Monday 31 October 2016

ငါဟာ လူသား..။



ငါဟာ ~~~ လူသား
÷÷÷÷××××÷÷÷÷

ငါဟာ ~~~ လူသား
အမှားတွေ လုပ်ဖူးတယ် •••
အမှားတွေ လုပ်နိုင်တယ် •••
အမှားထဲက သင်ခန်းစာ ယူရလိမ့်မယ်။

ငါဟာ ~~~ လူသား
လဲကျဖူးတယ် •••
လဲကျနိုင်တယ် •••
ပြန်ထဖို့သာ လိုလိမ့်မယ်။

ငါဟာ ~~~ လူသား
ငိုခဲ့ဖူးတယ် •••
ငိုရနိုင်တယ် •••
မျက်ရည်တွေသုတ် ပြုံးနိုင်ဖို့သာ လိုလိမ့်မယ်။

ငါဟာ ~~~ လူသား
ရယ်တတ်တယ် •••
ပြုံးတတ်တယ် •••
ကူညီတတ်တယ် •••
သင်ယူတတ်တယ် •••
ငါဟာ ~~~ လူသား
အသက်ရှင် ရပ်တည်နေတယ် •••
လောကကြီးကို ကျေးဇူးတင်တယ်။ ။

အေးမို့

နီရာချေကို ပြောပီးပါ..။



ဆုံစီးခြင်း၏ နောက်ကွယ်မှာ

ဝီးကွာခြင်းတိ ရှိစွာကို လက်ခံလို့ ရကေလေ့

မဆုံရသိမ့်ရေ ငါရို့ နှစ်ယောက် ဝီိးကွာနိန်ရရေ..။

အလေ့ကျ ပေါက်ရေ ရင်ခုန်သံတိ

လျှပ်တပြက် သာယာရေ သျှိုက်ခြင်းတိ

နင့်အပေါ် မထားခစွာက အမှန်ပါရာ..။

နိ လ ရက်တိ ပြောင်းလာစွာနန့်အမျှ 

ပြောခွင့် မရရေ ငါ့အသျှိုက်ကြောင်းတိ
ဇာနိန်ရာမှာ သိမ်းထားရပါဖို့လဲ..။

မြင်အောင် ကြည့်တတ်တဲ့ အမြင်..။



တခါတုန်းက ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။

 သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်ဝင်လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။ 

ဒီတော့ တပည့်လက်သားအဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။ ဒါပေမယ့် လာလိုက် သမျှ တပည့်တွေကလည်း ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။

ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတစ်ယောက်ကမေးတယ်။ ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် ကွာခြားရတာလဲ။

 ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေး တယ်။ ဒီတော့ ပန်းပုဆရာက........ 

“ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။ ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။ 

``မလိုတဲ့ အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တယ်ဗျာ။
 အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ”  တဲ့။

ပုံပြင်ကတော့
အဲဒါပါပဲ....။

ကျွန်တော်တို့မှာ
ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင်လုပ်ရမယ်။ ဖြစ်ချင်တာတွေ ပီပြင်ဖို့အတွက် မလိုအပ်တဲ့အရာတွေကို ပြက်ပြက်သားသား ဖယ်ထုတ်ပစ်ရမယ်
အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝေခြင်းတွေ ၊ ဒါ့အပြင် သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။
ဒါကြောင့်ပဲ
ဖယ်ထုတ်သင့်တာသိနေလျှက်နဲ့ ကျွန်တော်တို့တွေ  မဖယ်ထုတ်ပစ်နိုင်ကြတာကိုက ကျွန်တော်တို့ပန်းပုရုပ်တွေဟာ မပီမပြင်နေကြတာများလား ဗျာ။

(Blog တစ်ခုမှ ဖတ်ဖူးသောပုံပြင်လေးတစ်ပုဒ်ပါ)

#Sayarlay(DDE)

Friday 28 October 2016

နားလည်မှု..။


နင်ချစ်တာ
နင်မုန်းတာ......
နင်ပြောခဲ့ဘူးတာ
နင်မပြောပဲထားတာ.....
နင်မေးတာ
နင်ဖြေတာ......
အားလုံးအားလုံး
ငါနားလည်ပေးခဲ့ပါတယ်ကွာ..........

ငါ့ရဲ့အတွင်းစိတ်ကို
နင်ဖတ်ကြည့်ဘို့ကျတော့...

အင်းလေ...
နင်အလုပ်တွေသိပ်ရှုပ်နေခဲ့တာကို.....

အဲ..........
ပုတ်ခတ်တယ်လို့တော့မထင်ပါနဲ့နော်
ရှေ့ဆက်ပြီးရှုပ်ယှက်မခတ်ရလေအောင်
နင့်အတွက်အရှုပ်ထုပ်ဖြစ်နေတဲ့ငါ
နားလည်စွာနဲ့ပဲ....................

အလွမ်း ခရီးသည်..။


     
   ခွဲခွာခြင်းဆိုရေ..
ခြံစည်းရိုး တဖက်မှာ 
အသည်း တခြမ်းက ကြွီမွ အက်ကွဲ..။

သတိရပါရေ သျှိုက်သူချေ
မဆုံနိုင်ရေ မျဉ်းပြိုင် နှစ်ခုကြားမှာ

ဆန့်ကျင် ကျောခိုင်းနိန်ရေ ဘဝ နှစ်ခု..
မျက်ရည်ဆိုရေ 
အလွမ်းမြစ် တစင်းကို
ဖန်တီးနိုင်စွာက လွဲလို့ 
စက်ဝိုင်း တစ်ခု ဖြိုက်မလာခ..။

ရူးသွပ်ခြင်းကို 
ခံစားချက် တစ်ခုလို့ မပြခကေလေ့
ခံစားတတ်တေ နှလုံးသားက

ဆုတ်ဖြဲ ပြက္ခဒိန်တိ တစ်နှစ်ကုန်တိုင်း
အမှတ်တရ..။
မီးရထား တစ်စင်းပိုင် အရှိန်အဟုန်နန့် မောင်းနှင်နိန်တုန်း..။

Wednesday 26 October 2016

မကြောက်နဲ့ ရင်ဆိုင်ပါ..။



မကြောက်နဲ့ ရင်ဆိုင်ပါ....
မရပ်နဲ့ ရွေ့နေပါ....
မရိုးအနဲ့ ရိုးသားပါ....
မမိုက်မဲနဲ့ ရဲရင့်ပါ....
လှဲမနေနဲ့ မတ်မတ်ရပ်ပါ....
စိတ်ဓာတ်မကျနဲ့ ဆက်ရှင်သန်လိုက်ပါ....
တခဏတာ အရှုံးတွေဟာ ဘဝရဲ့ အဆုံးမဟုတ်ပါ
ဘူး....
လှမ်းကြည့်ပါဦး လမ်းရှိပါတယ်....
မသုံးသောအားနဲ့ မရုန်းသောအားက ဘဝမှာ အလကားပဲ....
မိမိရဲ့ အားသာချက် အမြင့်ဆုံးအပိုင်းကို ရှာဖွေအသုံး
ချလိုက်စမ်းပါ....

True Man

Category

အကောင်းဆုံးပျံ အမှန်ဆုံးစီး...။




ငှက်ဆိုတာက
မွေးကတည်းက ပျံတယ်...
ကြီးမှသာ တောင်ပံတွေက
သစ္စာမဲ့တာပါ။

ရေစီးက ရိုးဖြောင့်လှပါတယ်...
မြစ်ကသာ ကောက်ကွေ့တာပါ။

ဘဝက ဖြူစင်လှပါတယ်...
စိတ်အလိုကသာ ညစ်ထေးတာပါ။

အကောင်းဆုံး ပျံ...
အမှန်ဆုံး စီး...
ပြီးတော့... ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်သလို
သူတစ်ပါးအပေါ် ပြုမူဆက်ဆံပေါ့။

Eagle Breeze

Category

Tuesday 25 October 2016

အနာဂတ်လေး..။



အနာဂတ်လေး
**********

ငါတို့ ••
ကြိုးစားကြမယ်
ရှေ့မှာ ငါတို့ရဲ့ အနာဂတ် •••

ငါတို့ ••
ပြုံးထားကြမယ်
ရှေ့မှာ ငါတို့ရဲ့ အနာဂတ် •••

ငါတို့ ••
အားတင်းထားမယ်
ရှေ့မှာ ငါတို့ရဲ့ အနာဂတ် •••

ငါတို့ရဲ့ အနာဂတ်က ငါတို့ကို ကြိုနေတယ်။
ငါတို့ရဲ့အနာဂတ်ဆီ ငါတို့သွားရမယ်။

ပန်းခင်းလမ်းတွေလည်း အတူတူဖြတ်မယ်။
ဆူးခင်းလမ်းတွေလည်း အတူတူဖြတ်မယ်။

သုခတွေလည်း မျှဝေခံစားမယ်။
ဒုက္ခတွေလည်း ရင်ဆိုင်ဖြေရှင်းမယ်။

ဗဟုသုတတွေလည်း ရှာဖွေကြမယ်။
ပဋိပက္ခတွေလည်း နားလည်ကြမယ်။

ပရဟိတတွေလည်း ကူညီပေးမယ်။
အတ္တဟိတကိုလည်း ချင့်ချိန်ရမယ်။

ဟေ့ ----
ရှေ့မှာ ငါတို့ရဲ့ အနာဂတ်
ပြုံးပြုံးလေးနဲ့ စောင့်ကြိုနေလေရဲ့ *****

အေးမို့

Category

✌️အချစ်=Nothing..။




အချစ် = nothing
••••••••••••••••••••

'အချစ်ဆိုတာ ဘာလဲ' ဆိုတဲ့ မေးခွန်းတစ်ခု။

အချစ်ဆိုတာ ဘာလဲ ?
အချစ်ဆိုတာ ဘာမှမဟုတ်ပါဘူး။

ကိုင်တွယ်ထိတွေ့လို့မရတဲ့ စိတ္တဇနာမ် တစ်ခု •••
ဘယ်သူမှမဖြေနိုင်တဲ့ ခက်ခဲတဲ့မေးခွန်း တစ်ခု •••
သက်ရှိလူသားတွေရဲ့ အသုံးခံပစ္စည်း တစ်ခု •••
လှပတဲ့ နာမည်အခေါ်အဝေါ်တစ်ခု •••

အဆင်ပြေနေကြတဲ့အချိန် သာယာနေကြတဲ့အချိန် ပြီးပြည့်စုံနေကြတဲ့အချိန်တွေမှာတော့ အချစ်က သာသာယာယာပေါ့ •••

အဆင်မပြေတဲ့အချိန် မပြည့်စုံတဲ့အချိန် အခက်အခဲတွေကြုံလာချိန်မှာတော့ အချစ်ဆိုတာ နာကျည်းမုန်းတီး အထင်သေးမှုတွေနဲ့ မသာမယာအဖြစ် ပြောင်းလဲသွားပြန်ရော •••

ဒီလိုဖြစ်တာကတော့ ဘာမှမဟုတ်တဲ့ စကားလုံးနှစ်လုံးကို လူသားတွေက ခုတုံးလုပ်နေခြင်းကြောင့်ပါ။
ကိုယ့်ရဲ့အကောင်းအဆိုး လုပ်ရပ်တွေကို မဝန်ခံဘဲ အချစ်ကြောင့်ဆိုပြီး ခုတုံးလုပ်လိုက်ကြလေရဲ့ •••

တကယ်တော့ အချစ်က nothing ပါ။
အချစ်နောက်ကို လိုက်မိသွားတဲ့သူတွေကသာ something ဖြစ်သွားကြတာပါ။

သင်သည် လူသား
ခံစားပါ။ သို့သော် •••

စကားလုံးတွေထက် လုပ်ရပ်တွေကိုသာ ဦးစားပေးပါ။ ။

ဲအေးမို့

Category

ဘယ် အလုပ်မျိုးကို မဆို..။




ဘယ်အလုပ်မျိုးမဆို.....
၁) အလုပ်လုပ်ချင်တဲ့ဆန္ဒကို ရအောင်မွေးပါ။

၂) ရည်မှန်းချက်ခိုင်မာအောင်ထားပြီး မဆုတ်မနစ်လုပ်ပါ။

၃) အားသွန်ခွန်စိုက် ကြိုးစားလုပ်ပါ။

၎) စဉ်းစားတွေးခေါ်ပြီး ပညာနဲ့လုပ်ပါ။

True Man

Category

ဒဏ်ရာ..။




ဒဏ်ရာ
====

သစ်သားပြားတစ်ခုအပေါ်မှာ
သံတစ်ချောင်းကို ရိုက်လိုက်တယ်။
သံကို ပြန်နှုတ်ကြည့်လိုက်ပါ။
သံက သစ်သားပြားပေါ်မှာ
မရှိတော့ပေမယ့်
သံရဲ့ ဒဏ်ရာကတော့
သစ်သားအပေါ်မှာ ကျန်ခဲ့တယ်နော်။

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ပြောနေတဲ့ စကား..
. ကျွန်တော်တို့ပြုမူခဲ့တဲ့ အမူအရာတွေဟာ
 သူတစ်ပါး ရင်ဘတ်ပေါ်ကို စိုက်ဝင်သွားမယ့်
အသွားချွန်ထက်တဲ့ သံချောင်းတွေဆိုတာ မမေ့သင့်ပါ။

မပြောခင် သုံးသပ်

မလုပ်ခင် စဉ်းစား...
သူတစ်ပါးက သူ့ရင်ဘတ်ကို
ပြန်ပြီးပွတ်သပ်စဉ်းစားလိုက်တိုင်း တွေ့နေရမယ့် ဒဏ်ရာဆိုးဆိုးတွေ မဖြစ်ပါစေနဲ့...

Eagle Breeze
Credit>>စာအုပ်မြို့တော်


ရိုးရှင်းသော ဘဝ..။





ရိုးရှင်းသော ဘဝ
••°•°•°•°•°•°•°••

ရိုးရှင်းသော ဘဝ •••••

ပြိုင်ဆိုင်မှုတွေ မပါဘူး ~~~
မျက်နှာဖုံးတွေ တပ်မထားဘူး ~~~
သံသယတွေ မရှိဘူး ~~~

ရိုးရှင်းသော ဘဝ •••••

အတုအယောင်တွေကို
ဥက္ခောပြုထားတယ် ~~~
ဝန်တိုငြူစူမှုတွေကို
ကျောခိုင်းထားတယ် ~~~
ကလဲ့စားချေတုံ့ပြန်မှုတွေကို
လျစ်လျူရှုထားတယ် ~~~

ရိုးရှင်းသော ဘဝ •••••

မြင့်မြတ်လောက်အောင် မကြီးကျယ်ဘူး ~~~
သေးနုပ်လောက်အောင် မချို့တဲ့ဘူး ~~~
ရောင့်ရဲမှုနဲ့ ငြိမ်းချမ်းတဲ့ ရိုးရှင်းသောဘဝလေးတစ်ခုတော့ ပိုင်ဆိုင်ထားတယ်။ ။

အေးမို့


အား အကြီးဆုံး ကုသိုလ်..။


ကုသိုလ် , အကုသိုလ် ဆိုတာ ဘာကို ပြောတာလဲ ?
အဆင့်အတန်းနှိမ့်တဲ့စိတ်ကို အကုသိုလ်လို့ ပြောတာ။
အဆင့်အတန်းမြင့်တဲ့စိတ်ကို ကုသိုလ်လို့ ပြောတာ။

ကုသိုလ်တွေ ဘယ်နှစ်မျိုး ကြားဖူးလဲ ?
သုံးမျိုးနော် ,
-ဒါနကုသိုလ်,
-သီလကုသိုလ်,
-ဘာဝနာကုသိုလ် ။

ဒါနဆိုတာ . . .
သူတပါးကို ပေးတာ။ ဘယ်သူ့အကျိုးအတွက် ပေးတာလဲ ? သူ့အကျိုးအတွက် ပေးတာပါ။
သူ့ကို ကောင်းတဲ့စေတနာလေးနဲ့ ပေးလိုက်တာ ဟာ ကိုယ့်ရဲ့စိတ်ထား မြင့်သွားဖို့ရာ အကြောင်း ဖြစ်သွားပြီနော်။ အဲဒီတော့ ကိုယ့်မှာ ကုသိုလ် ဖြစ်တယ် ဆိုတာ အဲဒီမြင့်တဲ့စိတ်ကလေး ဖြစ်တာကို ပြောတာ။

စိတ်ထားကို မြင့်ပေးလိုက်တာဟာ ကုသိုလ်။
ဒါနကုသိုလ်ထက် သီလကုသိုလ်က ပိုပြီးတော့ အားကြီးတယ်။ ဘာဖြစ်လို့လဲ ?
စိတ်ဓါတ်အင်အားကို ပိုပြီးတော့ ကြီးစေလို့။
စိတ်ဓါတ်အဆင့်အတန်းကို ပိုပြီးတော့ မြင့်မားစေလို့ပါ။

ဒါနကို လုပ်တဲ့အခါမှာ ဖြစ်လာတဲ့ စိတ်ဓါတ်အင်အား ထက် သီလကြောင့် ဖြစ်တဲ့ စိတ်ရဲ့ စွမ်းအားတွေက ပိုကြီးတယ်။

ဘာဝနာတရားအားထုတ်တဲ့အခါကျတော့ သမာဓိ သိပ်ကောင်းပြီး စိတ်က ကြည်လင် သန့်ရှင်း လာတဲ့အခါ , အသိဉာဏ်တွေ ဖြစ်လာတဲ့ အခါကျတော့ စိတ်ဓါတ် အဆင့်အတန်း ပိုမြင့်သွားတယ်။

စိတ်ဓါတ်အဆင့်အတန်းတင်မကဘူး။
အသိဉာဏ်အဆင့်အတန်းတွေပါ တော်တော် မြင့်သွားတယ်။
စိတ်ဓါတ်ရဲ့ စွမ်းအားသတ္တိတွေ ကြီးလာတယ်။
ဒါကြောင့် ဘာဝနာတရားက အားအကြီးဆုံးကုသိုလ် ဖြစ်တယ်။

( ဆရာတော် ဦးဇောတိက - မဟာမြိုင်တောရ )

လက်မခံတဲ့ လက်ဆောင်..။


တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသဖြစ်စရာ လာပြောလို့ရှိရင် ကိုယ်က လက်ခံပြီးတော့ မစဉ်းစားဘူး။
ဒီ့အတွက် ဒါ... "လက်မခံတဲ့လက်ဆောင် "လို့ခေါ်တယ်။ သူပေးသော်လည်း_ကိုယ်လက်မခံဘူး။
လက်မခံသည့် အတွက်ကြောင့် ကိုယ်စိတ်ရဲ့ အခြေအနေမှာ ဘာမှဖြစ်မသွားဘူး။
အဲဒါမျိုးကျမှ 'ခန္တီ'လို့ ပြောတာနော်..။
(ပါချုပ်​ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ)

Saturday 22 October 2016

ဘဝစိတ်ပျက် ကြေကွဲချိန်မှာ ပြုံးပါ..။



လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှ ကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာ ချည်းပဲ။ အချစ်က လူကို ပျော်ရွှင်မှုတွေ ပေးသလို ဝမ်းနည်းကြေကွဲမှု ကိုလည်း ပေးတယ်။ စည်းစိမ်ချမ်း သာခြင်းက လူကိုပျော် ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေ ကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာ ဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်း စေတယ်။

မျှော်လင့် ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆ အတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်ပျော်ရွှင် ခဲ့ရင် ဆုံးရှုံးသွားတဲ့ အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံး သွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင် လွတ်လပ်မှုမှာ ၃ မှတ်တိုး လာခဲ့တယ်။ တချို့ အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။ ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးကသေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှည်းကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေပဲ မဟုတ်ပါလား…

အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။ ချောင်းအ ထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်နိုင်မလဲ၊ ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ…

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်တယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရတယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ် ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ၊ အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား။

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြတယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။ (၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။ (၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။ တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

nine nine sanay

============

Search Myanmar

လူတော် လူကောင်းဆိုတာ...။


ဘ၀က လူတွေကို နေ့စဉ်နဲ့အမျှ စမ်းသပ်နေပါတယ်။ ဘာကြောင့်လဲမသိပေမယ့် လူတိုင်းက စမ်းသပ်မှုအမျိုးမျိုးကို ခံနေကြရတာကတော့ သေချာပါတယ်။

ဘ၀ကို သချာင်္ဘာသာရပ်နဲ့ တင်စားမယ်ဆိုရင် တစ်ချို့တွေက Calculus နဲ့အခက်တွေနေကြသလို တစ်ချို့တွေက အခြေခံသချာင်္ပုစ္ဆာနဲ့တင် ဒုက္ခရောက်နေကြပါတယ်။ 

ဒီလိုပါပဲ၊ ကျွန်တော်တို့အားလုံးက ပေးချက်တွေနဲ့ပဲ တိုင်ပတ်နေကြရပါတယ်။ ပေးချက်တွေအားလုံးက ကြုံရာကျပန်းဖြစ်နေတတ်ပါတယ်။ မျိုးရိုး၊ နေရာဒေသ၊ ငွေရေးကြေးရေးအခြေအနေ စတာတွေအားလုံးက ကံတရားရဲ့အဆုံးအဖြတ်ပါပဲ။

ဒါပေမယ့် ဘ၀အခြေအနေတွေက ဘယ်လိုပဲဖြစ်နေပါစေ၊ သားကောင်အဖြစ်ကျရှုံးမလား၊ ရှင်သန်သူအဖြစ် အောင်နိုင်မလားဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 
ချိုသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ ဘယ်လိုဘ၀မျိုးကိုမဆို ကျွန်တော်တို့မှာ အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ပြီးတော့ ရှင်သန်အောင်နိုင်ဖို့ ရွေးချယ်ခဲ့သူတွေက အသန်မာဆုံးဖြစ်ပါတယ်။

ကျွန်တော်တို့ သိထားတဲ့ လူတော်တွေဆိုတာက ကျရှုံးမှု၊ ဒုက္ခ၊ ရုန်းကန်မှု၊ ဆုံးရှုံးမှုနဲ့ အမြင့်ကိုတက်လှမ်းဖို့ လမ်းကို သိသူတွေပဲဖြစ်ပါတ်။ သူတို့တွေရဲ့ဘ၀မှာ စာနာထောက်ထားမှု၊ နူးညံ့သိမ်မွေ့မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေပါတယ်။ 

လူကောင်းတွေက မွေးကတည်းက ကောင်းကောင်းမွေးလာခဲ့တာမဟုတ်ပဲ ကောင်းအောင် လုပ်ယူခဲ့ကြတာဖြစ်ပါတယ်။ လူတော်လူကောင်းတွေက အမှောင်ထုကို ဖြတ်သန်းလာခဲ့ရသူတွေ ဖြစ်တာကြောင့် ကမ္ဘာလောကကြီးအတွက် အလင်းဆောင်သူတွေ ဖြစ်လာတတ်ပါတယ်။

အမှောင်အတိပြီးတဲ့ လောကထဲမှာ သူတို့မွေးလာခဲ့ရင်တောင် လူတော်လူကောင်းတွေက အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ အလင်းကိုရှာဖွေတတ်ကြပါတယ်။ 

သူတို့တွေလည်း ကံဆိုးမိုးမှောင်ကျတာတွေနဲ့ ကြုံဆုံကြရပါတယ်။ သူတို့ဟာ ခါးသီးတဲ့မိသားစုဘ၀၊ ဆင်းရဲနွမ်းပါးမှု စတဲ့ ဆိုးရွားတဲ့အခြေအနေတွေကြားမှာ ရောက်နေခဲ့ဖူးပါတယ်။

ဒါပေမယ့်သူတို့က ဒီအခြေအနေတွေအားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ သူတို့က အားနည်းချက်တွေကို ဘေးချိတ်ထားပြီး အခြားလူတွေနဲ့အတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

လူတော်လူကောင်းတွေက နာကျဉ်မှုတွေကို အဆိုးရွားဆုံးအထိ ခံစားဖူးကြတာကြောင့် အခက်ခဲဆုံးဆိုတာတွေကို သဘောကျလေ့ရှိပါတယ်။ 
ဒီလိုဘာကြောင့်ဖြစ်ရတာပါလဲ။ ဥပမာပြောရရင် အသဲကွဲဖူးတဲ့ လူတစ်ယောက်က အစိတ်အပိုင်းတွေကို ဘယ်လိုပြန်တွဲကပ်ရမလဲဆိုတာ သိသွားသလိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူတော်လူကောင်းတွေဟာ အခက်အခဲတွေကို အခွင့်အလမ်းလို့ မြင်တတ်ကြပါတယ်။ 
သူတို့ကို ဆွဲချနေတဲ့အရာတွေကို ခုတုံးလုပ်ပြီး အောင်မြင်မှုကို ရယူဖို့ သိထားကြပါတယ်။

နောက်တစ်ချက်က လူကောင်းတွေက သူတို့က နာကျဉ်ခံစားရသလိုမျိုး အခြားသူတွေကို မခံစားစေချင်တတ်ကြပါဘူး။ ရက်စက်မှုကို ကိုယ်တိုင်ခံစားဖူးတဲ့သူတွေက ကြင်နာမှုအစစ်အမှန်ကို သိထားသလိုပါပဲ။ 

အခြားသူတွေကို နှိမ်ချဆက်ဆံမယ့်အစား လူတော်လူကောင်းတွေက စကားလုံးတွေနဲ့ အားပေးစကားပြောတတ်ပါတယ်။ သူတို့က အခြားသူတွေကို နာကျင်မှုအစား ယုံကြည်မှုကို တည်ဆောက်ပေးတတ်ကြပါတယ်။

လူကောင်းတွေက အခြားသူတွေ အဆင်ပြေဖို့အတွက် ကူညီပေးတတ်ကြပါတယ်။ သူတို့တွေက ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ 

သူတို့ကို လဲပြိုသွားစေရင်လည်း ပြန်ထပြီး ရှေ့ဆက်ဖို့ပဲ အာရုံစိုက်တတ်ကြပါတယ်။ သူတို့အနေနဲ့ ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်နိုင်တဲ့အတွက် အခြားသူတွေကို ရှေ့တန်းတင်ဖို့ ဘာဖြစ်ဖြစ်လုပ်ပေးဖို့ ကြိုးစားတတ်ကြပါတယ်။

ဘ၀ပြိုင်ပွဲမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမယ့် နာကျဉ်ခံစားဖူးတဲ့ သူတွေကတော့ အလားတူရုန်းကန်မှုမျိုးကို ဖြတ်သန်းရမယ့် အခြားသူတွေအတွက်ကိုပဲ ကြည့်ပေးတတ်ကြပါတယ်။

 သူတို့က မိတ်ဆွေတွေကို အားပေးကူညီပြီး သူတို့နဲ့အတူ လိုက်ပြေးနိုင်အောင် လှုံ့ဆော်ပေးနိုင်သူတွေ ဖြစ်ပါတယ်။
Ref:Gentleman Magazine

Thursday 20 October 2016

တကယ်ရော တန်သလား..။



 ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။ 

ကျားငယ်က မေးပါတယ်။ 
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။ ကျားသစ်ကိုလည်း နိုင်ရဲတယ်။ 
ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။ 
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊ 
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။ 

" ခွေးရူးကိုနိုင်တော့ 
ဂုဏ်ယူစရာ ကောင်းသလား သား " ၊
ကျားငယ်ခေါင်းခါပါတယ်။ 
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "
ကျားငယ်က ခေါင်းခါပြန်တယ်။ 
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊ လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ ကိုက်နေကြတာ " တဲ့။
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား 
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ....။

What is mean*love*?



အသျှိုက်က....ပြည့်စုံခြင်းလား..?
ပျက်စီး..ခြင်းလား..?

အပြုသဘောကို....ဆောင်ဖို့လား..?

အဖျက်....သဘောကို ဆောင်ဖို့လား..?

အီးချမ်းဖို့လား....အထီးကျန်ဖို့လား..?

မြတ်နိုးဖို့လား....စိမ်းကားဖို့လား..?

ပျော်ရွှင်ဖို့လား....ဝမ်းနည်းဖို့လား......!!!!

သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ပါစေနဲ့..။


လောကမှာ တစ်ချို့က တစ်ခါတလေ ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊ ကိုယ်နဲ့မတည့်တဲ့ သူတွေ၊ မဟုတ်တာ လုပ်တဲ့သူတွေ ဒုက္ခရောက်သွားတဲ့အခါ၊ အဆိုးတွေ ကြုံသွားတဲ့အခါ ဝမ်းသာအားရ ဖြစ်တတ်ကြပါတယ်။

အမုန်းတရားနဲ့ ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။ “နည်းတောင်နည်းသေးတယ်”ဆိုပြီး စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်နေတာတွေ ရှိတတ်ပါတယ်။

အဲဒီလို သူများဒုက္ခရောက်သွားတဲ့ အပေါ်မှာ ကိုယ်က ဝမ်းမြောက်ဝမ်းသာဖြစ်မိတာဟာ ကောင်းတဲ့စိတ်မဟာပါဘူး။

ကိုယ်နဲ့တည့်တာ၊ မတည့်တာတွေ ခဏထား၊ သူကောင်းတာ မကောင်းတာ အသာထားပြီး ကိုယ့်ရှုထောင့်က ကိုယ်စဉ်းစားကြည့်ကြဖို့တော့ လိုပါတယ်။

သူမကောင်းလို့ သူ့အပြစ်နဲ့ သူခံရတာဟာ သူ့အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

အဲဒါကို ကိုယ်ကသူများဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းသာအားရ ဖြစ်မိတာတော့ ကိုယ့်ကိုကိုယ် အကုသိုလ် ဝင်ယူသလို ဖြစ်နေတတ်ပါတယ်။

အဘိဓမ္မာမှာ တော့ ဉာဏ်မယှဉ်တဲ့ ဝမ်းမြောက်မှုလုပ်ရပ်ဟာ အကုသိုလ်စိတ်တစ်မျိုးပဲလို့ ဆိုပါတယ်။
ဒါဟာ သတိပြုစရာ အချက်တစ်ခုပါ။

အမှန်တော့ ပုထုဇဉ်သဘာဝ ကိုယ့်အပေါ်မှာ မကောင်းတဲ့သူ၊ လောကကောင်းကျိုးမပြုတဲ့ သူတွေ သူတို့အပြစ် သူတို့ခံရတဲ့အခါ အများအတွက်ကြည့်ပြီး ကိုယ်က ဝမ်းမြောက်မိတတ်ပေမယ့် တကယ်ထားသင့်တဲ့ စိတ်ထားက အကုသိုလ် သောမနဿမျိုး မဟုတ်ဘဲ သဗ္ဗေသတ္တာ ကမ္မဿကာဆိုတဲ့ အတွေးမျိုးထားရမှာပါ။

သူတပါးဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းမြောက်ဖို့ထက် “သူ့ကံ သူခံသွားတဲ့ သဘောပါလား”လို့ မချစ်မမုန်း ဥပေက္ခာနှလုံးနဲ့ ဆင်ခြင်တတ်ရမှာ ဖြစ်ပါတယ်။

ဒါမှ သူ့အပြစ်ဟာ ကိုယ့်အပြစ်မဖြစ်မှာပါ။ မဟုတ်ရင် သူများကိုကြည့်ပြီး ကိုယ့်မှာအပြစ်တွေ ဖြစ်နေတတ်ပါတယ်။

ဒါဟာလည်း ပုထုဇဉ်သဘာဝ ကိုယ့်စိတ်ကိုယ် ပြုပြင်ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ

ငါ့စိတ်နန့် ငါ့ခန္ဓာ..။


ငါ့ပြည် ငါ့ခန္ဓာ ၊
ဖိနှိပ်ကာ အုပ်ချုပ်ခံရ
နှိပ်စက်မှု မကန်မကန် ၊
တစ်ပါးကျွန် အမှန်ဖြစ်ကေလေ့ ။

ငါ့ စိတ် နန့် ငါ့ဝိဥာဏ်၊
အုပ်ချုပ်ခံ ကျွန်မဟုတ် ၊
ငါ့ရို့ပြည် လွတ်မြောက်ဖို့ ၊
ကြိုးစား အားထုတ် ။

မောင်ဖြူ (ကြွီတဲကျွန်း)

Thursday 13 October 2016

ခေါင်းဆောင်ကောင်းများမှာ တွေ့ရသည့် အရည်ချင်းများ..။

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တိုင်း အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာမဟုတ်ပါဘူး။ စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးဟာ တခြားသူတွေကိုဦးဆောင်နိုင်သလို သူတို့တွေရဲ့ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ရှိဖို့ကူညီပေးရာမှာလည်း စိတ်အားထက်သန်ကြပါတယ်။ ခေါင်းဆောင်စင်စစ်တွေဟာ သူတို့ကိုယ်သူတို့ တိုးတက်နေဖို့အမြဲကြိုစားနေတတ်ပြီး သူတို့ရဲ့အဖွဲ့အစည်းအတွက် ရှေ့ဆောင်လမ်းပြအဖြစ်နဲ့လည်း ရပ်တည် နိုင်စွမ်းရှိကြပါတယ်။ ခေါင်းဆောင်မှုပုံစံတွေများစွာရှိပေမယ့် အခုဖော်ပြမယ့်အချက်(၇)ခုကတော့ ခေါင်းဆောင် အစစ်တွေမှာ သာတူညီမျှတွေ့ရတဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ ရိုးသားဖြောင့်မတ်ခြင်း

ခေါင်းဆောင်မှုစွမ်းရည်ရဲ့အခြေခံအချက်တစ်ခုဖြစ်တဲ့ ရိုးသားဖြောင့်မတ်ခြင်းရဲ့တန်ဖိုးက ချင့်တွက်လို့ မရနိုင်ပါဘူး။ ရိုးသားဖြောင့်မတ်တဲ့ခေါင်းဆောင်တစ်ဦးရဲ့ပြောစကားကို လူအများစုက အကြွင်းမဲ့ယုံကြည် လက်ခံတတ်ကြပြီး အကောင်းဆုံးတုံ့ပြန်တတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အကောင်းဆုံး ယုံကြည်ထိုက်တဲ့ ကိုယ်ကျင့်တရားရှိနေဖို့ အရေးကြီးပါတယ်။

၂။ စိတ်အားတက်ကြွမှု

လူအများစုဟာ လုပ်ဆောင်နေတဲ့လုပ်ငန်းအပေါ်မှာ အမှန်တကယ်အလေးအနက်ထားပြီး အပြုသဘောဆောင် တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နေတယ်လို့ အပြည့်အ၀ယုံကြည်ထားတဲ့ ခေါင်းဆောင်တွေနဲ့အတူတကွ အလုပ်လုပ်ချင်တတ်ကြပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ငန်းကြီးတစ်ခုကိုတည်ထောင်ရာမှာ အခြားသူတွေကို လွှမ်းမိုးနိုင်တဲ့ စီမံခန့်ခွဲမှုစွမ်းရည်ရှိရမှာဖြစ်ပြီး စံပြပုဂ္ဂိုဟ်တစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေဟာ ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးတတ်ပြီး အဖွဲ့အစည်းတစ်ခုလုံးကိုလည်း စိတ်အားတက်ကြွမှုအပြည့်နဲ့ ဦးဆောင်နိုင်ကြပါတယ်။

၃။ တာဝန်ခံနိုင်မှု

ခေါင်းဆောင်ကောင်းတွေအားလုံးဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက်သာမက သူတို့ကြီးကြပ်ရသူတွေရဲ့ လုပ်ငန်း စွမ်းဆောင်ရည်အတွက်ကိုပါ တာဝန်အပြည့်အ၀ယူတတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ အဖွဲ့အစည်းတွင်း ပါဝင်သူအားလုံး ပါဝင်ပတ်သက်မှုရှိပြီး တောင့်တင်ခိုင်မာတဲ့ အပြန်အလှန်ကူညီမှုစနစ်တစ်ခု ကို ဖော်ဆောင်နိုင်ကြပါတယ်။ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ခေါင်းဆောင်ကိုယ်တိုင်က ကတိတည်ပြီး အခြားသူတွေ အားလုံးအကောင်းဆုံး လုပ်ဆောင်နိုင်အောင် လိုအပ်တာတွေဖြည့်ဆည်းပေးဖို့ အသင့်ရှိတတ်ကြပါတယ်။

၎။ တာဝန်လွှဲပြောင်းပေးအပ်ခြင်း

အောင်မြင်တဲ့ခေါင်းဆောင်တိုင်းဟာ သူတို့လက်အောင်ငယ်သားတွေအကြောင်းကို ကောင်းကောင်းသိကြပြီး ဘယ်သူက ဘယ်ကိစ္စနဲ့သင့်တော်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ကြပါတယ်။ ဒါ့အပြင် ၀န်ထမ်းတွေကို သင့်တော်တဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တတ်ကြပါတယ်။ တချို့သောခေါင်းဆောင်မှုအရည်အသွေး နိမ့်ပါးသူတွေကတော့ အားလုံးကိုခြုံငုံသုံးသပ်ပြီး တာဝန်လွှဲပြောင်း ပေးအပ်နိုင်ရမယ့်အစား အသေးစိတ်အထိလိုက်ဂရုစိုက်ပြီး အချိန်ကုန်နေလေ့ရှိတတ်ကြပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းက လူတွေရဲ့တစ်ဦးချင်းအားသာချက်တွေကို လေ့လာပြီး လုပ်ငန်းအတွက် အကျိုးအမြတ် ဖြစ်အောင် အသုံးချနိုင်တာကလည်း ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

၅။ ဆန်းသစ်တီထွင်နိုင်မှု။

ပျက်မှပြင်မယ်ဆိုတဲ့ သဘောတရားက ခေတ်နောက်ကျသွားပါပြီ။ (၂၁)ရာစုနှစ်လို နည်းပညာနဲ့ ဈေးကွက် ပြောင်းလဲမှုမြန်ဆန်တဲ့ ခေတ်ကာလမှာ ရှေ့ဆက်တက်ဖို့မလုပ်ရင် နောက်ကျကျန်နေခဲ့မှာပါ။ အခုခေတ်ရဲ့ အယူအဆသစ်က ထုတ်ကုန်နဲ့ ၀န်ဆောင်မှုကို အမြဲဆန်းသစ်နေဖို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက် ရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ငန်းပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ဆန်းသစ်တီထွင် နိုင်ဖို့ လုပ်အပ်သလို အဖွဲ့အစည်းတွင်းမှာရှိသူတွေဆီကလည်း အကြံဉာဏ်ကောင်းတွေကို တောင်းဆိုတတ်ဖို့ လိုအပ်ပါတယ်။

၆။ ပြောဆိုဆက်သွယ်မှု

ခေါင်းဆောင်တွေရဲ့ အလုပ်ဟာ ရည်မှန်းချက်တွေကို အသက်ဝင်အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်။ စွန့်ဦးစီးပွားရေးတစ်ယောက်အနေနဲ့ အတွေးထဲမှာ ရည်မှန်းချက်တွေ ဘယ်လောက်ထိ ပြတ်ပြတ်သားသားချမှတ်ထားပါစေ၊ တကယ်အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးနိုင်သူ မရှိခဲ့ရင် ဘာဆိုဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ခေါင်းဆောင်ကောင်းတွေဟာ သူတို့နဲ့ အလုပ်အတူ လုပ်သူတွေနဲ့ ပုံမှန်တွေ့ဆုံပြီး ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်တွေ ပေးတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ မျှော်မှန်းထားတာနဲ့ ကိုက်ညီအောင် ဒါမှမဟုတ် ပိုကောင်းအောင် လုပ်ဆောင်နိုင်သူတွေကို ချီးမြှင့်မြှောက်စား ဖို့ကိုလည်း မေ့လျော့မနေတတ်ကြပါဘူး။

၇။ လေးစားမှုရှိခြင်း။

ခေါင်းဆောင်တစ်ယောက်ဖြစ်လာတာဟာ ရာထူးတစ်ခုရယုံနဲ့ ပြီးတာမဟုတ်ပါဘူး။ အခြားသူတွေရဲ့ ဘ၀တွေကိုပါ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။ အတ္တကြီးတဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ဝန်ထမ်းတွေကို စက်ပစ္စည်းတွေလို သဘောထားတတ်ကြပါတယ်။ ခေါင်းဆောင်အစစ်တွေကတော့ ကိုယ်ချင်းစားတတ်ကြပြီး လုပ်ဖော်ကိုင်ဖက် တွေနဲ့ လက်အောက်ငယ်သားတွေအပေါ် သနားညှာတာစွာ ဆက်ဆံတတ်လေ့ရှိပါတယ်။ ဒါ့အပြင် အဖွဲ့အစည်း တွင်းက လူတိုင်းကို လေးစားတန်ဖိုးထားတတ်ကြတဲ့အတွက် အားလုံးကလည်း သူတို့ကို လေးစားကြပါတယ်။

ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်တွေဖြစ်ဖို့ လုပ်ယူလို့ရပါတယ်။ အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်တက်ကြွမှုတွေနဲ့အတူ ထူးခြားတဲ့ခေါင်းဆောင်စင်စစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် နမူနာယူ ကြိုးစားကြည့်နိုင်ပါတယ်။
Ref:Gentleman Magazine

ယူချင်ရင် ကုသိုလ်ပဲယူ..။


သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ အမှားတွေ အပြစ်တွေကနေကိုယ်က ဘာမှ မယူပါနဲ့..
တစ်ကယ်လို့ တစ်ခုခု ယူချင်တယ်ဆိုရင် ကုသိုလ်ပဲ ယူပါ..အကုသိုလ် မယူပါနဲ့..
စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားနိုင်ရင်ကုသိုလ် ရပါတယ်..
စိတ်ထားမကောင်းနဲ့စိတ်ကောင်းမထားနိုင်ရင်အကုသိုလ် ရပါတယ်..
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
Ref:ဓမ္မနဒီ

ကောင်းဟန်ဆောင် တတ်တဲ့ လူတွေလုပ်တတ်တဲ့ အပြု အမူများ...။

ကိုယ့်ဘေးနား က လူဟာ လူကောင်းလား ၊ လူဆိုးလား ဆိုတာ ကို ခွဲခြား သိနိုင်ဖို့ က အရေးကြီးပါတယ် ။ 
ဒါမှ မကောင်းတဲ့ သူတွေ ၊ နောက်ကျော ကို ဓားထိုး တတ်တဲ့ သူတွေ ကို ရှောင်ရှား နိုင်မှာပါ ။ တချို့ က လူကောင်း ဟန်ဆောင်တဲ့ နေရာ မှာ သိပ် ကို ကျွမ်းကျင်လွန်းပါတယ် ။ 
အပေါ်ယံ ဟန်ဆောင်ပြီး ကောင်းဟန် ဆောင် နေတာလား ဆိုတာ ကို သိနိုင်မယ့် အပြု အမူတွေ ကို ဖော်ပြလိုက်ပါတယ် ။
 ကောင်းတဲ့ သူနဲ့ မကောင်းတဲ့ သူတို့ရဲ့ အပြုအမူ ကို ယှဉ်တွဲ ပြီး မကောင်းတဲ့ သူကို အလွယ်တကူ ရှောင်ရှားနိုင်ပါတယ် ။

(၁) ကောင်းတဲ့ သူတွေ က လူတိုင်း အပေါ် စေတနာ ထား လေးလေး စားစား ဆက်ဆံ နေတဲ့ အချိန် မကောင်းတဲ့ သူတွေ ကတော့ မျက်နှာကြီးရာ ဟင်းဖတ်ပါ ၊ အပေါ်ဖား အောက်ဖိ ဆိုတဲ့ အတိုင်း ကိုယ့်ထက် မြင့်တဲ့ သူ ၊ ရာထူးကြီး တဲ့ သူတွေ ကို တော့ သိပ်ဖားပြနေပြီး ကိုယ့်ထက် ငယ်တဲ့ သူတွေ ကိုတော့ ဟောက်စားတတ်နေပါတယ် ။

(၂) ကောင်းတဲ့ သူတွေ က သူတို့ ဟာ သူတို့ပဲ နေနေတတ်တယ် ။ သူတို့ သဘောကျအောင် မလုပ်ပေမယ့် မကောင်းတဲ့ သူတွေ ကတော့ သူများ သူတို့ ကို သဘောကျအောင် အတင်း လိမ်မာ ပြတာမျိုး ၊ အလုပ်တွေ ကြိုးစားပြတာမျိုး ၊ လူတွေ အမြင်မှာ နာမည်ရအောင် အမျိုးမျိုး ကြိုးစားနေတတ်ပါတယ် ။

(၃) ကောင်းတဲ့ သူတွေ က မကြွားတတ်ဘူး ။ မကောင်းတဲ့ သူတွေ က မရှိတာ ကို အရှိလုပ်ပြီး အလွန် အကြွားသန်ကျပါတယ် ။ သူတို့မှာ ဘာပိုင်တာ ၊ ဘယ်လောက် ချမ်းသာတာ ၊ အသုံး အဆောင် ဆို ဘာသုံးနိင်တာ ၊ အစား အသောက် ဆိုလည်း ဘယ်လိုတွေမှ စားသောက်တာ ဆိုပြီး အချိန်တိုင်း အလျင်သင့်ရင် သင့်သလို ကြွားဝါ နေတတ်ပါတယ် ။

 (၄) ကောင်းတဲ့ သူတွေ က သူတို့ရဲ့ ထင်မြင်ချက် ကို ပွင့်ပွင့်လင်းလင်း ပြောတတ်ပါတယ် ။ ကောင်းရင် ကောင်းတယ် ၊ မကောင်းရင် မကောင်းဘူး ဆိုပြီး တိုက်ရိုက်ပြောတတ်ပါတယ် ။ သို့သော် မကောင်းတဲ့ သူတွေ ကတော့ လူရှေ့ ဆိုရင်တော့ စကားကို အကောင်းပဲ ပြောပြီး ကွယ်ရာ မှ အတင်းပြောတတ်ပါတယ် ။ လူကွယ်ရာဆို သူများ မကောင်းကြောင်း ကို ချည်း ပြောနေတတ်ပါတယ် ။

(၅) ကောင်းတဲ့ သူတွေ က ကတိတစ်ခုကို အလွယ်တကူ မပေးတတ်သလို ပေးထားတဲ့ ကတိ ကိုလည်း တည်နိုင်အောင် ကြိုးစားပါတယ် ။ မကောင်းတဲ့ သူတွေ ကတော့ ပြီးပြီးရော ဆိုပြီး ကတိတွေ အများကြီးကို ပေးတတ်ပြီး အလွယ်တကူ ပဲ ပေးထားတဲ့ ကတိကို ပြန်ဖျတ် တတ်ပါတယ် ။

(၆) ကောင်းတဲ့ သူတွေ က တခြားသူတွေရဲ့ ကောင်းတဲ့ အချက်တွေကို ရှာဖွေ ချီးကျူး စကားပြောပေးသလို အားငယ်သူတွေကိုလည်း အားပေးစကား ပြောတတ်ပါတယ် ။ မကောင်းတဲ့ သူတွေ ကတော့ သူများရဲ့ မကောင်းတဲ့ အချက်တွေကို ပဲ ပြောနေတတ်ပြီး မိမိကိုယ် မိမိသာ ကောင်းတဲ့ သူဖြစ်ကြောင်း ကိုယ်ရည်သွေးနေတတ်ပါတယ် ။

(၇) ကောင်းတဲ့ သူတွေ က အမြဲတမ်း သဘောကောင်းနေတတ်ပြီး သူများ ကိုလည်း ကူညီ တတ်ပါတယ် ။ မကောင်းတဲ့ သူတွေ ကတော့ သူတို့ အကူ အညီ လိုမှ အတင်း လာပေါင်းတတ်ပါတယ် ။ လိုတစ်မျိုး မလိုတစ်မျိုး နဲ့ သာပေါင်း ညာစား သိပ်လုပ်တတ်တဲ့ သူတွေပါ ။
Ref:ayesay

ထို အသံများ..။



"မင်း လုပ်ရင် ဖြစ်မှာမဟုတ်ပါဘူးကွာ.."
"စိတ်ကူးယဉ်မနေစမ်းပါနဲ့ကွာ"
"မင်းထက်တော်တဲ့ကောင်တွေတောင် မလုပ်နိုင်တာ၊ မင်းက ဘယ်လိုလုပ်မှာတုန်း"
"အေးအေးဆေးဆေး နေစမ်းပါကွာ၊ အပင်ပန်းခံပြီး မဖြစ်နိုင်တာကို လုပ်မနေနဲ့"
.
ဒီလိုအသံတွေကြားမှာတင် ကျနော်တို့ရဲ့ စိတ်ကူးအိမ်မက်တွေ အငွေ့ပျံပျောက်ကွယ်သွားလေ့ရှိတယ်။
လွတ်လပ်တဲ့ စိတ်ကူးတွေ၊ ခမ်းနားတဲ့ အိမ်မက်တွေ၊ ပြင်းထန်တဲ့ ဆန္ဒတွေအားလုံးကို "စိတ်ကူးယဉ်ခြင်း" ဆိုတဲ့ 
ခေါင်းစဉ်အောက်မှာပဲ တံဆိပ်ခတ်လိုက်ကြတယ်။ ရင်ထဲကဖြစ်လာတဲ့ "စစ်မှန်တဲ့ အသံ" တစ်ခုကို ပတ်ဝန်းကျင်ရဲ့
"မဖြစ်နိုင်ပါဘူး" ဆိုတဲ့ ဆူညံသံတွေက လွှမ်းခြုံလိုက်ကြတယ်။
.
ဒါနဲ့တင်ပဲ ...
"သြော် သူတို့ပြောတာ ဟုတ်မှာပါ" "ငါ စိတ်ကူးယဉ်နေမိတာ နေမှာပါ" 
"ငါကလည်း အရမ်းတော်တဲ့သူ မဟုတ်ပါဘူးလေ" "ဖြစ်တော့လည်း မဖြစ်နိုင်ပါဘူးလေ"
ဆိုပြီး လက်ခံမိလိုက်တာနဲ့ သင့်ရဲ့အိမ်မက်တွေ နိဂုံးချုပ်သွားပါပြီ။
သင်လည်းပဲ "မဖြစ်နိုင်ပါဘူး" လို့ ပြောလေ့ရှိတဲ့ ပတ်ဝန်းကျင်ထဲက လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို လက်ခံလိုက်သလို ဖြစ်သွားပါပြီ။
.
ဒီလို လက်ခံလိုက်ခြင်းနဲ့အတူ သင်ဟာ ဘယ်တော့မှ လူတော်တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။
သင်ဟာ ဘယ်တော့မှ ကြိုးစားလိုစိတ်ရှိတော့မှာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်းပဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတော့မှာမဟုတ်ပါဘူး။
ဝမ်းနည်းစရာ အကောင်းဆုံးအချက်တစ်ခုကတော့ "ဘယ်တော့မှ အိမ်မက်တွေကို ထပ်မက်ရဲတော့မှာ မဟုတ်ပါဘူး။"
ဒီလိုနဲ့ သာမာန်ထဲက သာမန်လူတစ်ယောက်၊ "မဖြစ်နိုင်ဘူး" ဆိုတာကို လက်ခံလိုက်တဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ရတော့မှာပါ။
.
တကယ်ဆိုရင် အိမ်မက်ကြီးကြီးမက်တတ်တာ (ကြီးကြီးမားမား စိတ်ကူးယဉ်တတ်တာ) ရှက်စရာမဟုတ်ပါဘူး။ ခမ်းနားတဲ့အိမ်မက်တွေအတွက် 
ဂုဏ်ယူရမှာပါ။ အဲဒီ့အိမ်မက်ကို ရင်ဘတ်ထဲထိထည့်ပြီး ကိုယ်ယုံကြည်သလို ခရီးဆက်ရွက်လွှင့်ရမှာပါ။ 
.
"မြေပြင်ပေါ်မှာ မဖြစ်နိုင်ပါဘူးလို့ ဝိုင်းဝန်းဝေဖန်ကြတဲ့ ပတ်ဝန်းကျင်ကအသံတွေဟာ သင့်အမြင့်တစ်နေရာကို ရောက်သွားတဲ့အခါမှာတော့
လက်ခုပ်သြဘာအသံတွေအဖြစ် ပြောင်းလဲသွားကြမှာပါ"
.
အရေးကြီးတာက မြေပြင်ပေါ်မှာ ရှိနေစဉ်ကာလမှာ ဘာကိုမှဂရုမစိုက်ဘဲ အမြင့်တစ်နေရာကိုပျံသန်းနိုင်ဖို့ကိုပဲ ဦးတည်အာရုံစိုက်ရမှာပါ။
.
သင်ပျိုးထားတဲ့ အိမ်မက်ပန်းခင်းကို ဘယ်သူကမှ ဖျက်လိုဖျက်ဆီးလုပ်တာ မခံပါနဲ့။ အဲဒီ့ အိမ်မက်တွေက လက်ရှိသင့်အရွယ်အစားနဲ့ နှိုင်းယှဉ်ရင်
ကြီးမားလွန်းမက ကြီးမားနေမယ်၊ ဒါမှမဟုတ် ဝေးကွာလွန်းမက ဝေးကွာနေမယ်။ ဒါပေမယ့် အဲဒီ့အရာက သင့်ဘဝအတွက် လျှောက်လှမ်းရမယ့် ပန်းတိုင်တစ်ခုပါပဲ။
ပန်းတိုင်က သင့်ဘဝကို အဓိပ္ပာယ်ရှိစေတယ်၊ သင့်ဘဝကို အမြင့်ကို ရောက်စေတယ်၊ သင့်ဘဝကို အောင်မြင်စေတယ်။
.
"မဖြစ်နိုင်ဘူး" ဆိုတဲ့ အဲဒီ့ပတ်ဝန်းကျင်ကအသံတွေကို နားယောင်မိပြီး ရင်ထဲက ပန်းတိုင်ကို ဖျက်ဆီးမိမယ်ဆိုရင်တော့
သင်ဟာ သာမန်ထဲက သာမန်ဖြစ်သွားပါလိမ့်မယ်။ 
.
အချိန်တန်ရင် ထမင်းစားမယ်၊ အချိန်တန်ရင် အိပ်မယ်၊ အချိန်တန်ရင် သေဆုံးမယ်ဆိုတဲ့ သာမန်ဘဝတစ်ခုမှာပဲ ရှင်သန်ရပ်တည်မလား၊
သင့်ရင်ထဲက အိမ်မက်အတွက် တိုက်ပွဲဝင်ရင်း ဘဝကို အရသာရှိရှိခံစားမလားဆိုတာတော့ သင့်ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်...
အိမ်မက်များ ရှင်သန်ကြီးထွားနိုင်ကြပါစေ..
Ref;  (Focus Youth)

Thursday 6 October 2016

တရားရှိရင် အမှားသိမယ်..။



သူများရဲ့ အမှားကို ရှာတာ လွယ်တယ်။ ကိုယ့်အမှားကို လက်ခံဖို့ကျတော့ ခက်တယ်။ 
အမှားကို ပြုပြင်ဖို့က ပိုခက်တယ်။ 

အသိဉာဏ်အားနည်းရင် ကိုယ့်အမှားကို မမြင်ဘဲ သူတပါး အမှားကို ရှာဖွေပုတ်ခတ်ပြောဆိုကာ ကိုယ့်အမှားကို ကာကွယ်တတ်တယ်။ 
လုပ်သမျှအလုပ်၊ ပြောသမျှ စကား၊ ကြံသမျှ အတွေးများဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဖြစ်တတ်တယ်။

ပညာအသိရှိတဲ့သူဟာ သူများအမှားကို မနှိမ်ချဘဲ ကိုယ်ကောင်းအောင်သာကြိုးစားတယ်။ 
သူများအမှားကို သင်္ခန်းစာယူပြီး ကိုယ်မှန်အောင်သာ အားထုတ်လေ့ရှိတယ်။

 အသိပညာရှိသူတွေရဲ့
လုပ်ရပ်ဟာ မိမိသူတပါးအကျိုးများမှုကိုသာ ဖြစ်စေတယ်။
 ဒါကြောင့် အသိပညာ ရှိအောင်ကြိုးစားရမယ်။ 

အသိပညာရှိဖို့အတွက် စာများများဖတ်ရမယ်။ စာစုံဖတ်ရမယ်။ အတွေ့အကြုံများအောင်
ကြိုးစားရမယ်။ အရေးကြီးဆုံးက အမှားနည်းအောင် သတိဆောင်ရမယ်။ သတိရှိရင် တရားရှိတယ်။ 

တရားရှိရင် အမှားသိမယ်။ အမှားသိတာဟာ အမှန်တရားရဲ့ ရှေ့ပြေးပဲပေါ့။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Ref: Young Buddhist Association
#အရိုးသားဆုံးလူသားတွေဟာ အမြဲအနိုင်ကျင့်
တာခံကြရတယ်။ 
#အယုံလွယ်တဲ့လူသားတွေဟာ အမြဲအလိမ်ခံ
ရတတ်တယ်။ 
#အချစ်တတ်ဆုံးလူသားတွေဟာ အမြဲအသဲခွဲ
ခံရတတ်တယ်။
#အငြိမ်သက်ဆုံးလူသားတွေဟာ အမြဲတမ်း
လျော့တွက်ခြင်းခံရတယ်။
#နားလည်ပေးအနိုင်ဆုံးလူသားတွေဟာ အမြဲတမ်း
လျစ်လျူရှုခြင်းခံရတယ်။
#အပြုံးတတ်ဆုံးလူသားတွေဟာ အမြဲတမ်းပျော်နေ
တယ်လို့ လူအများရဲ့ထင်မြင်ခြင်းကိုခံရတယ်။
#အနစ်နာခံတတ်ဆုံးလူသားတွေဟာ အမြဲမေ့လျော့
ခံရတယ်။
ဒါပေမယ့် ဘယ်လောက်ပဲ ခံစားရခံစားရ ရက်ရက်
စက်စက်ခေတ်ကြီးထဲမှာ နူးနူးညံ့ညံ့နှလုံးသားကို
ထိန်းသိမ်းထားရတာကို ဂုဏ်ယူပါတယ်။။ ကိုယ်မုန်း
တဲ့သူမျိုး ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မဖြစ်လာစေ
ရဘူး။
ဆက်လက်ပြုံးနေဆဲပါပဲ။ လွယ်တာကိုမလုပ်တတ်
ဘူး။ မှန်တာကိုပဲလုပ်တတ်တယ်။ အဲ့ဒီအတွက်လည်း
ပေးဆပ်ရဲပါတယ်။
Credit to မိုးရှင်း (I.M.T)

Wednesday 5 October 2016

လမ်းပြသော အလင်းတန်းများ..။


✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 
★ စကားကိုပြောသင့်ချိန်ရောက်မှ 
ပြောသင့်ရာကို  ပြောပါ။

★ လောကကြီးမှာ
ရှားပါးသလောက်တန်ဖိုးကြီးတဲ့အရာဟာ
ဖြူစင်တဲ့မေတ္တာပါပဲ။

★ အတွေးမတူ အမြင်မတူသူအပေါ်မှာ 
မိမိကနားလည်မှုနဲ့ 
ပေါင်းသင်းဆက်ဆံနိုင်ရမယ်။

★ ဟန်ဆောင်တယ်ဆိုတာ  
အယဉ်ကျေးဆုံး  လိမ်ညာမှုပဲ။

★ မာနတွေယှဉ်ပြိုင်ကြတဲ့အခါ 
မာယာတွေကနှုတ်ခမ်းပေါ်မှာ  
နေရာယူလာတတ်တယ်။

★ အချစ်က အမှားအမှန်  
မခွဲခြားတတ်အောင်  တွေဝေစေပါတယ်။

★ လောကဓံကို  
သင့်တင့်စွာ  နှလုံးသွင်ရင်း  ရင်ဆိုင်ပါ။
လူညံ့တစ်ယောက်အတွက်  အားကိုးရာမှာ ဆင်ခြေဖြစ်သည်။

★ ပေးလိုက်ပါ   
သင်တစုံတစ်ခု   ပြန်ရလိမ့်မယ်။

★ မကောင်းမှု့ပြုလုပ်သူတွေရဲ့  နောက်မှာ 
နောက်လိုက်ရှိတယ်  အဲဒါနောင်တပဲ။

★ လှုပ်ရှားရုန်းကန်နေရသော  
ဘဝခရီးမှာ  ပျင်းရိနေလျှင်  သင်ဟာ လူဖျင်း လူညံ့ဖြစ်သွားလိမ့်မယ်။

★ လူ့ဘဝမှာ  အဆင့်မြင့်မြင့်နေဖို့
စိတ်ထားမြင့်မြင့်  ထားဖို့လိုတယ်။

★ ကိုယ်ကသူ့ကို  အပြစ်တင်မယ်ဆိုရင်
တစ်ကြိမ်လောက် သူ့နေရာမှာ ဝင်ကြည့်ပေးပါ။

★ ဘာမှမဖြေရှင်းနိုင်တဲ့ ဒေါသဟာ  မြွေဆိုးတစ်ကောင်ထက်  အဆိပ်ပြင်းတယ်။

   Crd_BRNT

Nay Ye Thway

မျှားတစ်ချောင်းကိုပစ်ဖို့ အရင်ဆုံး လေးကြိုးကို နောက်ပြန်ဆွဲဖို့လိုအပ်တယ်..။



တကယ်လို့ ဘ၀က သင့်ကို အခက်အခဲတွေပေးပြီး နောက်ပြန်ဆွဲနေတယ်လို့ ထင်နေမိပြီဆိုရင် ...။
 တကယ့်ကို ကောင်းမွန်တဲ့အရာတစ်ခုကို သူ သင့်ကိုပေးတော့မယ်လို့ပဲ စိတ်ကူးလိုက်ပြီး ဒီအခက်အခဲကို ကြိုးစား ကျော်ဖြတ်ပါ ...။

ဘယ်တန်ဖိုးရှိတဲ့ အရာမှ အလွယ်တကူရတယ်ဆိုတာ မရှိပါဘူး ...။

Credit to original writer
Admin-tHwAy

Sunday 2 October 2016

အချောင်လိုချင်စိတ်..။


"ကိုယ့်ပစ္စည်း မဟုတ်ရင် လမ်းမှာကောက်ရတဲ့ သူများပစ္စည်းအပေါ် အလုအယက် အပြိုင်ကောက်တာလည်း အချောင်လိုချင်တဲ့ သဘောပါပဲ"။

အချောင်လိုချင်စိတ်ကို တွန်းလှန်နိုင်တာဟာ အမတန် ဂုဏ်သိက္ခာ ရှိပါတယ်။ သီလသိက္ခာနဲ့ ရိုးသားမှု သိက္ခာဟာ အချောင်ရလိုက်တဲ့ တန်ဘိုးကြီး ပစ္စည်းတွေထက် အဆပေါင်းများစွာ တန်ဘိုးကြီးပါတယ်။ 

လိပ်ပြာမလုံတဲ့ ရယူမှုထက်စာရင် လိပ်ပြာသန့်သန့် ရှိနေမှုကသာ ဘဝအတွက် မှတ်ကျောက်တင်စရာပဲ ဖြစ်ပါတယ်။

အချောင်လိုချင်စိတ်က အလေ့အကျင့် မရှိရင် လမ်းမှာသူများ ကျကျန်ခဲ့တဲ့ ပစ္စည်းတစ်ခုခု တွေ့ရင်တောင် "ထောတာပဲ၊ ပွတာပဲ"ဆိုတဲ့ အတွေးနဲ့ အလုအယက် ကောက်ယူလေ့ရှိတယ်။ အမှန်တော့ လမ်းမှာတွေတဲ့ ပစ္စည်းတစ်ခုခုလို့ ဆိုပေမယ့် ကိုယ့်ပစ္စည်းမှ မဟုတ်တာ၊ ကိုယ်ကျကျန်တာမှ မဟုတ်တာ၊ ထောစရာကို အကြောင်းမရှိပါဘူး။ 

ယဉ်ကျေးမှုတွေ အသားကျနေတဲ့ နိုင်ငံတွေမှာဆိုရင်တော့ ကောက်ရတဲ့ ပစ္စည်းဆိုပြီး ကိုယ့်အိပ်ထဲ ထည့်မသွားပါဘူး။ နီးစပ်ရာ အစိုးရ ပစ္စည်းအပ်နှံရာဌာနတွေမှာ အပ်နှံပြီး ပိုင်ရှင်လက်အရောက် ပို့ပေးလေ့ ရှိတော့တာပဲ ဖြစ်ပါတယ်။

ကိုယ်တွေ ရွှေနိုင်ငံသားတွေမှာတော့ အဲဒီလို ပစ္စည်းအပ်ယဉ်ကျေးမှုတွေ ဆိတ်သုဉ်းနေတာ အတော်ကြာလှပေါ့။ ကိုယ်ကျပျောက်သွားတဲ့ ပစ္စည်းမဟုတ်ဘဲ သူများကျကျန်ခဲ့တဲ့ ပစ္စည်းမှန်း သိသိချည်းနဲ့ "ထောပြီဟေ့" ဆိုတဲ့ အချောင်လိုချင်စိတ်က နေရာအရင် ယူတော့တာ ဖြစ်ပါတယ်။ 

အချောင်လိုချင်စိတ်တွေမှာ အသားကျလာတော့ ပစ္စည်းတစ်ခုခု ကောက်ရရင် သက်ဆိုင်ရာကို အပ်နှံတတ်တဲ့အကျင့်တွေ ဆိတ်သုဉ်းသွားတော့ တာပဲဖြစ်ပါတယ်။

ရှားရှားပါးပါး တစ်လောက လူမှုကွန်ယက်မှာ ပေါ်ပြူလာဖြစ်သွားတဲ့ တက္ကစီမောင်းသူ လူငယ်တစ်ယောက်ရဲ့ လုပ်ရပ်လေးကတော့ ကိုယ်ဆွေကိုယ်မျိုးများ အတုယူ လိုက်နာသင့်တဲ့ စံပြုစရာ အချက်ပဲ ဖြစ်ပါတယ်။ 

အချောင်လိုချင်စိတ်ကို တွန်းလှန်နိုင်တဲ့ သူ့ရဲ့စိတ်နေသဘောထားက ဂုဏ်ပြုစရာပဲ ဖြစ်ပါတယ်။ သိန်းထောင်ကျော် တန်ဘိုးရှိတာတွေကို ကောက်တွေ့ရပေမယ့် အချောင်လိုချင်စိတ်ကို တွန်းလှန်ပြီး ပိုင်ရှင်ထံ အရောက်အပ်နှံနိုင်ခဲ့တဲ့ သူရဲ့ စိတ်သဘောထားဟာ အချောင်သမားများလွန်းလှတဲ့ မြန်မာပြည်ကြီးမှာတော့ စံထားစရာ အမှန်ပဲ ဖြစ်ပါတယ်။

 ဝမ်းသာစရာကောင်းတာက သူ့ရဲ့ရိုးသားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပစ္စည်းပိုင်ရှင်က တက္ကစီတစ်စီး ပေးအပ်ဂုဏ်ပြုမယ် ဆိုတာပါပဲ။ လိပ်ပြာသန့်သန့် လက်ခံရရှိတဲ့ သိန်းရာကျော်တန်ဟာ အချောင်ရလိုက်တဲ့ သိန်းထောင်ကျော်ထက် အဆပေါင်းများစွာ တန်ဘိုးရှိနေတော့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဘဝမှာ ဘယ်လောက်ပဲ တန်ဘိုးကြီးတဲ့ ပစ္စည်းဝတ္ထုကို ပိုင်ဆိုင်ထားပါစေ လိပ်ပြာသန့်သန့် ရရှိထားတာမျိုး မဟုတ်ရင် ရှိသလောက် ချမ်းသာမှာ မဟုတ်ပါဘူး။ အချောင်ရထားတဲ့ အရာတွေသာဆိုရင်တော့ ချောင်တယ်လို့ထင်ရပေမယ့် လက်တွေ့ဘဝမှာ မချောင်လှပါဘူး။

 ကိုယ်ဘယ်လိုရထားတာ သူများတွေ မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်က သိနေတာဖြစ်တော့ ရှိသလောက် လိပ်ပြာမသန့် ဖြစ်နေမိမှာတော့ အမှန်ပါပဲ။
ဒါကြောင့် ဘာမှအကြာကြီး မဟုတ်တဲ့ လောကကြီးမှာ အိတ်ဖာအဟန့်တွေနဲ့ ဖိတ်စာခန့်ဖို့ထက် ရိက္ခာအကန့်လေးတွေနဲ့ လိပ်ပြာသန့်နေတဲ့ ဘဝက ဂုဏ်သိက္ခာအရ တန်ဘိုးရှိလာတာ ဖြစ်တဲ့အတွက် အချောင်လိုချင်တဲ့ စိတ်ကိုတွန်းလှန် လိပ်ပြာသန့်သန့် ဘဝခန့်အောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
Ref:နှလုံးသားအာဟာရ