Thursday 16 March 2017

သင့် အိမ်မက်တွေ ရှင်သန်ပါစေ....




ကလေးငယ်တွေမှာ သူတို့ကြီးလာရင် ဘာလုပ်မယ်၊ ဘာဖြစ်မယ် ဆိုတဲ့ အိပ်မက်တွေ အပြည့်ရှိကြတယ်။ လူကြီးတွေ ဖြစ်လာတဲ့အခါမှာတော့ ကျနော်တို့အများစုဟာ အိပ်မက်ကြီးကြီး မက်တတ်တဲ့ အလေ့အကျင့် ကို စွန့်ပစ်လိုက်ကြတယ်။ 

ဒါမှမဟုတ် ကျနော်တို့ဟာ အဲဒီအိပ်မက်ကြီးတွေနောက်ကို မလိုက်ကြတော့ ဘူး။ ဘာကြောင့် လူအတော်များများဟာ သူတို့ရဲ့ အိပ်မက်တွေကို မရှင်သန်စေဘဲ သေဆုံးခွင့်ပြု လိုက်ကြတာလဲ။

အကြောင်းရင်းတစ်ခုကတော့ တခြားသူတွေရဲ့ အဆိုးမြင် အတွေးတွေကြောင့်ပါပဲ။ ဒီလူတွေဟာ ရန်သူတွေမဟုတ်ပါဘူး၊ တချို့ဟာ မိတ်ဆွေတွေ၊ တစ်ချို့ဆိုရင် မိသားစုဝင်တွေတောင် ဖြစ်နေတတ်ကြပါတယ်။ 

ကျနော်တို့ရဲ့ မိတ်ဆွေတွေဟာ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေအပေါ်မှာ မကောင်းမြင်တတ်တဲ့ အတွေးတွေ ရှိနေရင် သူတို့ဟာ ကျနော်တို့အိပ်မက်တွေကို သတ်ပစ်နိုင်ကြပါတယ်။ လူတစ်ယောက်ဟာ စီးပွားရေးအခွင့်အလမ်းတစ်ခု၊ ဒါမှမဟုတ် စိတ်ကူးသစ်တစ်ခုနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတယ်။ 

သူဟာ ၀င်ငွေပိုရဖို့၊ ဒါမှမဟုတ် ပိုပြီး အဓိပ္ပါယ်ရှိတဲ့အလုပ်ကို လုပ်ဖို့၊ သူ့ရဲ့ Lifestyle ကို ပြောင်းလဲဖို့ အခွင့် အလမ်းတွေကို မြင်နေတယ်။ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့် တစ်ညနေခင်းမှာတော့ ဘေးအိမ်က မိတ်ဆွေကို အဲဒီအကြောင်း ပြောပြလိုက်တယ်။ 

အဲဒီအိမ်နီးချင်းက လှောင်ပြုံးပြုံးတယ်၊ ပြီးတော့ ရယ်မယ်။ သင် အဲဒါကို မလုပ်နိုင်ဘူးလို့ ပြောမယ်။ ပြီးတော့ ပြဿနာတွေ၊ အတားအဆီးတွေကို တစ်ပေလောက်ရှည်အောင် စာစီပြလိမ့်မယ်။ သူတို့လည်း အဲဒါကို ဘာကြောင့် မလုပ်နိုင်ခဲ့သလဲဆိုတဲ့ အကြောင်းပြချက် အခု ၅၀ လောက် ပြောပြလိမ့်မယ်။ 

ဒီအတိုင်းပဲနေတာက ပိုကောင်းတယ်လို့ အကြံပြုမယ်။ အဲဒီလူရဲ့ စိတ်အားထက်သန်နေမှုဟာ
လျော့နည်းသွားတော့တယ်။
သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားတယ်။ 

ပြီးတော့ အပြောင်းအလဲ တစ်ခုကို လုပ်မယ့်အစား လက်ရှိအခြေအနေအတိုင်းပဲ နေတာက ပိုကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို စတွေးတယ်။ တခြားသူတွေရဲ့ မကောင်းမြင်အတွေးတွေကို သူ့ရဲ့ အိပ်မက်
တွေထက် ပိုပြီး အင်အားကြီးခွင့် ပေးလိုက်တယ်။
မိတ်ဆွေတွေဟာ ရန်သူ တစ်ဒါဇင်ထက်ပိုပြီး ဖျက်ဆီးမှုတွေ ပြုလုပ်နိုင်တယ်။ 

ဒီကမ္ဘာမှာ တွေ့ဖို့အလွယ်ဆုံးက သင်မလုပ်နိုင်တဲ့အရာတွေကို ပြောပြမယ့် သူငယ်ချင်းတစ်ယောက်ပဲဖြစ်တယ် ဆိုတာကို သတိရပါ။ သူတို့ကို နားမထောင်ပါနဲ့။ သူတို့မှာ အကောင်းဆုံး စေတနာတွေတော့ ရှိတတ်ကြပါတယ်။ သူတို့ဟာ သင့်ကို မထိခိုက်စေချင်ဘူး၊ သင့်ရဲ့ ငွေကြေးတွေကိုလည်း မဆုံးရှုံးစေလိုပါဘူး။ 

သင့်ရဲ့အိပ်မက်တွေကို သေဆုံးစေတတ်တဲ့သူ အများစုဟာ သူတို့ရဲ့ ဘ၀တွေမှာလည်း ဘာမှ ဟုတ်တိပတ်တိ မစွမ်းဆောင်နိုင်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ 
သင့်မှာ အိပ်မက်တစ်ခု ရှိသလား။ 

အဲဒီအိပ်မက်ကို အမှန်တကယ်ဖြစ်လာဖို့ အခွင့်အရေးပေးလိုက်ပါ။ သင့်ရဲ့ မရီးကပဲ ဖြစ်ဖြစ်၊ သင့်ရုံးက သူငယ်ချင်းကပဲဖြစ်ဖြစ် သင့်ရဲ့အိပ်မက်တွေကို သေဆုံးအောင်လုပ်ဖို့ ခွင့်မပြုပါနဲ့။ 

သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်တဲ့အရာဟာ သင့်ရဲ့ ယုံကြည်မှုပါ။ တစ်နေကုန် ထိုင်ပြီး တီဗီကြည့်နေတဲ့သူတစ်ယောက်က ဘ၀ဟာ အဓိပ္ပါယ်မရှိဘူးလို့ပြောတာကို မယုံကြည်ပါနဲ့။ 

တခြားသူတွေရဲ့ အဆိုးမြင်အတွေးတွေကို မယူပါနဲ့။ အပြုသဘောစိတ်ရှိသူတွေနဲ့ ပေါင်းသင်းပါ။ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေကို ဖတ်ပါ။ 

တစ်နေ့မှာ အနည်းဆုံးတစ်နာရီလောက် သင့်ရဲ့အိပ်မက်တွေကို ရှင်သန်အောင် အာဟာရ ကျွေးပါ။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ရဲ့အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် သင်လုပ်နိုင်ပါလိမ့်မယ်။

သင့်ရဲ့ ကိုယ်တွင်းတစ်နေရာမှာ အိပ်မက်မီးတောက်လေးဟာ နက်နက်ရှိုင်းရှိုင်း တည်ရှိနေတယ်ဆိုရင် အဲဒီအိပ်မက်အတွက် တစ်ခုခုလုပ်ပါ။ တခြားသူတွေက အဲဒီမီးတောက်လေးကို မှုတ်ပစ်ဖို့ ခွင့်မပြုပါနဲ့။ 

သင်လုပ်နိုင်တယ်လို့ ယုံကြည်တယ်ဆိုရင် သင်လုပ်နိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သင့်အတွက်ကောင်းတဲ့အရာတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ သင် တအံ့တသြ တွေ့ရပါလိမ့်မယ်။

Your Life Success Blog မှ

Monday 13 March 2017

ခိုင်မာသော စိတ်ဓာတ်..။



မျောက်ကို ငှက်ပျောသီးယူမလား၊ ရွှေဆွဲကြိုးယူမလား မေးရင်

မျောက်က ငှက်ပျောသီးကိုယူမှာပဲ၊

ဘာဖြစ်လို့လဲဆိုတော့ 

သူကရွှေဆွဲကြိုးရဲ့ တန်ဖိုးကို နားမလည်လို့၊

အဲဒီလိုပဲ

လူတစ်ယောက်ကို ရွှေဆွဲကြိုးယူမလား ဥာဏ်ပညာကိုယူမလားမေးရင်

လူတော်တော်များများက ရွှေဆွဲကြိုးကိုပဲယူမှာပဲ၊

ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်ပညာဟာ

ရွှေဆွဲကြိုးတော်တော်များများကိုလဲလို့ရတယ်ဆိုတာ 

ူနားမလည်လို့။

ဒါ့ကြောင့် တစ်ခါတစ်လေ

ရွေးခြယ်မှုဟာ ဇွဲလုံ့ လထက် ပိုအရေးကြီးတယ်။

အခုလုပ်နေတဲ့အလုပ်မှာ

ပညာရလို့လုပ်တာလား၊ လစာများလို့လုပ်တာလား၊

လွန်ခဲ့တဲ့ ၁၀နှစ်က သင်ကဘယ်သူလဲ?

မနှစ်က သင်ကဘယ်သူလဲ?

မနေ့က သင်ကကော ဘယ်သူလဲ?

အားလုံး အရေးမကြီးဘူး၊

အရေးကြီးတာ

ဒီနေ့သင်က ဘယ်သူလဲ။

လူ့ဘဝဟာ ပင်ပန်းတယ်၊

သင်အခု မပင်ပန်းရင်

နောက်နောင် ဒီ့ထက် ပိုပင်ပန်းမယ်၊

လူ့ဘဝဟာ ခါးတယ်၊

သင်အခု မခါးရင်

နောက်နောင် ဒီ့ထက် ပိုခါးမယ်။

ပင်ပန်းဖူးမှ အနားယူခြင်းရဲ့တန်ဖိုးကိုသိမယ်၊

ခါးဖူးမှ ချိုမြိန်တယ်ဆိုတာ ဘာလဲသိမယ်။

သန်တုန်း မာတုန်းမှာ

အရပ်လေးမျက်နှာကို စွန့်စားသွားကြည့်ပါ၊

ပြင်ပလောကရဲ့

သင်ခန်းစာတွေကို တစ်ဝကြီးသင်ယူလိုက်ပါ၊ 

မိုးဒဏ်၊ လေဒဏ်

လှိုင်းပုတ်ဒဏ်တို့ကို သည်းခံပြီးရင်

ချမ်းသာသုခဆိုတာ ရောက်လာမှာ

မုချမသွေပါ။

ဒီကမ္ဘာပေါ်မှာ 

သင်ကလွဲပြီး

ဘယ်သူမှသင့်ကို

တကယ် မကူညီပေးနိုင်ပါဘူး။

ကြက်ဥတစ်လုံးမှာ

အပြင်က အားသက်ရောက်မှုဒဏ်ကိုခံရရင် အစာ၊

အတွင်းက အားသက်ရောက်မှုရှိရင် အသက်။

လူလည်း ထိုလည်းကောင်းပဲ၊

အပြင်က အားသက်ရောက်မှုဒဏ်ကိုခံရရင် စိတ်ဖိအား၊

အတွင်းက အားသက်ရောက်မှုရှိရင် ရှင်သန် ရင့်ကျက်ခြင်း။

ယုံပါ၊

လူ့ဘဝက

တစ်ကယ်ကြိုးစားတဲ့သူကိုမပစ်ထားဖူးဆိုတာယုံပါ၊ 

သင်ဒီနေ့ကြုံတွေ့ရတဲ့ခါးသီးမှု၊

ဒီနေ့ကြုံတွေ့ရတဲ့ ပင်ပန်းမှု၊ 

ဒီနေ့ထမ်းထားတဲ့ တာဝန်၊

တစ်ယောက်တည်းအထီးကျန်ဆန်တဲ့ဒဏ်၊

အားလုံးဟာ နောက်နောင်

သင့်ရဲ့ ရင့်ကျက်ခြင်း၊ သန်မာခြင်း၊

အောင်မြင်ခြင်းတို့ရဲ့ မျိုးစေ့လေးတွေပါ။ 

စိတ်ရိုးစင်းရင်

အသက်ရှင်ရတာ ရိုးစင်းမယ်၊

စိတ်လွတ်လပ်ရင်

အသက်ရှင်ရတာ လွတ်လပ်မယ်၊ 

ဆက်ပြီးတော့ တောင့်ခံထားပါ၊

အပိုတွေလျှောက်မတွေးနေပါနဲ့တော့၊

နောင်တစ်ချိန်ရဲ့သင်ဟာ 

ဘယ်လောက်တောင် ရင့်ကျက်သွားသလဲဆိုတာ

 သင့်ကိုယ်သင် မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ 

သင်ကြိုးစားပြီးပြီ၊ အစွမ်းကုန်သွားပြီဆိုရင်

သင့်ရဲ့ အောင်မြင်မှုဟာ 

လက်တစ်ဖျားအလိုမှာ ဆိုတာ ယုံပါ။

အကြံအစည်ကို အစွမ်းကုန်ထုတ်ပါ၊

ဆင်ခြေကိုလျော့ပါ၊ 

နောက်ဆုံးမလုပ်နိုင်တော့ဘူးဆိုမှ

`ငါ ကံမကောင်းပါလား´ လို့ပြောဖို့ အဆင့်ရှိတာပါ။

လောကမှာ မပင်ပန်းတဲ့အလုပ်ဆိုတာ မရှိပါဘူး၊

ဘယ်ပြသနာမှ ဖြေရှင်းရ မလွယ်ကူပါဘူး၊

ဒီနေ့ကစပြီး

ပျော်ပျော်နေပါ

ရယ်တတ်ဖို့ကို လေ့ကျင့်ပါ၊

ကမ္ဘာပေါ်မှာ မွေးတာနဲ့ သေတာကလွဲရင်

ကျန်တာ အသေးအမွှားကိစ္စပါ။

မနက်ဖြန်ရှိနေသရွေ့

ဒီနေ့ဟာ စမှတ်ပါ၊ 

အရာရာကို ကြိုးစားပြီးမှ

ကိစ္စတိုင်းဟာ

ကြိုးစားရင် ကျော်လွန်နိုင်တယ်ဆိုတာ သိလာမှာပါ။ 

တစ်ယောက်တည်း အပြင်မှာနေရတာ

မလွယ်ကူမှန်းသိပါတယ်၊

မတတ်နိုင်ဘူးလေ၊

 အနာဂတ်အတွက် ကြိုးစားရမှာပေါ့။

ဇတ်လမ်းရှည်တဲ့ လူ့ဘ၀က

အဆုံးသတ်မှာ ရိုးရှင်းတယ်၊

ဇတ်လမ်းတိုတဲ့ လူ့ဘဝက

အဆုံးသတ်မှာ မလှပဘူး၊

ဒီစာလေးဖတ်ပြီး 

သင့်အတွက် ခွန်အားတစ်ခုဖြစ်သွားရင်

ကျနော် ရေးရတာ တန်ပါတယ်

WISH U CAN TRANSFORM INTO
STRONG-MINDED PERSON.
{copy}

ကိုယ်နဲ့ ထိုက်တန်သော အရာ...



ကိုယ်နဲ့ မထိုက်တန်တဲ့အရာဆိုတာ
ဘယ်လောက်ပဲ အနာခံပြီးဆုပ်ကိုင်ထားပါစေ…

အချိန်တစ်ခုရောက်ရင်
လက်လွှတ်လိုက်ရတာပါပဲ။

ကိုယ်နဲ့ထိုက်တန်တဲ့ အရာဆိုတာ 
ကိုယ်က ဘယ်လောက်စွန့်လွှတ် စွန့်လွှတ် အချိန်တန်ရင် ကိုယ့်လက်ထဲမှာ မြဲမြဲမြံမြံ 
ကျန်ရစ်နေပါလိမ့်မယ်။

ကိုယ်နဲ့ မထိုက်တန်တဲ့အရာတွေကို
ခက်ခက်ခဲခဲ ဘယ်လောက်ပဲထွေးပွေ့ထားပါစေ…

အချိန်တစ်ခုရောက်ရင် 
ကိုယ့်ရဲ့အဝေးဆုံးကို ထွက်သွားပေမယ့် 

ကိုယ်နဲ့ထိုက်တန်တဲ့ အရာတွေကတော့
ကိုယ်မလိုချင်လည်း ကိုယ်နဲ့အနားမှာ
ကာလကြာရှည်စွာ တည်ရှိနေပါလိမ့်မယ်။

ပူလောင်နေသော လူသားတိုင်းသည် မထိုက်တန်တဲ့အရာတွေကို မက်မောစွာ တွယ်ကပ်နေသောကြောင့် မထိုက်တန်ခြင်းဆိုတဲ့
အရာတွေက ဒဏ်ခတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

လိုချင်မက်မောသော အရာတွေကို
တင်းတင်းဆုပ်ကြည့်ပါ …

အရမ်းနာကျင်ပြီး မခံနိုင်တဲ့အဆုံးမှာ
အမြင်မှန်ရပြီးရဲရဲဝံ့ဝံ့ပြတ်သားစွာလွှတ်ချလိုက်ပါ။

မလွှတ်ချခဲ့ရင် 
သင်လိုချင်သောအရာတွေကို ဆုံးရူံးခဲ့ရသလို

သင်,ကိုယ်တိုင်လည်း အဆပေါင်းများစွာ
နာကျင်ရတတ်တယ်။

᠌᠌᠌ ဇိနပုတ္တ

Thursday 9 March 2017

မတူညီတဲ့ လူတွေကြားမှာ..။


ဘ၀ကို သမရိုးကျ ဖြတ်သန်းရင်း 
မကုန်ဆုံးလို။

အားလုံးက တိုက်တွန်းနေတဲ့ 
ကိစ္စတခုကို အလွယ်တကူ
 ခေါင်းညိတ်ဖို့ထက် ခါးခါးသီးသီး
 ငြင်းဆန်ချင်စိတ်က ပိုများနေမိတယ်။

ဒါဟာ ဘ၀အတွက် 
ထွက်ပေါက်တခုမှမဟုတ်တာ။
ကျေးဇူးပြုပြီး မသနားကြပါနဲ့။
သူတပါးရဲ့ သနားမှုအောက်မှာ 
မရပ်တည်ချင်လို့ပါ။
‘နင့်အတွက် ပြောတာ’ တဲ့လား .. ။

ကျေးဇူးတင်ပါရဲ့ .. 
ဆက်မပြောကြပါနဲ့တော့။
ကိုယ့်ဘ၀ကိုယ်လည်း နားလည်ပါတယ်။
အလွယ်လမ်းလဲ မလိုက်ချင်။ 
လွယ်လွယ်နဲ့ ရတဲ့အရာကိုလဲ မလိုချင်။

ကိုယ့်ဘ၀အဆင်ပြေဖို့ 
တပါးသူကိုလဲ နင်းမတက်ချင်။
တကယ်တော့ ..
ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်သာ 
ဖန်တီးတည်ဆောက်ခွင့်ရှိပါတယ်။

ဖြစ်လာတဲ့ အကောင်းအဆိုးတွေကို 
ကိုယ်ကိုယ်တိုင် ခံရဲဖို့ကသာ အဓိက။
ဆရာမတယောက်ပြောဖူးတဲ့ စကား ..
‘သတ္တိ ဆိုတာ လုပ်ရဲတာ တခုထဲမဟုတ်ဖူး ..
ကိုယ်လုပ်လိုက်တဲ့ 
အလုပ်တခုအတွက် ဖြစ်လာမဲ့ အကျိုးဆက်ကို ခံရဲတာလဲ သတ္တိပဲ’ .. တဲ့။
မှန်တယ်။
သတ္တိရှိရှိ လုပ်ရဲတဲ့အလုပ်တခုအတွက် 
သတ္တိရှိရှိ ခံရဲတယ်။

အဲဒီအတွက် အထင်သေးမဲ့ မျက်လုံးတွေ ..
အပြစ်ပြောမဲ့ စကားလုံးတွေ ..
ရင်ဆိုင်ရမဲ့ ဒုက္ခတွေက 
ခါးသီးမယ်ဆိုတာ ကြိုသိနေပါရဲ့။

ဒါပေမဲ့ .. .. ..
အခါးကြိုက်တဲ့ ကိုယ့်အတွက် 
ဒါတွေကို မှုစရာမလိုပါ....,,။
***

စစ်မှန်သော အရာကိုသာ...။


ဘာကိုမှမလိုပါဘူး....

ဘယ်သောအခါမှ 
ဘာအကြောင်းပြချက်နဲ့မှမပြောင်းလဲတဲ့

စစ်မှန်သောချစ်ခြင်းတစ်ခုတည်းကိုပါ .....

*** ဘာကိုမှမလိုပါဘူး

ရင်ထဲကစေတနာအပြည့်နဲ့ပေးတဲ့

စစ်မှန်သောကြင်နာခြင်းတွေပါ ......

*** ဘာကိုမှမလိုပါဘူး

ငါဘယ်လောက်ဆိုးဆိုး

စစ်မှန်သောနားလည်းခြင်းနဲ့ 
ခွင့်လွှတ်သည်းခံခြင်းတွေပါပဲ ....

*** နင့်ဆီက ဘာရုပ်ဝတ္ထုတွေကိုမှမလိုပါဘူး

ဘာလှည့်ကွက်မှမပါ 
ငါ့ကိုပျော်ရွှင်စေချင်သောစိတ်တစ်ခုတည်းနဲ့

စစ်မှန်စေသော
 စေတနာတစ်ခုတည်းနဲ့ပေးဆပ်ခြင်းတွေပါ .....။

Sunday 5 March 2017

သင့်ကို အကျည်းတန်စေတဲ့ အပြုအမှုများ..။


အလှတရားနဲ့ အကျည်းတန်ခြင်းဆိုတာ သင့်အရေပြားတစ်ထောက်စာမှာပဲ ရှိနေတာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်နှလုံးထဲမှာလည်း ရှိနေသလို၊ သင့်ရဲ့အပြုအမူတွေကြားမှာလည်း အလှတွေ၊ အကျည်းတန်မှုတွေ ဖြစ်နေပါတယ်။
.
ဒီတော့ သင့်ကို အရုပ်ဆိုးစေတဲ့ အပြုအမူတွေကို ရှောင်ရှားစေနိုင်ဖို့ အချက်အလက်တစ်ချို့ စုစည်းတင်ပြလိုက်ရပါတယ်။
.
(၁) အတင်းပြောခြင်း

အထူးသဖြင့် ဒီပြသနာဟာ မိန်းကလေးတွေကြားမှာ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးစစ်တမ်းတွေအရတော့ အတင်းပြောတာဟာ စိတ်ကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပြုအမူအရတော့ သင့်ကို အရုပ်ဆိုးစေပါတယ်။ အတင်းပြောတာဟာ သင့်ကို အကျင့်တစ်ခုသဖွယ် ဖြစ်သွားစေပါတယ်။ ကိုယ်ခင်မင်ရတဲ့သူနဲ့အတင်းပြောရင်းနဲ့ကမှ
အကျင့်ပါသွားပြီး တခြားသူတွေနဲ့တွေ့တဲ့အခါမှာပါ သူများအကြောင်းမကောင်းပြောတတ်တဲ့သူအဖြစ် အကျင့်စွဲသွားတတ်ပါတယ်။ ဒီတော့ သူများအကြောင်းမပြောရမနေနိုင်လည်း သူများကောင်းကြောင်းတွေကိုသာ ပြောတတ်တဲ့အကျင့်ကို မွေးမြူပါ။
.
(၂) လိမ်ညာခြင်း
လူအတော်များများဟာ မုသားနဲ့မကင်းပါဘူး။ အခြေအနေအကြောင်းအကြောင်းကြောင့် ရိုးသားလို့မရတဲ့အဖြစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို လှည့်စား၊လိမ်ညာတတ်ကြပါတယ်။ ဒီလိုအပြုအမူတွေကတော့ သင့်ရဲ့ပုံရိပ်ကိုလည်း
ထိခိုက်စေပါတယ်။
.
(၃) လိုက်လံအကဲဖြတ်ခြင်း
အကဲဖြတ်တဲ့အကျင့်က ကောင်းပါတယ်။ ဒါပေမယ့် နေရာတကာဆိုရင်တော့ မကောင်းပါဘူး။ အကဲဖြတ်ရုံတင်မကဘူး ကိုယ်ထင်တာကိုလျှောက်ပြောနေမယ်ဆိုရင်တော့ သင့်အပြုအမူဟာ အကျည်းတန်တဲ့ထဲ ပါသွားပါပြီ။ (ဥပမာ - ဟိုလူကတော့ ဒီလို၊ ဒီလူကတော့ ဒီလို) စသဖြင့် ဝေဖန်ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။
.
(၄) စောဒကတက်ခြင်း
ကိုယ့်ရဲ့ ကြိုးစားမှုရလာဒ်ကို လက်မခံနိုင်ဘဲ အမြဲတစေ စောဒကတွေတက်နေမယ်ဆိုရင်တော့ ကြာလာရင် သင့်အပြုအမူဟာ ဘေးလူတွေအတွက်
ကြည့်ရဆိုးပါတယ်။ နောက်ပြီး ပြုပြင်လို့မရတဲ့ ကံတရားကို အပြစ်ပြောတာတွေ၊ ဘေးလူကို အပြစ်တင်တာတွေကလည်း ရုပ်ဆိုးတဲ့ အပြုအမူတွေ
ဖြစ်ပါတယ်။
.
(၅) အနိုင်ကျင့်တတ်ခြင်း။
အနိုင်ကျင့်တဲ့သူအများစုဟာ သူ့တို့ကိုယ်သူတို့ ဆရာကြီးသဖွယ် မြင်တတ်ကြပါတယ်။ တကယ်တော့ ဒီအတွေးအမြင်ဟာ လုံးဝမှားယွင်းပြီး 
အကျည်းတန်တဲ့အပြုအမူကို ပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။
Ref:(Focus Youth E-magazine)
Ref: SH

Friday 3 March 2017

ဗီဇဆိုတာ ဖျောက်ရခက်တယ်...။


(သင့်အတွက် သတိထားဆင်ခြင်စရာ )

ကင်းမြီးကောက်တကောင်ဟာ 
သူနေတဲ့ကျွန်းကလေးတခု ကနေ
 မြစ်တဖက်ကမ်းမှာရှိတဲ့နောက် 
  ကျွန်းတခုကိုသွားချင်တယ်။ 

ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့
 မြစ်ကိုဖြတ်ဖို့ရာ အခက်အခဲဖြစ်နေတယ်။
မစ်ကမ်းဘေးမှာလျှေက်သွားရင်း 
ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်း
ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့ 
ဖားတစ်ကောင်ကိုတွေ့လိုက်လို
့သွားစကားပြောတယ်။

"ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီးဟိုဖက်ကမ်းကိုပို့ပေးပါလား။
 ကျေးဇူးမမေ့ပါဘူးဗျာ"
"ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်း 
နဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်
ငါရေနစ်သေသွားမှာပေါ့ "

ကင်းမြီးကောက်၊...

"ကိုရွှေဖါးရယ် 
ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။
 ကျနော့်ကို 
ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကို 
လုပ်ရက်ပါ့မလားဗျာ

 နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ 
ခင်ဗျားရေနစ်ရင် 
ကျနော်လည်းရေနစ်သေမှာပဲလေ။ 
ကျနော်ရေမကူးတတ်ဖူးဆိုတာ 
ခင်ဗျားသိပါတယ်ဗျာ"
 ဖါးလည်းစဉ်းစားတယ်။ 
ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။

သူ့ကိုယ်သူရေနစ်အသေခံပြီး 
ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ
။အဲဒီတော့ ဖားလည်း 
ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့ 
သဘောတူလိုက်တယ်။
ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို
 ကျောပေါ်တင်လို့ ရေစီးသန်တဲ့မြစ်မှာ 
သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်
 ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။
 မြစ်လယ်ရောက်တော့ 
ဖားဟာ သူ့ကျောမှာစူးခနဲ 
တချက်ခံစားလိုက်ရတယ် ။
နောက်ကိုအသာလှည့်ကြည့်လိုက်တော့ 
ကင်းမြီးကောက်ဟာ 
အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။ 
ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြော လိုက်တယ်။
"
''ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။ 
မင်းပဲ စောစောကပြောတယ်လေ။ 
ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။
အခုငါ့မှာအဆိပ်တက်နေပြီ။
ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလား "

ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့
"
''ခင်ဗျားသေရင် ကျနော်လည်း
ရေနစ်သေမှာသိပါတယ်။ 
ဒါပေမဲ့ တခြားသတ္တဝါတစ်ကောင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့

ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ"
နောက်ဆုံးတော့ ဖားရော 
ကင်းမြီးကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲနစ်မြုပ်သေဆုံးသွား ကြပါတော့တယ်။ 
ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ 
အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။
ကလေးပုံပြင်မဟုတ်ပါဘူး။ 
လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။ 
သနားလို့ကူညီပေမဲ့လည်း 
အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်
ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့ 
သတိပေးသင်ခန်းစာလေးပါ။
ရေးသားသူ ဗန်းမော်သိန်းဖေ

Vrius....!

. . . ဘ၀မှာ . . .

မဖြစ်ချင်တာတွေ


ရောက်မလာစေရဘူးလို့


ကိုယ့်ကိုကိုယ်

သေချာရင်းချစ်ခြင်းကိုစမ်းသပ်လို့

ကမ်းကပ်လာတဲ့ဗေဒါလေးကို

ဆယ်ယူဆော့ကစား ဟားတိုက်ရယ်မောခဲ့ပါရဲ့



ကိုယ်မသိပဲ

ငြိတွယ်မိပြီဆိုမှ

မာယာအသွယ်သွယ်ကြား

များပြားတဲ့အလှည့်အပြောင်းတွေနဲ့


အကျနာချိန်ဒဏ်ရာတွေက

သွေးကြောထဲအထိစီးဝင်

မမြင်နိုင်တဲ့ဆုံးရှုံးမှုတွေအထပ်ထပ်

သြော် . . . အချစ်ဆိုတဲ့

“ ဗိုင်းရပ်စ် ” ။ ။

ကြိုးစားတိုင်းသာ အောင်မြင်ဖို့ ဆိုလျှင်..။


အောင်မြင်ဖို့အတွက် ကြိုးစားကြနေကြတဲ့ မိတ်ဆွေတွေ အားလုံး မင်္ဂလာပါခင်ဗျာ ကိုယ်ဖြစ်ချင်တဲ့အိမ်မက်အတွက် 

သင်ယူရင်း ကြိုးစားရင်း ရှေ့ဆက်ကြရာတွင် ကိုယ့် လွှင့် နေတဲ့ ရွက်ဟာ ကိုယ်ရောက်ချင်တဲ့ ကမ်းကို ရောက်ဖို့ လေတိုက်ရာကိုမျောလို့မရပါဘူး.။

ကိုယ်ကြိုးစားသမျှ အရာထင်ဖို့ တိကျစွာ ကိုယ့်အတွက် သတ်မှတ်ချက်တွေ လိုအပ်ပါတယ်…ဒီအတွက်စာရေးသူမှ ဝေမျှပေးလိုက်ရပါတယ်…။

ေ၀၀ါးမှုကိုအဆုံးသတ်လိုက်တော့

ပန်းတိုင်သတ်မှတ်ခြင်းဖြစ်ပါတယ် ကိုယ်ရဲ့ဝါသနာပါဆုံးသော အလုပ်နှင့် ဆက်နွယ်မှုတော့ရှိရပါမယ်...။
ကိုယ့်ရဲ့အဖြစ်ချင်ဆုံးသောဆန္ဒ ကို စာအုပ်တစ်အုပ်ရဲ့အဖွင့်စာမျက်နှာမှာ သတ်မှတ်ထားပါ ကိုယ်သတ်မှတ်ထားတဲ့နေရာကိုရောက်ဖို့အတွက် 
လမ်ကြောင်းကတော့ တစ်ခုထဲတော့ ရှိမှာမဟုတ်ပါဘူး (ဥပမာ ၀န်ထမ်းဘ၀ မှာ ငွေဘယ်လောက် ဆီ စု ပြီး ဘယ်အချိန်ဘယ်အလုပ်ကိုစလုပ်မယ် အဲဒီအလုပ် ကိုဘယ်လိုတိုးချဲ့မလဲ စတာတွေပေါ့)ဒါတွေကို ပါချရေးထားပါ…။

စိတ်ထဲမှာမှတ်ထားတာထက် ကိုယ်စိတ်ဓာတ်လေးယိုင်လာတိုင်း စာအုပ်လေးကိုပြန်ကြည့်ပြီး အောင်မြင်ဖို့လမ်းကြောင်းလေးတွေ မိမိဘာသာဆွဲရင်း အောင်မြင်မှုပိုပြီးနီးစပ်လာစေပါတယ်။

အကောင်းဆုံးTeam တစ်ခု ထားရှိပါ။

မိတ်ဆွေကောင်းရှိဖို့အတွက် ကိုယ်ကို တိုင်ကောင်းဖို့လိုပါတယ် Win-Win Solution ကိုထည့်သွင်းစဉ်းစားရပါမယ်... ကိုယ့်လုပ်ငန်းအတွက် ဘယ်မိတ်ဆွေဟာ ဘယ်နေရာကကူညီနိုင်မလဲ သူအတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာတွေပေါ့ 
သူ့တို့နဲ့ အမြဲဆက်သွယ်နေပြီး လုပ်ငန်းကိစ္စများအမြဲတိုင်ပင်ပြီး အကြံဥာဏ်များ မျှဝေပါ.။

သင်ယူပါ

English ကအဓိကပေါ့ စီးပွားရေးစာပေများ စတာတွေပေါ့ စာရေးသူကိုယ်တိုင်လည်း သင်ယူခြင်းဟာအဆုံးသတ်မနေပါဘူး သင်ယူရင်း ကိုယ်လမ်းကြောင်းကိုအကောင်းဆုံးတည်ဆောက်ရပါမယ်…။

ကမ္ဘာကြီး ကို ဖွင့်ကြည့်ပါ…။

အဓိက က Google ကိုအားကိုရမှာပါ…ကိုယ့် စီးပွားရေး Project နဲ့ပတ်သပ်ပြီး ကမ္ဘာပေါ်မှာ မည့်သို့ဆောင်ရွက်နေကြတယ် ကိုယ့်လုပ်ငန်းကို ဘယ်လိုတိုးချဲ့မလဲ နှင့်
နောက်တစ်ခုက ၀န်ကြီးဌာနသတင်းများ ကိုအမြဲမပြတ်စောင့်ကြည့်ဖို့ ရင်နှီးမြုပ်နှံမှုတွေ ရဖို့ဘယ်လိုပြင်ဆင်ရမလဲစတာတွေပါ…။

အပိုကုန်တွေ လျော့ချလိုက်ပါ။

မိမိရဲ့တစ်နေ့တာသုံးစရိတ်ကို မိမိရဲ့လက်ကိုင်ဖုန်း သိုမဟုတ် စာအုပ် ထဲမှာအမြဲမှတ်ပါ တစ်ရာ ၊တစ်ဆယ်ထွက်တာကအစ အကုန်မှတ် တတ်ပါစေ…။
မှတ်နေရင်းနဲ့ဘယ်အရာတွေကမသုံးသင့်လဲ ဖြစ်တာကိုသိသာစေပြီးနောက်နေ့တွေမှာလျော့ကျလာစေနိုင်မှာပါ…။

ကြိုးစားမှုကို ထိရောက်မည့် Plan များချမှတ်ပါ..။

ကိုယ်ကဖြစ်ချင်တာတစ်မျိုး ဒါပင်မယ့် လုပ်နေတာတစ်မျိုးဆို ဘယ်လောက်လုပ်လုပ် ကိုယ်ရောက် ချင်တဲ့နေရာရောက်မှာမဟုတ်ပါဘူး (ဥပမာ ကိုယ် က ကုမ္ပဏီ ပိုင်ရှင်ကြီး ဖြစ်ချင်တာ လုပ်နေတာက အခုလောလော ဆယ်အတွက် သက်တောင့်သက်သာဖြစ်နေတဲ့ ၀န်ထမ်းအလုပ် ဒီအတွက် ဖြည်းဖြည်းမှန်မှန် ပြောင်းလဲပြီးရုန်းထွက်ရပါမယ်)အစီစဉ်များ ကို အကွက်ကျစီစဉ်ရမှာဖြစ်ပါတယ်။

ကျဆုံးတယ်ဆိုတာမရှိဘူး

ကျဆုံးတယ်ဆိုတာမရှိပါဘူး ကိုယ်က အရှုံးပေးလိုက်တာပဲရှိပါတယ် အလုပ်တိုင်းမှာတော့အခက်အခဲဆိုတာရှိတယ် သေချာစဉ်းစားကြည့်ရင်မိမိ အပြစ်လို့ဆိုပင်မယ့် သင်ခန်းစာတစ်ခုကြောင့်နောက်တစ်ကြိမ်ဆို ပိုပြီးသန်မာလာပါလိမ့်မယ်။

မိတ်ဆွေများအားလုံး အောင်မြင်ကြပါစေ…ကြိုးစားတိုင်းအောင်မြင်ဖို့တိကျမှု နှင့်စတင်ပါ
Ref: Ye Min Phyo

Thursday 2 March 2017

ကျွန်တော်တို့..။

ကျွန်တော်တို့ ဟာ ရှင်သန်ဖို့ နဲ့
ဘဝအတွေ့အကြုံတွေရဖို့ မွေးဖွားလာကြတယ်။

ကျွန်တော်တို့ဟာ အလုပ်လုပ်ဖို့ တခုတည်း
မွေးဖွားလာတာမဟုတ်ဘူးဆိုတာ ကျွန်တော့်ကို
ကျွန်တော် အမြဲပြောလေ့ရှိတယ်။

ကျွန်တော်တို့ တစ်ယောက်အပေါ်တစ်ယောက်
ကောင်းတဲ့အရာတွေ လုပ်ဆောင်ကြမယ်။

သင့်ဘဝတစ်လျှောက်လုံး
အလုပ်ဘဲလုပ်ရင်း အချိန်ကုန်နေမယ်ဆိုရင်တော့

သင် နောင်တစ်ချိန်မှာ
သေချာပေါက် နောင်တရလိမ့်မယ်။
   
သင့် လုပ်ငန်းစီးပွားရေးမှာ
ဘယ်လောက်ဘဲ အောင်မြင်နေပါစေ။
ကိစ္စမရှိဘူး။

ကျွန်တော်တို့ဟာ ရှင်သန်ဖို့
မွေးဖွားလာကြတာပါ။

တစ်ယောက်နဲ့ တစ်ယောက်အသဲအသန်
ပြိုင်ဆိုင်နေကြရင်တော့ သူတို့ကအရူးတွေဘဲ။

သင် လူတိုင်းလူတိုင်းကို ရန်သူလိုသတ်မှတ်
ထားရင် သင့်ဘေးနားက လူတွေအားလုံးက
ရန်သူတွေပါဘဲ။

သင်တစ်စုံတယောက်နဲ့ ယှဉ်ပြိုင်တဲ့အခါ
ဘယ်တော့မှ အမုန်းတရားမပါပါနဲ့။
သင်စမုန်းတာနဲ့ သင်ကျရှုံးပြီဘဲ။

ယှဉ်ပြိုင်တယ်ဆိုတာ
စစ်တုရင်ကစားသလိုပါဘဲ။

သင်ရှူံးရင် နောက်တစ်ချီ ကျန်ပါသေးတယ်။
ကစားသူအချင်းချင်း ရန်မဖြစ်ရပါဘူး။
 
စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက 
ရန်သူမရှိကြပါဘူး။

ဒါကိုနားလည်ရင်  အရာရာဟာ
ဘာမှအကန် အသတ် မရှိတော့ပါဘူး။

ဘယ်တော့မှစောဒကမတတ်နဲ့ ။
ပြီး ဆင်ခြေပေးတတ်တဲ့အကျင့်မလုပ်နဲ့ ။

သင် တခါလောက် စောဒကတတ်ရင်
ဆင်ခြေပေးရင် ပြဿနာမရှိပါဘူး။

ဒါပေမယ့် အကျင့်လိုဖြစ်လာရင်တော့
အရက်သောက်တာနဲ့ တူတူပါဘဲ။

သင်အရက်သောက်လေလေ
ရေဆာလေပါဘဲ။

အောင်မြင်မှုလမ်းကြောင်းကို လျှောက်လှမ်းရမှာ
အောင်မြင်သူတွေက ဆင်ခြေပေး စောဒကတတ်
တဲ့သူတွေ မဟုတ်ဘူးဆိုတာ သတိပြုပါ။

ကမ္ဘာကြီးက သင်ပြောတာကိုသတိရကြတယ်။
သင် လုပ်တာကို မေ့ထားတတ်ကြတယ်။

JackMa

credit >> Toptenteam

ဘဝမှာ အသက်ရွယ်အရ အတွေကြုံတွေပါ ရလာတဲ့ အခါ..။



ကိုယ်အဆင်ပြေနေပေမယ့်
သူများအဆင်မပြေတာတွေကိုကြည့်ပြီး
ကိုယ်ပြေနေတာတွေကို မပြောဖြစ်ဘဲ
မျိုသိပ်ထားလာတတ်တယ်။ 

ကိုယ်အဆင်မပြေတဲ့အခါ
သူများပြေနေတာတွေကိုကြည့်ပြီး ကိုယ့်ကြောင့်
သူတို့စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့ဆိုပြီး

ကိုယ့်ဒုက္ခကို မပြောဖြစ်ဘဲ သိုသိပ်ထားတတ်
လာတယ်။ ကျိတ်ခံစားတယ်ဆိုတာထက်
ခံနိုင်ရည် ရှိလာတဲ့ သဘောပါပဲ။

တကယ်တော့ တည်ငြိမ်ရင့်ကျက်သူတွေရဲ့ စိတ်နေသဘောထားဆိုတာ…

ကိုယ့်အတွက်နဲ့ 
သူတစ်ပါးအခက် မဖြစ်စေချင်တာ

ကိုယ့်အခက်ကြောင့် သူတစ်ပါး
အနှောက်အယှက် မဖြစ်စေချင်တာ

ဒါမျိုးလေးတွေကအစ သူတစ်ပါးအတွက် ငဲ့ကွက်တတ်တဲ့သဘောလေးတွေရှိနေတာမျိုးပါ။ 

လူဟာ ငဲ့ကွက်တတ်တဲ့စိတ်နဲ့ ထည့်တွက်တတ်တဲ့စိတ် ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့ ယိုယွင်းဖာတတ်တဲ့စိတ်လေးတွေ ရှိနေရင်ကိုပဲ အတော်လေးသူတော်ကောင်းဆန်နေပါပြီ။

အတ္တကြီးတဲ့စိတ်ဟာ ပူလောင်မှုကိုလည်း ကြီးစေတတ်တာတော့ အသေအချာပါပဲ။

ဒါကြောင့်…

ကိုယ့်အတွက်နဲ့ ဘယ်သူ့ဘယ်သူကိုမှ
ဝန်ထုပ်ဝန်ပိုး မဖြစ်စေနဲ့။ 

အသစ်အတွက်လည်း အသိမချော်နဲ့။ အချစ်အတွက်လည်း သတိမချော်နဲ့။

အရှိအပေါ်မှာပဲ အသိ သတိ ထပ်တူ 
ညှိနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ

ကိုယ့်ကိုယ်ကို ဆုံးမခြင်း(၁၄၂)

ပန်းတိုင် မရောက်ခင် ဘာကြောင့် ကျရှုံးရသလဲ...?


မဆုတ်မနစ်ကြိုးပမ်းမှုမရှိခြင်း
အခက်အခဲတစုံတရာတွေ့တိုင်း မကျော်လွှားနိုင်တော့တဲ့အခါမျိုးမှာ လက်လျှော့လိုက်ခြင်းဟာ အလွယ်ဆုံးနည်းလမ်းလို့ တော်တော်များများက မြင်နေကြတယ်.. အောင်မြင်သူတွေဟာ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ကြန့်ကြာကောင်း ကြန့်ကြာနေလိမ့်မယ်.. ဒါပေမယ့် သူတို့အိပ်မက်တွေကို ဘယ်တော့မှ မဖျက်စီးခဲ့ကြဘူး.. ကျမတို့အားလုံး ဘဝမှာ ခေတ္တရပ်တန့်တာမျိုး ကြန့်ကြာတာမျိုးရှိကြမှာပါ.. ဒါဟာ ကျရှုံးခြင်းမဟုတ်ပါဘူး..။

ကျရှုံးတဲ့လူတော်တော်များများဟာ တကယ်တော့ သူတို့ရဲ့ အသိပညာတွေ အရည်အချင်းတွေကြောင့်မဟုတ်ပါဘူး... သူတို့ လက်မြှောက်အရှုံးပေးကြလို့သာ ကျရှုံးရတာပါ.. ဘဝမှာအောင်မြင်စေမယ့်လျို့ဝှက်ချက်နှစ်ခုပဲရှိပါတယ်.. တခုက မဆုတ်မနစ်ကြိုးစားခြင်း၊ နောက်တခုက ကြံ့ကြံခံနိုင်စွမ်းပါပဲ...။

 လုပ်ကိုလုပ်ရမယ့်ကိစ္စတွေမှာ မဆုတ်မနစ်ကြိုးစားတတ်ဖို့လိုအပ်သလို၊ ပြီးဆုံးအောင်မလုပ်နိုင်တဲ့ကိစ္စတွေမှာ ဘယ်လောက်ကြံ့ခိုင်စွာရပ်တည်နိုင်သလဲဆိုတာ အရေးကြီးပါတယ်..။

ခိုင်မာတဲ့ယုံကြည်ချက်မရှိခြင်း.။

ခိုင်မာတဲ့ပန်းတိုင်၊ ခိုင်မာတဲ့ယုံကြည်ချက်မရှိတဲ့သူဟာ လမ်းဆုံးကိုမကြည့်ပဲ လမ်းတဝက်ကိုပဲ ကြည့်တတ်ကြတယ်.. ပန်းတိုင်မရောက်သေးတဲ့ လမ်းတဝက်မှာ ဘာဖြစ်လာမလဲဆိုတာကို ကြိုတင်တွေးဆကြတယ်..။

ထင်သလိုဖြစ်မလာတဲ့အခါ နောက်ဆုတ်ထွက်ပြေးကြတယ်.. ခိုင်မာတဲ့ယုံကြည်ချက်ကင်းမဲ့သူဟာ ရေရှည်ရပ်တည်ဖို့မလွယ်ပါဘူး.. ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ လုပ်ရဲတဲ့ သတ္တိခွန်အား ပျောက်ဆုံးနေကြလို့ လုပ်နေတဲ့အလုပ်ကို အသာလေးမျောပြီးလုပ်တတ်ကြတယ်..။

ကိုယ်လုပ်နေတဲ့အလုပ်တခု မှားနေတာကိုသိနေရင်တောင်မှပဲ ဖြစ်လာသမျှကိုလက်ခံပြီး အလိုက်သင့်လေးနေတတ်ကြသူမျိုးတွေပါ... စဉ်းစားဆင်ခြင်ဥာဏ်မရှိတဲ့သူတွေလို ပြုမူလုပ်ဆောင်တတ်ကြပါတယ်..။

အကျိုးအကြောင်းဆီလျော်မှုအပေါ်တည်မီခြင်း..။

အောင်မြင်သူတွေဆိုတာ စီစစ်ပိုင်းခြားနိုင်စွမ်းရှိသူတွေပါ. ဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ အကျိုးအကြောင်းပေါ် မမှီခိုဘူး.. ဒါဟာကျရှုံးသူတို့ရဲ့ကစားပွဲပါပဲ..။

 ကျရှုံးသူတွေမှာ အမြဲတမ်း အကြောင်းပြချက်တွေနဲ့ ပြည့်နေတတ်ကြတယ်..
 ကျမတို့ အမြဲကြားနေကျ စကားတွေက 
-ငါကံမကောင်းဘူး
-ငါကမကောင်းတဲ့နက္ခတ်နဲ့မွေးဖွားလာတာ
-ငါအရမ်းငယ်လွန်းသေးတယ်
-ငါအရမ်းအသက်ကြီးသွားပြီ
-ငါကမသန်စွမ်းဘူး
-ငါကSmart မဖြစ်ဘူး
-ငါပညာမတတ်ဘူး
-ငါကကြည့်မကောင်းဘူး
-ငါ့မှာအဆက်အသွယ်ကောင်းမရှိဘူး
-ငါ့မှာပိုက်ဆံမရှိဘူး
-စီးပွားရေးအခြေအနေမကောင်းဘူး
-ငါ့မှာအခွင့်အရေးမရှိဘူး
စတဲ့ စတဲ့ အကြောင်းပြချက်တွေက အများကြီးပါ..။

အတိတ်ကအမှားတွေကနေမသင်ယူတတ်ခြင်း.။

အတိတ်ကနေပြန်မသင်ယူတတ်တဲ့သူတွေဟာ တကယ့်ကြမ္မာဆိုးနဲ့ ကြုံရသူမျိုးပါပဲ.. ကျမတို့မှာသာမှန်ကန်ကောင်းမွန်တဲ့ စိတ်နေသဘောထားရှိနေမယ်ဆိုရင် မအောင်မြင်ခြင်းဟာ ကျမတို့ရဲ့ ဆရာတဆူဖြစ်လာမှာပါ.။

. မအောင်မြင်သေးခင်မှာ ကျမတို့လမ်းလွဲကောင်းလမ်းလွဲနေလိမ့်မယ်.. ဒါပေမယ့် လုံးဝပြန်မရှင်သန်နိုင်တဲ့ လမ်းဆုံးကိုရောက်သွားတာမဟုတ်ပါဘူး..။

 အောင်မြင်ဖို့ကြန့်ကြာစေရုံသက်သက်ပါပဲ.. လုံးဝကျရှုံးသွားတာမဟုတ်ပါဘူး.. ကျမတို့မှားခဲ့တဲ့အမှားတွေကနေ သင်ခန်းစာယူတတ်ရင်အတွေ့အကြုံကောင်းတွေရလာမှာအသေအချာပါပဲ..။

လူတချို့က ဘဝကို ရှင်သန်နေရုံ၊ လူတချို့က ရှင်သန်နေရုံသာမက သင်ယူတတ်ကြပါတယ်..ပညာရှိတဲ့သူဆိုတာ ကိုယ်တိုင်ရဲ့အမှားတွေကနေပဲ သင်ယူနေကြတာလား? တကယ်ပညာရှိသူတွေဟာ သူတပါးရဲ့အမှားတွေကနေလည်း သင်ယူတတ်ကြပါတယ်..။

 ကျမတို့ရဲ့ဘဝတွေဟာ ကိုယ်ပိုင်အမှားတွေကနေ သင်ယူဖို့သက်သက် မလုံလောက်ပါဘူး.. တချို့တွေဟာ သူတို့အမှားတွေကနေ သင်ခန်းစာမယူရုံတင်မက အများတွေကိုလည်း ထပ်ခါထပ်ခါ မှားတတ်ကြပါတယ်.. ဒီလိုနဲ့ပဲ သူတို့ဟာ အမှားတကာ့ထိပ်ခေါင် ပုဂ္ဂိုလ်တွေ ဖြစ်လာကြပါတယ်..။

စည်းကမ်းလိုက်နာမှုမရှိခြင်း..။

တချို့သောပုဂ္ဂိုလ်တွေ ဘာကြောင့်သူတို့ပန်းတိုင်ကိုမရောက်ကြပါသလဲ? သူတို့ပန်းတိုင်ကို ပြောင်းပြန်ဖြစ်အောင်၊ ပျက်ပြားစေရအောင်၊ ကပ်ဆိုက်သလိုဖြစ်အောင် ဘာကြောင့်များ အမြဲလုပ်နေကြရသလဲ?

တချို့သောပုဂ္ဂိုလ်တွေကတော့ တခြားသူတွေ အဆုံးမရှိကျရှုံးနေချိန်မှာတောင် သူတို့က အောင်မြင်မှုတွေဆက်တိုက်ရနေတာ ဘာကြောင့်လဲ? 

တကယ်ဆိုရင် စည်းစနစ်မရှိ စည်းကမ်းလိုက်နာမှုမရှိပဲ မည်သူတစ်ဦးတစ်ယောက်မှ ထိုက်တန်တဲ့အောင်မြင်မှုကို မရနိုင်ပါဘူး..။

ညီညွတ်မှုမရှိခြင်း...။

ညီညွတ်မှုမရှိတာဟာလည်း စည်းကမ်းပိုင်းအားနည်းမှုပါပဲ.. စည်းကမ်းချက်တွေလိုက်နာခြင်းအားဖြင့် လူတွေဟာ မိမိကိုယ်ကို ထိန်းချုပ်လာနိုင်စေခြင်း၊ စွန်လွှတ်အနစ်နာခံတတ်လာစေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် စိတ်တိုစရာကိစ္စများ လျော့ပါးစေခြင်း စတဲ့ကောင်းကျိုးတွေရှိပါတယ်..။
ဒါဟာ ကိုယ့်ပန်းတိုင်ကို အာရုံစိုက်လုပ်နိုင်စေမယ့် အဓိပ္ပါယ်ပါပဲ..။

မိမိကိုယ်ကိုတန်ဖိုးထားမှုအားနည်းခြင်း..။

မိမိကိုယ်ကိုတန်ဖိုးမထားတတ်ရင် မိမိကိုယ်ကိုလေးစားမှုနဲ့ မိမိရဲ့တန်ဖိုးတွေ လျော့ကျစေပါတယ်.. ဒါဟာ မိမိကိုယ်တိုင်သော်လည်းကောင်း တခြားသူတွေကိုသော်လည်းကောင်း အလွဲသုံးစားပြုလုပ်မှုမျိုးဖြစ်စေဖို့ ဦးတည်နေပါတယ်..။

ကိုယ့်အတ္တသာပဓာနဖြစ်လာတတ်တယ်.. ဖြစ်သင့်ဖြစ်ထိုက်တဲ့ဆုံးဖြတ်ချက်မျိုးမဟုတ်ပဲ အတ္တကိုရှေ့တန်းတင်တဲ့ ဆုံးဖြတ်ချက်မျိုး ချမိတတ်ပါတယ်.. မိမိကိုယ်ကိုတန်ဖိုးထားမှုနည်းပါးတဲ့သူတွေဟာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး ကိုယ့်ဘက်ကိုယက်တတ်ကြတယ်..။

. မိမိကိုယ်ကိုတန်ဖိုးမထားခြင်းရဲ့နောက်ကနေ အလုပ်လက်မဲ့ဖြစ်တာမျိုး ပျင်းရိလေးလံတာမျိုးတွေဟာ နောက်ဆက်တွဲအနေနဲ့ပါလာတတ်ကြတယ်..။

ကံကိုပုံချတတ်ခြင်း..။

ကံကိုချည်းပုံချနေတတ်သူတွေဟာ ဘဝမှာ ကိုယ့်အနေအထားအရ တာဝန်ယူရမယ့်အရာတွေကို လက်ခံဖို့ ငြင်းဆန်တတ်ကြတယ်.. သူတို့ရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းတွေဟာ ကံတရားကြောင်းလို့ မှတ်ယူပြီး သူတိုရဲ့ ကံကြမ္မာကိုပဲ အလုံးစုံပုံချပြီး နောက်ဆုတ်တတ်ကြတယ်.။

. အတိတ်ကံအရဖြစ်တယ်လို့ သတ်မှတ်ထားပြီးဖြစ်လို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ကံမပါရင်မဖြစ်ဘူးလို့ လွဲမှားစွာ ယုံကြည်တတ်ကြတယ်.. သူတို့တွေဟာ ကံတရားကပေးလာမယ့်အရာကိုပဲထိုင်စောင့်စားရင်း အောင်မြင်မှုနဲ့ဝေးကွာလာတတ်ကြတဲ့ သူမျိုးတွေပါ..။

ရဲရင့်သောသတ္တိမရှိခြင်း..။

အောင်မြင်တဲ့သူတွေဟာ လွယ်လွယ်ရလာတတ်တဲ့ အောင်မြင်မှုမျိုးကို မရှာဖွေတတ်ကြဘူး.. ရဲ့ဝင့်တဲ့စိတ်သတ္တိနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် ခွန်အားကိုပဲ သူတို့ရှာဖွေကြတယ်..။

အရှုံးဆိုတာထက် ကိုယ်ဘာရမလဲ ကိုယ့်အတွက် ဘာကျန်မလဲဆိုတာကိုပဲ ရှာဖွေကြတယ်.. ခိုင်မာတဲ့ယုံကြည်ချက်နဲ့အတူ ကိုယ့်ရလာမယ့်အရာပေါ်မှာ မျှော်လင့်ချက် ယုံကြည်ချက် အပြည့်နဲ့ အောင်မြင်မှုကိုရဖို့ ရဲဝံ့စွာ တစိုက်မတ်မတ် ကြိုးစားအားထုတ်ကြတယ်..။

ဒါသည်ပင် သာမန်လူတယောက်နဲ့ သာမန်ထက်ပိုလွန်စွာ အောင်မြင်သူတို့ရဲ့ ကွာခြားချက်ပါပဲ..
Ref: TheEXPERT_BusinessGroup
Source : Internet

Wednesday 1 March 2017

ကိုယ်က ကိုယ် သူက သူ...။


ကိုယ့်ကိုယ်ကို အမှန်တကယ် ချစ်မြတ်နိုး တန်ဖိုးထားရင် တစ်စုံတစ်ယောက်ရဲ့ ဘဝအခြေအနေနဲ့
ဘယ်တော့မှ နှိုင်းယှဉ်ပါနဲ့။ 

ကိုယ့်ကိုကိုယ် တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်တဲ့အခါ အဲဒီတစ်စုံတစ်ယောက်က ကိုယ့်ထက်တော်နေခဲ့မယ်ဆိုရင် ကိုယ့်ဘဝကိုသိမ်ငယ်မှု ဖြစ်တတ်သလို၊
သူ့ကိုမနာလိုမှုလည်း ဖြစ်တတ်ပြီး၊စိတ်ပူပန်ရပါတယ်။ ကိုယ်နှိုင်းယှဉ်လိုက်တဲ့ တစ်စုံတစ်ယောက်က
ကိုယ့်အောက်ညံ့နေခဲ့မယ်ဆိုရင် ကိုယ်က အထင်သေးစိတ်တွေ ဝင်တတ်ပါတယ်။

တကယ်တော့ ကိုယ့်ဘဝကို တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်နေတာဟာ ကိုယ့်စိတ်ကို အလကားနေ
ဒုက္ခပေးနေတာပါပဲ။ သူက ကိုယ်မဟုတ်သလို ကိုယ်ကလည်း သူမဟုတ်ပါဘူး။

သူလုပ်နိုင်တာကို ကိုယ်မလုပ်နိုင်တဲ့ အခိုက်အတန့်ရှိသလို၊ ကိုယ်လုပ်နိုင်တာကို သူမလုပ်နိုင်တဲ့ အခိုက်အတန့် ရှိပါတယ်။ ဘယ်သူ့ကို ဘယ်သူက ကြည့်ပြီး အားငယ်နေစရာ မလိုသလို၊ ဘဝင်မြင့်နေစရာလည်း မလိုပါဘူး။ လူသားအားလုံးမှာ ကိုယ့်ဘဝကို ထုဆစ်ပိုင်ခွင့် ရှိပါတယ်။

ထုဆစ်ဖို့ အခွင့်အရေးရဖို့ ကြိုးစားရမယ်။
အခွင့်အရေး ရလာပြန်ရင်လည်း အသုံးချတတ်ဖို့ ကြိုးစားရမယ်။ ကိုယ့်ဘဝရဲ့ အောင်မြင်မှုက
သူ့ဘဝအောင်မြင်မှုနဲ့ မတူနိုင်သလို၊ သူ့ဘဝအောင်မြင်မှုကလည်း ကိုယ့်ဘဝအောင်မြင်မှုနဲ့ မတူနိုင်ပါဘူး။
မတူညီကြတဲ့ လူသားတွေ ဖြစ်နေကြလေတော့ မတူညီတဲ့ အလုပ်အကိုင်၊ ယူဆချက်တွေကြောင့် မတူညီကြတဲ့ ရလဒ်၊ အောင်မြင်မှုတွေကလည်း ကွဲပြားကြမှာအသေအချာပါပဲ။

သူကလည်း ကိုယ်ဖြစ်မလာနိုင်သလို၊ ကိုယ်ကလည်း သူဖြစ်သွားမှာမဟုတ်ဘူး။ ဒါကြောင့် သူဘဝနဲ့ ကိုယ့်ဘဝကို သွားပြီးနှိုင်းယှဉ်စရာ မလိုအပ်သလို၊ သူကိုယ်တိုင် ကိုယ့်ဘဝနဲ့ သူ့ဘဝကို
လာပြီးနှိုင်းယှဉ်ရင်လည်း အပြုံးမပျက် ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပါပဲ။ 

ကိုယ့်အလုပ်ကို စိတ်ဝင်တစား လုပ်နေမယ်ဆိုရင် ကိုယ့်ဘဝကို ဘယ်သူနဲ့မှ နှိုင်းယှဉ်ဖို့ အချိန် မပေးနိုင်သလို၊ သူများရဲ့ လာပြီးနှိုင်းယှဉ်မှုကို အချိန်ပေးဖို့လည်း အချိန်မအားပါဘူး။

တကယ်တော့ ကိုယ့်ဘဝကိုသူများနဲ့ နှိုင်းယှဉ်တယ်ဆိုတာ “ကိုယ့်ဘဝ၊ကိုယ့်စိတ်ကို သူများကို အပ်နှင်း၊
စီမံခန့်ခွဲခိုင်းလိုက်တာနဲ့ အတူတူပဲ။”သူတစ်ခုခုဖြစ်လာတိုင်း ကိုယ်တစ်ခုခု လိုက်လုပ်နေရမယ်လေ။အဲဒါ သူကကိုယ့်စိတ်ကို အပိုင်ယူသွားပါပဲ။ ကိုယ့်စိတ်ကိုကိုယ် ပိုင်ဆိုင်အောင်ကြိုးစားပါ။ 

ကိုယ့်စိတ်ကို ကိုယ်ပိုင်ဆိုင်ဖို့၊ ကိုယ့်ဘဝကို ကိုယ်ပိုင်ဆိုင်ဖို့ကိုယ့်ဘဝကိုသူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
“ကိုယ်က ကိုယ်၊ သူက သူ”။ သူလုပ်ရင် သူရမယ်။ ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ။
အရှင်ဇနက-မန္တလေးစာသင်သား
Ref:Young Buddhist Association

ရင့်ကျက်ခြင်း အတွေး..။


•••••••••••••••••••••

ပြက္ခဒိန်ကို ကြည့်ပြီး
လက်ချိုးကလေး ရေတွက်လိုက်တော့မှ……
တစ်ခုခု ကိုယ့်ကိုသတိပေးလိုက်သလိုပါပဲ။

အပျော်ရှာရမဲ့ အရွယ်လည်းမဟုတ်တော့သလို
နုပျိုခြင်းနဲ့လည်း တဖြေးဖြေး ဝေးကွာခဲ့ရပါပြီ။

နိုးထလာသလိုပါပဲ …

လူဆိုတာ လူတိုင်းအပေါ်
ကောင်းနေစရာမလိုပါဘူး။

ကိုယ့်အပေါ်ကောင်းတဲ့လူကို
များများ ပြန်ဂရုစိုက် တုန့်ပြန်သင့်သလို

ကိုယ့်အပေါ်မကောင်းတဲ့လူကိုလည်း
မေ့ပျောက်ထားဖို့ အချိန်တန်ပါပြီ။

သိလိုက်သလိုပဲ…

လူဆိုတာ အချိန်ကြာကြာနီးစပ်တိုင်းလည်း
မေတ္တာရှိချင်မှ ရှိတယ်ဆိုပေမဲ့ 

အချိန်ကြာလာတာနှဲ့အမျှ
လူတွေရဲ့အကြောင်းတွေကိုတော့
ကောင်းကောင်းကြီးသိလာမှာမုချအမှန်ပါပဲ။

နားလည်လိုက်သလိုပဲ…

ဘယ်သူ့မှ ကိုယ့်မိဘလောက် ကိုယ့်ကို
အစဉ်အမြဲ လက်ခံခွင့်လွတ်နိုင်မှာ မဟုတ်ပါဘူး။

စိုးရိမ်စပြုလာသလိုပဲ…

အသက်ကြီးလာလေလေ
ကိုယ့်အနီးအနားကလူတွေ
ကိုယ့်ကိုအပြီးအပိုင် ခွဲခွာသွားလေလေပါပဲ။

အနိစ္စတရား ဆိုတာ
ကိုယ်ရဲ့ အနီးအနားမှာပဲကိုး။

ပြောင်းလဲစပြုလာပါပြီ…

ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်
တစ်ယောက်ထဲ ခံနိုင်ရည်ရှိသွားပါပြီ။
ခံနိုင်မှုစွမ်းရည် တိုးတက်လာတဲ့ သဘောပါ။

ဥာဏ်အသိနှဲ့ သိစပြုလာပါပြီ…

စွဲလမ်းခဲ့တဲ့ အရာအားလုံးတွေကို
အရင်တုံးကလို တယူသန်စိတ်သိပ်မရှိတော့ဘဲ
မေ့မေ့ပျောက်ပျောက် ဖြစ်လာပါတယ်။

လက်ခံစ ပြုလာပါပြီ…

စွန့်လွတ်ချင်တဲ့အရာတွေရော
မစွန့်လွတ်ဘဲ ဖက်တွယ်ချင်တဲ့အရာအားလုံးကိုပါ
အဆင်ပြေပြေနဲ့ တွေးတောတတ်သွားပြီ။

သဘာဝတရားနဲ့
အဆင်ပြေစ ပြုလာပြီ ဆိုပါတော့။

နေတတ်စပြုလာပါပြီ…

အရင်တုံးက ကြည့်လို့ လုံးဝမရခဲ့တဲ့
အရာတွေအားလုံးအပေါ် မမြင်သလိုခံစားတတ်သွားပြီ။

သင်ခန်းစာရလိုက်ပါပြီ…

ကြိုးစားရမှာက ကိုယ့်တာဝန်ဆိုပေမဲ့ 
ရောင့်ရဲတတ်ခြင်းဟာလည်း မရှိမဖြစ်လိုအပ်တဲ့
စိတ်နေစိတ်ထား တစ်ခုဖြစ်တယ်။

သူများကိုလည်း
သိပ်အားကျစရာမရှိတော့ပါဘူး။

ရှိပြီးသားအရာများနဲ့သာ
ဘယ်လိုနည်းနဲ့ ပိုပြီးတန်ဘိုးရှိအောင်
ပိုပြီးအဆင်ပြေအောင် နေထိုင်မလဲဆိုတာကိုတွေးတောရင်း.......

ရင့်ကျက်ခြင်းဆိုတာ
ဒါမျိုးအတွေးတွေပဲလား ဆိုပြီး
ကိုယ့်ကိုယ်ကိုမေးခွန်းအကြိမ်ကြိမ်ထုတ်နေမိတယ်။

Ref: WeChat

Credit >> 
Saya Aung Ko Latt

ကျွန်ုပ်...။

ကျွန်ုပ်ဘဝမှာ
မုန်တိုင်းများစွာကို တွေ့ခဲ့ဘူးတယ်။

မုန်တိုင်းအများစုက
ကျွန်ုပ်ကို မှင်သက်သွားစေတယ်။

ကျွန်ုပ် အလျင်မြန်ဆုံး 
နားလည်သင်ယူ ရရှိလိုက်တာက…

ကျွန်ုပ်ဟာ ဥတုရာသီကို 
မထိန်းချုပ်နိုင်ပါလား ဆိုတာပါပဲ။

စိတ်ရှည်ခြင်း 
အနုပညာကို လေ့ကျင့်ရင်း

သဘာဝရဲ့ ဒေါသမာန်ကို
အရေးထားမိလိုက်တယ်။

ပေါ်လိုကိုဟိုး

သင်..။

သင်အရာရာကို
ပေါ့ပျက်ပျက် သဘောထားခဲ့တဲ့အခါ
လေးနက်မှုတွေနဲ့  ဆုံတွေ့ခွင့်
ဆုံးရှူံးရလိမ့်မယ် ။

သင်အရာရာကို
ဆော့ကစားစရာအဖြစ် ယူဆထားခဲ့တဲ့အခါ
တည်ငြိမ်အေးချမ်းမှု  အစစ်အမှန်တွေနဲ့
ဝေးကွာရလိမ့်မယ် ။

သင်အရာရာကို
တန်ဖိုးမဲ့ ပြုမူခဲ့တဲ့အခါ
တန်ဖိုးအစစ်အမှန်တွေရဲ့ ဥပေက္ခာပြုခြင်း
ခံယူရလိမ့်မယ် ။

သင်အရာရာကို
ငါအမှန်လို့ တရားသေဆုပ်ကိုင်ထားခဲ့တဲ့အခါ
အမှားတွေနဲ့ မျက်နှာချင်းဆိုင်ရလိမ့်မယ် ။

သင်အရာရာကို
ကံကြမ္မာလို့ အပြစ်ပုံချ ခေါင်းရှောင်
ထားခဲ့တဲ့အခါ  ခေါင်းဆောင်အဖြစ်ကလွဲ
နောက်လိုက်ပဲ  ဖြစ်နေခဲ့လိမ့်မယ် ။

သင်အရာရာကို
တစ်ဖက်အမြင်တစ်ခုတည်းနဲ့  ကြည့်ခဲ့တဲ့အခါ
ကျန်တစ်ဖက်မှာ သင့်အတွက် မှောင်မိုက်နေခဲ့လိမ့်မယ် ။

သင်အရာရာကို
မဆင်မခြင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အခါ
နောင်တတွေ ရင်မှာပိုက်ခဲ့ရလိမ့်မယ် ။

Credit >>  Org

တည်ငြိမ်ရင့်ကျက်လာတယ် ဆိုတာ...။


★ ★ ★ ★ ★ ★ ★ ★ ★ 

အရမ်းတည်ငြိမ်ရင့်ကျက်လာတဲ့ လူတစ်ယောက်ရဲ့
နောက်ကွယ်မှာ တစ်ချိန်က အလွန်အမင်း
ပေးဆပ်ခဲ့ရတဲ့ ကဗျာမဆန်မလှပသော 
အတိတ်တွေရှိခဲ့ဖူးတယ်။

နှလုံးသားမာကြောလာပီး ခံစားချက်မဲ့သလို
ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ
မျက်ရည်တွေကုန်ခမ်းမတတ် ငိုကြွေးခဲ့ရတဲ့
ညတွေ ရှိခဲ့ဖူးတယ်။

အခက်အခဲအမေးပုစ္ဆာတိုင်းလိုလိုကို
ထမင်းစားရေသောက်သလို လွယ်လွယ်ကူကူဖြေရှင်းနေသူရဲ့
နောက်ကွယ်မှာ ချောင်ပိတ်မိနေပီး ဘာလုပ်လို့ဘာကိုင်မှန်းမသိတဲ့
အလင်းပျောက်နေ့ရက်တွေ ရှိခဲ့ဖူးတယ်။

လိုအင်ဆန္ဒတွေမရတဲ့အခါ ပူလောင်မှူတွေမရှိဘဲ ဘာမှမဖြစ်သလို
နေတတ်လာတဲ့ လူတစ်ယောက်ရဲ့နောက်ကွယ်မှာ လိုချင်တာတွေရပီးမှ
ရလိုက်တာနဲ့မတန်လောက်အောင် စိတ်ဆင်းရဲမှူတွေ
ရှိခဲ့ဖူးတယ်။

လူသားတိုင်းလိုလိုကို ဖော်ရွေစွာဆက်ဆံတတ်တဲ့
လူတစ်ယောက်ရဲ့နောက်ကွယ်မှာ မရေမတွက်နိုင်ဘဲ
စာနဲ့ရေးပြလို့အဓိပ္ပါယ်မပြည့်ဝနိုင်သော နာကျင်ခြင်းတွေ
ရှိခဲ့ဖူးတယ်။

လူတစ်ချို့ကို မျက်စိမှိတ်မယုံကြည်တတ်ဘဲ သတိထားပေါင်းသင်းတတ်တဲ့
လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အရင်းနှီးဆုံးလူရဲ့
နောက်ကျောကို ဓါးနဲ့ မထင်မှတ်တဲ့အချိန်မှာ အထိုးခံလိုက်ရတဲ့
အတိတ်တွေ ရှိခဲ့ဖူးတယ်။

အသည်းကွဲဖူးမှ နှလုံးသားရင့်ကျက်လာမှာပါ
ရူံးနိမ့်မှူတွေကြုံဖူးမှ အတွေးအခေါ်ရင့်ကျက်လာမှာပါ
ငိုဖူးတဲ့သူမှ ပျော်ရွှင်မှူဆိုတာ ခံစားတတ်မှာပါ
ဆုံးရူံးဖူးသူမှ ကိုယ်ရရှိပိုင်ဆိုင်နေတဲ့ အရာရဲ့တန်ဖိုးကိုသိလာမှာပါ။

လူတစ်ယောက် တည်ငြိမ်ရင့်ကျက်လာတယ်ဆိုတာက
စိတ်​ကူးယဉ်​ပီး ရင့်ကျက်လာတာမဟုတ်ပါဘူး
အဲ့ဒီလို နေထိုင်လာနိုင်ဖို့ဆိုတာ တန်​ရာတန်​​ကြေးတော့
တစ်ချိန်တုန်းက မချိမဆန့် ပေးဆပ်ခဲ့ကြရတယ်။