဲ့အခါမှာလည်း တစ်ဖက်လူဟာ မိမိအပေါ် မလေးမစားပြုမူတတ်တယ်လို့ဆိုလိုတာပဲဖြစ်တယ်။ "ဒီကောင် ငပေါကြီးပါကွာ၊ ငါကဒါဆို ဆင်ခြေမတက်ရဲဘူး" ဆိုတဲ့စကားနဲ့တောင် ကွယ်ရာမှာ ပျက်ရယ်ပြုကြပြန်တယ်။ အဲဒီလို သည်းခံလွန်းတဲ့အခါ လူတွေရဲ့ ရောင့်တက်တတ်၊ အတင့်ရဲတတ်၊ အားမနာတတ်တဲ့သဘာဝကို "ကြောင်အိုလူမလေး" "ခွေးလေးအရောဝင် ပါးလျှက်နားလျှက်" "မျက်နှာသာပေး ရွှေရေးပန်းကန်တက်" စတဲ့ စကားပုံတွေ နဲ့ အမျိုးမျိုးညွှန်းဆိုကြပြန်တယ်။
-
အဲဒီလို ရွှေရေးပန်းကန်တက်ကြတဲ့အခါမှာတော့ ကျွန်တော်တို့ဟာ အမြီးကကိုင်ပြီး မွှေ့ယမ်းတာခံရပြီး ရသေ့ကို အပြစ်တင်တဲ့မြွေလို ကျွန်တော်တို့တွေဟာ မခံချည့်မခံသာနဲ့ အလွန်အမင်းဒေါသထွက် ပေါက်ကွဲတတ်ကြပြန်တယ်။ "မတရားတဲ့လောကကြီးပါလား" "ငါကောင်းသလောက် မကောင်းသူတွေပါလား" "မေတ္တရာရောင်ပြန်ဟပ်တယ်ဆိုတာ အလကားပါပဲ" ဆိုတဲ့ စကားတွေနဲ့ မည်တမ်းညဉ်းညူကြပြန်တယ်။ တစ်ခါတစ်ရံမှာလည်း အငြိမ်းအတေးတွေနဲ့အတူ ပူလောင်ခြင်း၊ လက်စားခြေလိုခြင်း စတဲ့ ဒေါသမီးတွေ လောင်မြိုက် လက်တုန့်ပြန်ကြပြန်တယ်။ အဲဒီအခါမှာတော့ မိတ်ပျက်ခြင်း၊ အပေါင်းအသင်းပျက်ခြင်း၊ သူ့အလွန်က ကိုယ့်အလွန်ဖြစ်ခြင်းစတဲ့အရာတွေဖြစ်တတ်တယ်လို့ဆိုတယ်။
-
အဲဒီလို အခိုက်အတန့်မျိုးတွေကြုံလာတဲ့အခါ သည်းခံခြင်းနဲ့မထိုက်တန်သောသူတွေကို အဆုံးအထိ ဆက်လက်သည်းခံမလား၊ လက်တုန့်ပြန်မလားဆိုတာဟာလည်း ကျွန်တော်တို့အတွက် မေးခွန်းတွေဖြစ်လာပြန်တယ်။ အဲဒီအခါ ရသေ့ကြီးဆုံးမသလို ကျွန်တော်တို့ဟာ ပြုမူတုန့်ပြန်ရမယ်လို့ဆိုတယ်။ ပါးပြင်းကိုသာ ခြောက်လှန့်တဲ့အနေနဲ့ထောင်ပြီး မကိုက်တဲ့မြွေလို လက်တုန့်ပြန်ခြင်း မပြုပေမယ့်လည်း "ဆိုရေးရှိသမျှ ဆိုတတ်ကြ" ရမယ်လို့ ဆိုတယ်။ သည်းမခံနိုင်တဲ့အဆုံးမှ ပေါက်ကွဲ ဒေါသထွက်နေမယ့်အစား ကြိုတင်ပြီးပွင့်လင်းစွာပြောဆိုခြင်းသည်သာ အပေါင်းအသင်းပတ်ဝန်းကျင်နဲ့ ရေရှည် လက်တွဲနိုင်မှာဖြစ်တယ်လို့ဆိုတယ်
-
ဆိုလိုတာက မြွေဟာ ပါးပြင်းထောင်ခြင်းနဲ့ လူတွေကို ခန့်ညားစေသလို သည်းခံခြင်းတရားကို လက်ကိုင်ထားပြီး ဒီလိုအပြုအမူတွေကို ပြုလုပ်ရမယ်လို့ဆိုတယ်
-
- မိမိရဲ့အမြင်ကို အမြင်အတိုင်းတင်ပြရဲခြင်း
- မိမိသဘောထားကို ပြောခြင်း
- မိမိသည်းခံနိုင်မှုအတိုင်းအတာကို ညင်သာစွာပြောဆိုရှင်းပြခြင်း
- ကြွားဝါမှုမပါစေဘဲ မိမိရဲ့ ဂုဏ်အရည်အချင်းကို သိရှိစေခြင်း
- အပြန်အလှန်လေးစားသမှု ပြသခြင်း
-
စတဲ့အရာတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ပါးပြင်းတွေကို ထောင်ပြသင့်တယ်လို့ဆိုတယ်။ အဲဒီလိုပြုမူခြင်းသည်သာ နောင်ဖြစ်လတ္တံ့သော ဒေါသတရားကို ကာကွယ်တားဆီးရာရောက်သလို၊ မိတ်ဆွေအချင်းချင်း ဆက်ဆံရေး ပြေလည်စေမယ်လို့ဆိုတယ်
-
Sometimes, being too nice is dangerous. You have to show your mean side once in a while to avoid getting hurt.
-
တစ်ခါတစ်လေ အလွန်အမင်းသဘောကောင်းခြင်းဟာ အန္တရာယ်ရှိတယ်။ နောင်ဖြစ်လာမယ့် နာကျင်ခြင်းတွေကို ရှောင်ရှားဖို့အတွက် မင်းရဲ့ သဘောထားအမှန်ကို ခေတ္တခဏတော့ ပြဖို့လိုတယ်" ဆိုတဲ့စကားလို အထက်ကဆိုခဲ့တဲ့ အတိုင်း ပြောဆိုသင့်ပြောဆိုအပ်တဲ့အချိန်မှာ ဆိုရေးရှိသမျှ ဆိုကြရမှာပဲဖြစ်တယ်...။
-
တစ်ခါတစ်ရံမှာလည်း ကျွန်တော်တို့ဟာ
နဂါးမှန်းသိအောင်တော့ အမောက်ထောင်ဖို့ လိုအပ်နေဦးမှာပဲဖြစ်တယ်။
Credit to (ဖြိုးသုတ)

No comments:

Post a Comment