Sunday 2 October 2016

အချောင်လိုချင်စိတ်..။


"ကိုယ့်ပစ္စည်း မဟုတ်ရင် လမ်းမှာကောက်ရတဲ့ သူများပစ္စည်းအပေါ် အလုအယက် အပြိုင်ကောက်တာလည်း အချောင်လိုချင်တဲ့ သဘောပါပဲ"။

အချောင်လိုချင်စိတ်ကို တွန်းလှန်နိုင်တာဟာ အမတန် ဂုဏ်သိက္ခာ ရှိပါတယ်။ သီလသိက္ခာနဲ့ ရိုးသားမှု သိက္ခာဟာ အချောင်ရလိုက်တဲ့ တန်ဘိုးကြီး ပစ္စည်းတွေထက် အဆပေါင်းများစွာ တန်ဘိုးကြီးပါတယ်။ 

လိပ်ပြာမလုံတဲ့ ရယူမှုထက်စာရင် လိပ်ပြာသန့်သန့် ရှိနေမှုကသာ ဘဝအတွက် မှတ်ကျောက်တင်စရာပဲ ဖြစ်ပါတယ်။

အချောင်လိုချင်စိတ်က အလေ့အကျင့် မရှိရင် လမ်းမှာသူများ ကျကျန်ခဲ့တဲ့ ပစ္စည်းတစ်ခုခု တွေ့ရင်တောင် "ထောတာပဲ၊ ပွတာပဲ"ဆိုတဲ့ အတွေးနဲ့ အလုအယက် ကောက်ယူလေ့ရှိတယ်။ အမှန်တော့ လမ်းမှာတွေတဲ့ ပစ္စည်းတစ်ခုခုလို့ ဆိုပေမယ့် ကိုယ့်ပစ္စည်းမှ မဟုတ်တာ၊ ကိုယ်ကျကျန်တာမှ မဟုတ်တာ၊ ထောစရာကို အကြောင်းမရှိပါဘူး။ 

ယဉ်ကျေးမှုတွေ အသားကျနေတဲ့ နိုင်ငံတွေမှာဆိုရင်တော့ ကောက်ရတဲ့ ပစ္စည်းဆိုပြီး ကိုယ့်အိပ်ထဲ ထည့်မသွားပါဘူး။ နီးစပ်ရာ အစိုးရ ပစ္စည်းအပ်နှံရာဌာနတွေမှာ အပ်နှံပြီး ပိုင်ရှင်လက်အရောက် ပို့ပေးလေ့ ရှိတော့တာပဲ ဖြစ်ပါတယ်။

ကိုယ်တွေ ရွှေနိုင်ငံသားတွေမှာတော့ အဲဒီလို ပစ္စည်းအပ်ယဉ်ကျေးမှုတွေ ဆိတ်သုဉ်းနေတာ အတော်ကြာလှပေါ့။ ကိုယ်ကျပျောက်သွားတဲ့ ပစ္စည်းမဟုတ်ဘဲ သူများကျကျန်ခဲ့တဲ့ ပစ္စည်းမှန်း သိသိချည်းနဲ့ "ထောပြီဟေ့" ဆိုတဲ့ အချောင်လိုချင်စိတ်က နေရာအရင် ယူတော့တာ ဖြစ်ပါတယ်။ 

အချောင်လိုချင်စိတ်တွေမှာ အသားကျလာတော့ ပစ္စည်းတစ်ခုခု ကောက်ရရင် သက်ဆိုင်ရာကို အပ်နှံတတ်တဲ့အကျင့်တွေ ဆိတ်သုဉ်းသွားတော့ တာပဲဖြစ်ပါတယ်။

ရှားရှားပါးပါး တစ်လောက လူမှုကွန်ယက်မှာ ပေါ်ပြူလာဖြစ်သွားတဲ့ တက္ကစီမောင်းသူ လူငယ်တစ်ယောက်ရဲ့ လုပ်ရပ်လေးကတော့ ကိုယ်ဆွေကိုယ်မျိုးများ အတုယူ လိုက်နာသင့်တဲ့ စံပြုစရာ အချက်ပဲ ဖြစ်ပါတယ်။ 

အချောင်လိုချင်စိတ်ကို တွန်းလှန်နိုင်တဲ့ သူ့ရဲ့စိတ်နေသဘောထားက ဂုဏ်ပြုစရာပဲ ဖြစ်ပါတယ်။ သိန်းထောင်ကျော် တန်ဘိုးရှိတာတွေကို ကောက်တွေ့ရပေမယ့် အချောင်လိုချင်စိတ်ကို တွန်းလှန်ပြီး ပိုင်ရှင်ထံ အရောက်အပ်နှံနိုင်ခဲ့တဲ့ သူရဲ့ စိတ်သဘောထားဟာ အချောင်သမားများလွန်းလှတဲ့ မြန်မာပြည်ကြီးမှာတော့ စံထားစရာ အမှန်ပဲ ဖြစ်ပါတယ်။

 ဝမ်းသာစရာကောင်းတာက သူ့ရဲ့ရိုးသားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပစ္စည်းပိုင်ရှင်က တက္ကစီတစ်စီး ပေးအပ်ဂုဏ်ပြုမယ် ဆိုတာပါပဲ။ လိပ်ပြာသန့်သန့် လက်ခံရရှိတဲ့ သိန်းရာကျော်တန်ဟာ အချောင်ရလိုက်တဲ့ သိန်းထောင်ကျော်ထက် အဆပေါင်းများစွာ တန်ဘိုးရှိနေတော့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဘဝမှာ ဘယ်လောက်ပဲ တန်ဘိုးကြီးတဲ့ ပစ္စည်းဝတ္ထုကို ပိုင်ဆိုင်ထားပါစေ လိပ်ပြာသန့်သန့် ရရှိထားတာမျိုး မဟုတ်ရင် ရှိသလောက် ချမ်းသာမှာ မဟုတ်ပါဘူး။ အချောင်ရထားတဲ့ အရာတွေသာဆိုရင်တော့ ချောင်တယ်လို့ထင်ရပေမယ့် လက်တွေ့ဘဝမှာ မချောင်လှပါဘူး။

 ကိုယ်ဘယ်လိုရထားတာ သူများတွေ မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်က သိနေတာဖြစ်တော့ ရှိသလောက် လိပ်ပြာမသန့် ဖြစ်နေမိမှာတော့ အမှန်ပါပဲ။
ဒါကြောင့် ဘာမှအကြာကြီး မဟုတ်တဲ့ လောကကြီးမှာ အိတ်ဖာအဟန့်တွေနဲ့ ဖိတ်စာခန့်ဖို့ထက် ရိက္ခာအကန့်လေးတွေနဲ့ လိပ်ပြာသန့်နေတဲ့ ဘဝက ဂုဏ်သိက္ခာအရ တန်ဘိုးရှိလာတာ ဖြစ်တဲ့အတွက် အချောင်လိုချင်တဲ့ စိတ်ကိုတွန်းလှန် လိပ်ပြာသန့်သန့် ဘဝခန့်အောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
Ref:နှလုံးသားအာဟာရ

No comments:

Post a Comment