Tuesday 29 November 2016

ခရု နှစ်ကောင်...။

တစ်ခါတုန်းက ခရုလေး နှစ်ကောင်ဟာ ဥယျာဉ် တစ်ခုထဲမှာ အဆွေခင်ပွန်းဖွဲ့ပြီး နေထိုင်ကြသတဲ့။ ပန်းပင်တွေရဲ့ ထူးကဲတဲ့ အရသာလေးတွေကို မြိန်ရေယှက်ရေ စားသုံးကြပြီး နေထိုင်ကြတာပေါ့။ 

ခရုတစ်ကောင်ကတော့ အကောင်ကြီးတယ်၊ ဦးနှောက်ဉာဏ်နည်းတယ်။ ဒါ့အပြင် ထိုးထွင်းကြံစမှုလည်း ညံ့ဖျင်းပါတယ်။ ကျန်တစ်ကောင် ကတော့ အကောင်သေးပေမယ့် လေ့လာစူးစမ်းတတ်တယ်၊ လုံလ၊ ဝီရိယလည်းရှိတယ်။ ပညာကိုလည်း အသုံးချတတ်လေရဲ့။

တစ်နေ့မှာတော့ သူတို့နှစ်ကောင်ဟာ ပန်းပင်တစ်ပင်ပေါ်ကို အတူ တက်နေကြမိတယ်တဲ့လေ။ ဒါနဲ့ သူတို့နဲမလှမ်းမကမ်း မှာ ရှိတဲ့ ပန်းပင်ကြီး တစ်ပင်ကို လှမ်းမြင်လိုက်ကြပါတော့တယ်။ 

ပန်းပင်ကြီးဟာ မိမိတို့နေတဲ့ အပင်ထက် ကြီးပြီး အပွင့်ကြီးတွေ လှနေတာပေါ့။ ဒီချိန်မှာပဲ ခရုနှစ်ကောင်ဟာ တစ်ဖက် ပန်းပင်ကြီးကို ကြည့်ပြီး သွားလိုစိတ်တွေ ပြင်းပြလာပါတော့တယ်။ သို့ပေမယ့် ပန်းပင်ကြီးဟာ သူတို့ ကူးလို့မရနိုင်ပဲ ဖြစ်နေပါတယ်။ 

သူတို့နေတဲ့ အပင်ဟာ ပန်းပင်ကြီးနဲ့နိမ့်လည်း နိမ့်တယ်၊ အရွက်ချင်းကလည်း အလှမ်းဝေးပါသတဲ့။ ဒါကို အကောင်ကြီးပြီး ဉာဏ်ပညာနည်းတဲ့ ခရုကြီးဟာ မိမိတို့နေတဲ့ အပင်လေး ကြီးလာပြီး ပန်းပင်ကြီးကို မှီတဲ့ အထိ စောင့်နေမယ်လို့ ခရုငယ်လေးကို ပြောလိုက်ပါတယ်။ အပင်က အရွက်တွေ ရှည်လာတဲ့အခါ အရွက်ချင်းထိမိပြီး သူတို့တွေ ကူးနိုင်မယ်လို့သူတွေးမိလို့ပါပဲ။

ခရုငယ်လေးကတော့ ဒါဟာ ဘယ်ဖြစ်နိုင်ပါ့မယ်လဲ ဆိုတာ သိတာပေါ့။ အချိန်တွေ လွန်စွာမှ ကြာမည်ဖြစ်ကြောင်း သူစဉ်းစားမိပါတယ်။ သူတို့သက်တမ်းအားဖြင့်လည်း မစောင့်နိုင်တော့ဘူးဆိုတာ သူတွေးမိတာပေါ့။ 

ဒါ့အပြင် မိမိတို့နေတဲ့ ပန်းပင်က ကြီးပြင်းလာသလို တစ်ဖက် ပန်းပင်ဟာလည်း ဒီ့ထက် ပိုကြီးလာမယ် ဆိုတာ သူ ကောင်းကောင်း ဆင်ခြင်နိုင်လိုက်ပါတယ်။ ခရုငယ်လေးက ဒီပန်းပင်ကနေဆင်းပြီး တစ်ဖက် ပန်းပင်ကြီးပေါ်ကို တို့တွေ အတူတူတက်ကြရအောင်လို့ ပြောပါတယ်။ ပင်ပန်းမယ်ဆိုတာ သိပေမယ့် ဒီအကြံဟာ အကောင်းဆုံး ဖြစ်နိုင်တယ်လို့အကြံပြုလိုက်တာပေါ့။

သို့သော် သူပြောတဲ့စကားကို ခရုကြီး နားထောင်လိမ့်မည် မဟုတ်ဘူးဆိုတာ သူသိပြီးသားပါ။ ခရုကြီးဟာ သူလိုကြီးမားတဲ့ ခရုရဲ့ အယူအဆကို လက်မခံတဲ့ ခရုလေးကိုလည်း အထင်သေးနေမိပါတော့တယ်။

 နောက်ဆုံး မိမိပြောစကားကို နားမထောင်တဲ့ ခရုကြီးကို ထားခဲ့ပြီး ခရုငယ်လေးဟာ တစ်ကိုယ်တည်း အပင်မှ ဆင်းပြီး တစ်ဖက် အပင်ကြီးပေါ်ကို
ခက်ခဲစွာ တက်ပါတော့တယ်။ အပင်မြင့်ပေမယ့် ခရုလေးရဲ့ လုံလ၊ ဝီရိယကြောင့် အချိန်သိပ်မကြာခင် ပန်းပင်ကြီးထိပ်ဖျား ရောက်သွားတာပေါ့။

အသိဉာဏ်နည်းပြီး အားမထုတ်ချင်တဲ့ ခရုကြီးခမျာမှာတော့ ပန်းပင်ကြီးကို မိမိနေထိုင်တဲ့ ပန်းပင်လေးက မှီလိမ့်နိုးနဲ့ စောင့်ရင်း ဘယ်အစာမှ မစားတာကြောင့် အစာငတ်ပြီး နောက်ဆုံး သေပွဲ ဝင်သွားရပါတော့သတဲ့လေ။

ဒီပုံပြင်လေးထဲက ခရုနှစ်ကောင်ရဲ့ အဖြစ်ကို လေ့လာကြည့်ရအောင်ပါ။ ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေကို ဝေဖန်သုံးသပ် စဉ်းစားပြီးမှ လုပ်တဲ့ ခရုလေးနဲ့ကိုယ့်အားကိုကိုး လုပ်ရမှာတောင် အားအင်ကို ချွေတာပြီး စဉ်းစားဉာဏ်မဲ့တဲ့ ခရုကြီးရဲ့ ဘဝအဆုံးကို မြင်ရမှာပါ။ 

မိမိလုပ်ချင်တဲ့အလုပ်၊ သွားချင်တဲ့ လမ်းဆိုတာ ကြမ်းတမ်းရင် ကြမ်းတမ်းပါမယ်။ ချောမွေ့ရင် ချော့မွေ့ပါမယ်။ သို့သော် ကြိုတင် မျှော်တွေးမှုရှိရပါမယ်။ တိကျတဲ့ အဖြေကို ချက်ချင်းထုတ်နိုင်အောင် ကြိုးစားတတ်ရမယ်။

 နောက်ပြီး အလုပ်ပြီးမြောက်ဖို့ ခွန်အားသုံးရပါမယ်။ ဒီလိုမှ မဟုတ်ပဲ၊ ပေါ့ပေါ့တွေး ပေါ့ပေါ့နေရင်တော့ ဘဝအဆုံးမှာ သေပွဲဝင်ပြီး ရည်မှန်းချက် မအောင်မြင်လိုက်တဲ့ ခရုကြီးရဲ့ အဖြစ်ကဲ့သို့ဖြစ်သွား ပါလိမ့်မယ်။ 

ဘဝကို ပေါ့ပေါ့မတွေးပါနဲ့၊ အမြဲအလေးအနက်ထားပြီး ဆုံးဖြတ်ပါဆိုတာ သင်ခန်းအဖြစ် မြင်ရပါလိမ့်မယ်။

No comments:

Post a Comment