Thursday 13 October 2016

ခေါင်းဆောင်ကောင်းများမှာ တွေ့ရသည့် အရည်ချင်းများ..။

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တိုင်း အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာမဟုတ်ပါဘူး။ စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးဟာ တခြားသူတွေကိုဦးဆောင်နိုင်သလို သူတို့တွေရဲ့ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ရှိဖို့ကူညီပေးရာမှာလည်း စိတ်အားထက်သန်ကြပါတယ်။ ခေါင်းဆောင်စင်စစ်တွေဟာ သူတို့ကိုယ်သူတို့ တိုးတက်နေဖို့အမြဲကြိုစားနေတတ်ပြီး သူတို့ရဲ့အဖွဲ့အစည်းအတွက် ရှေ့ဆောင်လမ်းပြအဖြစ်နဲ့လည်း ရပ်တည် နိုင်စွမ်းရှိကြပါတယ်။ ခေါင်းဆောင်မှုပုံစံတွေများစွာရှိပေမယ့် အခုဖော်ပြမယ့်အချက်(၇)ခုကတော့ ခေါင်းဆောင် အစစ်တွေမှာ သာတူညီမျှတွေ့ရတဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ ရိုးသားဖြောင့်မတ်ခြင်း

ခေါင်းဆောင်မှုစွမ်းရည်ရဲ့အခြေခံအချက်တစ်ခုဖြစ်တဲ့ ရိုးသားဖြောင့်မတ်ခြင်းရဲ့တန်ဖိုးက ချင့်တွက်လို့ မရနိုင်ပါဘူး။ ရိုးသားဖြောင့်မတ်တဲ့ခေါင်းဆောင်တစ်ဦးရဲ့ပြောစကားကို လူအများစုက အကြွင်းမဲ့ယုံကြည် လက်ခံတတ်ကြပြီး အကောင်းဆုံးတုံ့ပြန်တတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အကောင်းဆုံး ယုံကြည်ထိုက်တဲ့ ကိုယ်ကျင့်တရားရှိနေဖို့ အရေးကြီးပါတယ်။

၂။ စိတ်အားတက်ကြွမှု

လူအများစုဟာ လုပ်ဆောင်နေတဲ့လုပ်ငန်းအပေါ်မှာ အမှန်တကယ်အလေးအနက်ထားပြီး အပြုသဘောဆောင် တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နေတယ်လို့ အပြည့်အ၀ယုံကြည်ထားတဲ့ ခေါင်းဆောင်တွေနဲ့အတူတကွ အလုပ်လုပ်ချင်တတ်ကြပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ငန်းကြီးတစ်ခုကိုတည်ထောင်ရာမှာ အခြားသူတွေကို လွှမ်းမိုးနိုင်တဲ့ စီမံခန့်ခွဲမှုစွမ်းရည်ရှိရမှာဖြစ်ပြီး စံပြပုဂ္ဂိုဟ်တစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေဟာ ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးတတ်ပြီး အဖွဲ့အစည်းတစ်ခုလုံးကိုလည်း စိတ်အားတက်ကြွမှုအပြည့်နဲ့ ဦးဆောင်နိုင်ကြပါတယ်။

၃။ တာဝန်ခံနိုင်မှု

ခေါင်းဆောင်ကောင်းတွေအားလုံးဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက်သာမက သူတို့ကြီးကြပ်ရသူတွေရဲ့ လုပ်ငန်း စွမ်းဆောင်ရည်အတွက်ကိုပါ တာဝန်အပြည့်အ၀ယူတတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ အဖွဲ့အစည်းတွင်း ပါဝင်သူအားလုံး ပါဝင်ပတ်သက်မှုရှိပြီး တောင့်တင်ခိုင်မာတဲ့ အပြန်အလှန်ကူညီမှုစနစ်တစ်ခု ကို ဖော်ဆောင်နိုင်ကြပါတယ်။ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ခေါင်းဆောင်ကိုယ်တိုင်က ကတိတည်ပြီး အခြားသူတွေ အားလုံးအကောင်းဆုံး လုပ်ဆောင်နိုင်အောင် လိုအပ်တာတွေဖြည့်ဆည်းပေးဖို့ အသင့်ရှိတတ်ကြပါတယ်။

၎။ တာဝန်လွှဲပြောင်းပေးအပ်ခြင်း

အောင်မြင်တဲ့ခေါင်းဆောင်တိုင်းဟာ သူတို့လက်အောင်ငယ်သားတွေအကြောင်းကို ကောင်းကောင်းသိကြပြီး ဘယ်သူက ဘယ်ကိစ္စနဲ့သင့်တော်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ကြပါတယ်။ ဒါ့အပြင် ၀န်ထမ်းတွေကို သင့်တော်တဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တတ်ကြပါတယ်။ တချို့သောခေါင်းဆောင်မှုအရည်အသွေး နိမ့်ပါးသူတွေကတော့ အားလုံးကိုခြုံငုံသုံးသပ်ပြီး တာဝန်လွှဲပြောင်း ပေးအပ်နိုင်ရမယ့်အစား အသေးစိတ်အထိလိုက်ဂရုစိုက်ပြီး အချိန်ကုန်နေလေ့ရှိတတ်ကြပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းက လူတွေရဲ့တစ်ဦးချင်းအားသာချက်တွေကို လေ့လာပြီး လုပ်ငန်းအတွက် အကျိုးအမြတ် ဖြစ်အောင် အသုံးချနိုင်တာကလည်း ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

၅။ ဆန်းသစ်တီထွင်နိုင်မှု။

ပျက်မှပြင်မယ်ဆိုတဲ့ သဘောတရားက ခေတ်နောက်ကျသွားပါပြီ။ (၂၁)ရာစုနှစ်လို နည်းပညာနဲ့ ဈေးကွက် ပြောင်းလဲမှုမြန်ဆန်တဲ့ ခေတ်ကာလမှာ ရှေ့ဆက်တက်ဖို့မလုပ်ရင် နောက်ကျကျန်နေခဲ့မှာပါ။ အခုခေတ်ရဲ့ အယူအဆသစ်က ထုတ်ကုန်နဲ့ ၀န်ဆောင်မှုကို အမြဲဆန်းသစ်နေဖို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက် ရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ငန်းပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ဆန်းသစ်တီထွင် နိုင်ဖို့ လုပ်အပ်သလို အဖွဲ့အစည်းတွင်းမှာရှိသူတွေဆီကလည်း အကြံဉာဏ်ကောင်းတွေကို တောင်းဆိုတတ်ဖို့ လိုအပ်ပါတယ်။

၆။ ပြောဆိုဆက်သွယ်မှု

ခေါင်းဆောင်တွေရဲ့ အလုပ်ဟာ ရည်မှန်းချက်တွေကို အသက်ဝင်အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်။ စွန့်ဦးစီးပွားရေးတစ်ယောက်အနေနဲ့ အတွေးထဲမှာ ရည်မှန်းချက်တွေ ဘယ်လောက်ထိ ပြတ်ပြတ်သားသားချမှတ်ထားပါစေ၊ တကယ်အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးနိုင်သူ မရှိခဲ့ရင် ဘာဆိုဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ခေါင်းဆောင်ကောင်းတွေဟာ သူတို့နဲ့ အလုပ်အတူ လုပ်သူတွေနဲ့ ပုံမှန်တွေ့ဆုံပြီး ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်တွေ ပေးတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ မျှော်မှန်းထားတာနဲ့ ကိုက်ညီအောင် ဒါမှမဟုတ် ပိုကောင်းအောင် လုပ်ဆောင်နိုင်သူတွေကို ချီးမြှင့်မြှောက်စား ဖို့ကိုလည်း မေ့လျော့မနေတတ်ကြပါဘူး။

၇။ လေးစားမှုရှိခြင်း။

ခေါင်းဆောင်တစ်ယောက်ဖြစ်လာတာဟာ ရာထူးတစ်ခုရယုံနဲ့ ပြီးတာမဟုတ်ပါဘူး။ အခြားသူတွေရဲ့ ဘ၀တွေကိုပါ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။ အတ္တကြီးတဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ဝန်ထမ်းတွေကို စက်ပစ္စည်းတွေလို သဘောထားတတ်ကြပါတယ်။ ခေါင်းဆောင်အစစ်တွေကတော့ ကိုယ်ချင်းစားတတ်ကြပြီး လုပ်ဖော်ကိုင်ဖက် တွေနဲ့ လက်အောက်ငယ်သားတွေအပေါ် သနားညှာတာစွာ ဆက်ဆံတတ်လေ့ရှိပါတယ်။ ဒါ့အပြင် အဖွဲ့အစည်း တွင်းက လူတိုင်းကို လေးစားတန်ဖိုးထားတတ်ကြတဲ့အတွက် အားလုံးကလည်း သူတို့ကို လေးစားကြပါတယ်။

ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်တွေဖြစ်ဖို့ လုပ်ယူလို့ရပါတယ်။ အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်တက်ကြွမှုတွေနဲ့အတူ ထူးခြားတဲ့ခေါင်းဆောင်စင်စစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် နမူနာယူ ကြိုးစားကြည့်နိုင်ပါတယ်။
Ref:Gentleman Magazine

No comments:

Post a Comment