Thursday 17 November 2016

မိမိ ပြောတဲ့ စကားကို နားထောင်စေချင်ရင်..။


လူတော်တော်များများ က ကိုယ်ချစ်တဲ့ သူတွေကို စကားတွေ အများကြီး ပြောချင်ပေမယ့် တစ်ဖက် က အချိန်မပေးနိုင်တာတွေ ကို ကြုံတွေ့ဖူးမှာပါ ။ 

မိမိ ပြောတဲ့ စကားကို အလေးပေး နားမထောင်တတ်တာမျိုး ၊ စိတ်ပါဝင်စားမှု မရှိလုပ်ပြတာမျိုး ၊ မကြားလိုက်တာမျိုး ဆိုရင် ပြောပြရတဲ့ သူဘက် က စိတ်ဆိုးတတ်ပါတယ် ။ 

မိမိပြောတဲ့ စကားကို လူတိုင်း နားထောင်စေချင်တယ် ဆိုရင် ၊ စကားပြောကောင်းတဲ့ သူဖြစ်ချင်တယ် ဆိုရင် မိမိ စကားပြောပုံကို ပြောင်းလဲလိုက်ပါ ။

(၁) အသံအကျယ်ကြီး မပြောနဲ့ ။

စကားပြောတဲ့ အခါမှာ အသံ အနိမ့် အမြင့် နဲ့ ပြောတာက တစ်ဖက်သူကို ပိုပြီး စိတ်ပါဝင်စားစေပါတယ် ။ 

ဒါပေမယ့် မိမိ အသံက လိုတာထက် ပိုကျယ်နေတဲ့ အချိန်မှာ အော်နေတာလိုလို ၊ ရန်ဖြစ်နေတာ လိုလို ၊ စိတ်မကြည်လို ဆူပူနေတာလိုလို လေသံနဲ့ စကားပြောရင်တော့ မိမိပြောတဲ့ စကားကို ဘယ်သူမှ နားထောင်ချင်မှာ မဟုတ်ပါဘူး ။

 စကားပြောတဲ့ အချိန် လေသံက သိပ်အရေးကြီးပါတယ် ။ အာပြဲ ကြီးနဲ့ အော်ပြောတာမျိုး ကိုတော့ သဘောကျတဲ့သူ မရှိပါဘူး ။

(၂) သူတို့ စိတ်ဝင်စားတဲ့ အကြောင်းပြောပါ ။

မိမိ စကားပြောချင်တာ မှန်ပေမယ့် တခြားသူ စိတ်မဝင်စားတဲ့ အကြောင်းအရာ ဖြစ်နေရင်လည်း စိတ်ပါဝင်စားစွာ နားထောင် ပေးနိုင်မှာ မဟုတ်ပါဘူး ။ 

ဥပမာ ဘောလုံးပွဲ မကြည့်တဲ့ လူတစ်ယောက်ကို ပွဲစဉ်တွေ အကြောင်း မေးတာတို့ ၊ ပွဲကြို ခန့်မှန်းချက်တွေ ၊ ကစားသမားတွေ ရဲ့ ကစားကွက်ပုံစံတွေ သွားပြောပြနေလို့ ကတော့ ပြောသူ အတွက်လည်း အရုပ်ကြီးနဲ့ စကားပြောနေရသလို ဘာမှ တုံ့ပြန်မှု ပြန်ရမှာ မဟုတ်ပါဘူး ။ 

နားထောင်သူ ဘက်ကလည်း ကိုယ်လည်း မသိ စိတ်လည်း မဝင်စားတဲ့ အကြောင်းအရာ တစ်ခု ကို ကြာရှည် နားထောင်ပေးနိုင်မှာ မဟုတ်ပါဘူး ။

(၃) လိုရင်း တိုရှင်းပြောပါ ။

အထူးသဖြင့် တချို့ လူတွေ ရှိတယ် ။ စကားပြောရင် စကားချီးတွေ များနေတတ်တာ ၊ စကားပလ္လင် ခံတာ ၊ အဆမတန်များတဲ့ အခါ လိုရင်း မရောက်နိုင်တော့ပါဘူး ။

 အချိန်တွေ အများကြီး ဆွဲနေတတ်တာမျိုး ဖြစ်တဲ့ အတွက် နားထောင်ရတဲ့ သူအတွက် စိတ်မရှည် ဖြစ်စေမှာပါ ။

(၄) စကားကို တိုက်ရိုက်ပြောပါ ။

ပြောစကား ရှိတဲ့ စကား ကို တိုက်ရိုက် ပြောပါ ။ မဆိုင်တဲ့ သူတွေ ကို ကြားခံ အနေနဲ့ အသုံးပြုတာမျိုး ကို ရှောင်ရှားပါ ။ 

မိမိ စကားပြောစရာ ရှိတဲ့ သူကို မျက်နှာချင်းဆိုင်ဖြစ်စေ ကြားလူ ကိုခံပြီး တစ်ဆင့်မပြောပါနဲ့ ။

 ကြားလူ အနေနဲ့လည်း မိမိ ကို ပြောတာ မဟုတ်တဲ့ စကား အတွက် နားထောင်ပေးရတဲ့ အချိန် ဘယ်လိုမှ စိတ်ပါ လက်ပါ နားထောင်ပေးနိုင်ဖို့ ဆိုတာ ခက်ခဲလှပါတယ် ။

(၅) ပြောစရာ ပြောပြီးရင် နားပါ ။

တချို့ က ရှိတယ် ။ စကားပြောရင် အချိန်တွေ ဆွဲနေတတ်တယ် ။ ပြောစရာ စကား ကုန်သွားရင်တောင်မှ ချက်ချင်း စကားစ မဖြတ်ပဲ ရောက်တတ်ရာရာ စကားတွေ ကို လေကုန် ခံ ပြောနေချင်တာမျိုးပါ ။ 

အရေး မကြီးသလို အရေးမပါတဲ့ အာလာပ သလာပ စကားတွေ ကို တစိမ့်စိမ့် ပြောနေတာမျိုးကလည်း နားထောင်သူကို ညည်းငွေ့ စေတာ အမှန်ပါ ။ 

အချိန်တွေ အများကြီး အကုန်ခံ လေကုန်ခံပြီး ပြောနေတဲ့ စကားမျိုး ကိုတော့ အရေးပေးပြီး ဘယ်သူမှ နားထောင်ချင်မှာ မဟုတ်တာကို နားလည်ပေးပါ ။
Ref:ayesay

No comments:

Post a Comment