•••••••••••••••••••••
ပြက္ခဒိန်ကို ကြည့်ပြီး
လက်ချိုးကလေး ရေတွက်လိုက်တော့မှ……
တစ်ခုခု ကိုယ့်ကိုသတိပေးလိုက်သလိုပါပဲ။
အပျော်ရှာရမဲ့ အရွယ်လည်းမဟုတ်တော့သလို
နုပျိုခြင်းနဲ့လည်း တဖြေးဖြေး ဝေးကွာခဲ့ရပါပြီ။
နိုးထလာသလိုပါပဲ …
လူဆိုတာ လူတိုင်းအပေါ်
ကောင်းနေစရာမလိုပါဘူး။
ကိုယ့်အပေါ်ကောင်းတဲ့လူကို
များများ ပြန်ဂရုစိုက် တုန့်ပြန်သင့်သလို
ကိုယ့်အပေါ်မကောင်းတဲ့လူကိုလည်း
မေ့ပျောက်ထားဖို့ အချိန်တန်ပါပြီ။
သိလိုက်သလိုပဲ…
လူဆိုတာ အချိန်ကြာကြာနီးစပ်တိုင်းလည်း
မေတ္တာရှိချင်မှ ရှိတယ်ဆိုပေမဲ့
အချိန်ကြာလာတာနှဲ့အမျှ
လူတွေရဲ့အကြောင်းတွေကိုတော့
ကောင်းကောင်းကြီးသိလာမှာမုချအမှန်ပါပဲ။
နားလည်လိုက်သလိုပဲ…
ဘယ်သူ့မှ ကိုယ့်မိဘလောက် ကိုယ့်ကို
အစဉ်အမြဲ လက်ခံခွင့်လွတ်နိုင်မှာ မဟုတ်ပါဘူး။
စိုးရိမ်စပြုလာသလိုပဲ…
အသက်ကြီးလာလေလေ
ကိုယ့်အနီးအနားကလူတွေ
ကိုယ့်ကိုအပြီးအပိုင် ခွဲခွာသွားလေလေပါပဲ။
အနိစ္စတရား ဆိုတာ
ကိုယ်ရဲ့ အနီးအနားမှာပဲကိုး။
ပြောင်းလဲစပြုလာပါပြီ…
ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်
တစ်ယောက်ထဲ ခံနိုင်ရည်ရှိသွားပါပြီ။
ခံနိုင်မှုစွမ်းရည် တိုးတက်လာတဲ့ သဘောပါ။
ဥာဏ်အသိနှဲ့ သိစပြုလာပါပြီ…
စွဲလမ်းခဲ့တဲ့ အရာအားလုံးတွေကို
အရင်တုံးကလို တယူသန်စိတ်သိပ်မရှိတော့ဘဲ
မေ့မေ့ပျောက်ပျောက် ဖြစ်လာပါတယ်။
လက်ခံစ ပြုလာပါပြီ…
စွန့်လွတ်ချင်တဲ့အရာတွေရော
မစွန့်လွတ်ဘဲ ဖက်တွယ်ချင်တဲ့အရာအားလုံးကိုပါ
အဆင်ပြေပြေနဲ့ တွေးတောတတ်သွားပြီ။
သဘာဝတရားနဲ့
အဆင်ပြေစ ပြုလာပြီ ဆိုပါတော့။
နေတတ်စပြုလာပါပြီ…
အရင်တုံးက ကြည့်လို့ လုံးဝမရခဲ့တဲ့
အရာတွေအားလုံးအပေါ် မမြင်သလိုခံစားတတ်သွားပြီ။
သင်ခန်းစာရလိုက်ပါပြီ…
ကြိုးစားရမှာက ကိုယ့်တာဝန်ဆိုပေမဲ့
ရောင့်ရဲတတ်ခြင်းဟာလည်း မရှိမဖြစ်လိုအပ်တဲ့
စိတ်နေစိတ်ထား တစ်ခုဖြစ်တယ်။
သူများကိုလည်း
သိပ်အားကျစရာမရှိတော့ပါဘူး။
ရှိပြီးသားအရာများနဲ့သာ
ဘယ်လိုနည်းနဲ့ ပိုပြီးတန်ဘိုးရှိအောင်
ပိုပြီးအဆင်ပြေအောင် နေထိုင်မလဲဆိုတာကိုတွေးတောရင်း.......
ရင့်ကျက်ခြင်းဆိုတာ
ဒါမျိုးအတွေးတွေပဲလား ဆိုပြီး
ကိုယ့်ကိုယ်ကိုမေးခွန်းအကြိမ်ကြိမ်ထုတ်နေမိတယ်။
Ref: WeChat
Credit >>
Saya Aung Ko Latt
No comments:
Post a Comment