Saturday 19 November 2016

တစ်ခါတုန်းက ငါးဖမ်းသား..။

တခါတုန်းကပေါ့...
ငါးဖမ်းစက်လှေတွအများကြီးပိုင်တဲ့ 
သူဌေးကြီးတစ်ဦးဟာ သူ့လှေတွေစစ်ဆေးဖို့
လမ်းလျှောက်ထွက်လာရင်း 
ကမ်းစပ်အရိပ်တစ်ခုမှာ အနားယူနေတဲ့ တံငါသည်လေးကိုတွေ့တော့ အားမလိုအားမရနဲ့
ဆုံးမစကားပြောတယ်...

"လူလေးရယ် ခုချိန်မှာ နားနေမယ့်အစား
နောက်တစ်ခေါက် ငါးဖမ်းထွက်ပါလားကွာ"

"ကျွန်တော်မနက်က ဟင်းစားရခဲ့ပြီးပါပြီဗျ...
နောက်တစ်ခေါက် ဘာလို့ထွက်ရမှာလဲ"လို့
တံငါသည်လေးက သူဌေးကြီးကို ပြန်ပြောတယ်။

"ဟာ..နောက်တခေါက်ထပ်ထွက်တော့ မင်း
အပိုဝင်ငွေပိုရမယ်..
အဲ့ခါကျတော့ငါးဖမ်းပိုက်ကောင်းကောင်း
ဝယ်နိုင်တာပေါ့..."

"ငါးဖမ်းပိုက်ကောင်းကောင်း ဝယ်နိုင်တော့
ဘာဖြစ်မှာမို့လဲ!!"

"ဟာ! အဲ့ဒါဆို ငါးတွေအများကြီးပိုမိပြီး
ငါးဖမ်းလှေတွေ ထပ်ဝယ်နိုင်မှာပေါ့ကွ"

"ငါးဖမ်းလှေတွေ အများကြီး ဝယ်နိုင်တော့ရော
ဘာဖြစ်မှာမို့လဲ.."

"ဟာ!ငါးဖမ်းလှေတွေအများကြီးပိုင်တော့ ငါ့လို
သူဌေးဖြစ်ပြီး ဘဝကို ဇိမ်ကျကျ နေနိုင်မှာပေါ့ကွ"

သူဌေးကြီးရဲ့စကားအဆုံးမှာ တံငါသည်လေးဟာ
ခပ်ထေ့ထေ့ပြုံးလိုက်ပြီး...

"ဇိမ်ကျကျဘဝကို ဖြတ်သန်းနိုင်မှာ ဟုတ်လား?
ခုရောကျွန်တော် ဘာလုပ်နေတယ်ထင်လဲဗျ"တဲ့။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ပုံပြင်လေးကို 
ဒီနေရာမှာ ရပ်လိုက်မယ်ဆိုရင်တော့ 
ကျွန်တော်တို့လူမျိုးတွေအကြိုက် 
ရောင့်ရဲတင်းတိမ်မှုနဲ့လည်း လောကကို 
ဇိမ်ကျကျဖြတ်သန်းနိုင်တာပဲလို့ 
မှတ်ယူတွေးထင်စရာဖြစ်ပါတယ်...။

ဒါပေမယ့် ပုံပြင်လေးဟာ ဒီလောက်နဲ့ ရပ်မသွားခဲ့ပါဘူး...

      ဒီလိုနဲ့ တစ်နေ့စာတစ်နေ့သာ 
ရှာဖွေပြီး ဇိမ်ကျခဲ့တဲ့ တံငါသည်လေးဟာ တစ်နေ့တော့ အပြင်းဖျားပြီး အိပ်ရာထဲ
လှဲနေရပါလေရော...။

သူ့သူငယ်ချင်းမိတ်ဆွေတွေဟာလည်း 
သူလိုဆင်းရဲတဲ့သူတွေမို့ တံငါသည်လေးရဲ့
စားဝတ်နေရေးနဲ့ ဆေးကုသဖို့ဟာ
ခက်ခဲလာပါတော့တယ်...။

တံငါသည်လေးသတင်းကြားတဲ့ 
စက်လှေပိုင်ရှင်သူဌေးကြီးဟာ
မနေနိုင်တော့ပဲ စားစရာတချို့နဲ့ 
ဆေးကုသစရိတ်ကို လာပေးလေတယ်တဲ့...

အဲ့ဒိအချိန်မှာ အလွန်ဒုက္ခရောက်နေချိန်မို့
လာကူညီတဲ့ သူဌေးကြီးကို တံငါသည်လေးဟာ
ကျေးဇူးတင်လွန်းလို့ သင့်မြတ်ရာမှာ ထိုင်စေပြီး
ကန်တော့ပါတယ်...

တံငါသည်လေးကန်တော့ကို ခံယူပြီးချိန်မှာ
သူဌေးကြီးက လေးနက်တည်ငြိမ်စွာနဲ့ စကားတခွန်းပြောတယ်...

"မင်းသာ ငါ ငါးဖမ်းထွက်ခိုင်းချိန်မှာ 
လိုက်နာခဲ့မယ်ဆို ခုချိန်မှာ 
ငါ့လို တစ်ဦးတစ်ယောက်ရဲ့
ကန်တော့ခံရမယ့်အခြေအနေ ရောက်နေလောက်ပြီ" တဲ့...။

.........................................

ပုံပြင်လေးရဲ့ အဆုံးထိ ကျွန်တော် ဖတ်ပြီးချိန်မှာတော့ ကောက်ချက်တစ်ခု ချမိတယ်...။

"ရောင့်ရဲတင်းတိမ်မှုတရားဆိုတာ 
လုံ့လလွန်  အားထုတ်ကြိုးစားမှုလွန်နေသူတွေ အတွက်သာ ဆေးဖြစ်တယ်...

ငပျင်းတွေအတွက် ပိုပျင်းကောင်းစေတဲ့ 
အကြောင်းပြချက် မဟုတ်ဘူး..
လက်ရှိအချိန်ထက် ပိုမဖျင်းချင်ရင်ပေါ့...
လို့။

လေးစားလျက်...။
Credit

No comments:

Post a Comment