Saturday 27 August 2016

အပြုံးမျက်နှာနဲ့လူ..။

လူတော်တော်များများက ကျွန်တော့်ကို အပြုံးတွေနဲ့ ဖန်ဆင်းထားတဲ့လူတစ်ယောက်လို့ ပြောဆိုနေကြပေမယ့်..
 ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အဲဒီလိုမထင်မိပါဘူးလို့ ခပ်ပြုံးပြုံးပြန်ဖြေတတ်တဲ့ သရုပ်ဆောင်တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

ဒီပိုစ့်ကိုရေးသား ဖော်ပြရတဲ့ အကြောင်းက သူပြန်ပြောပြတဲ့ သူ့ငယ်ဘဝအကြောင်းဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ လူတော်တော်များများကို ကောင်းမွန်တဲ့ အနာဂါတ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့လို့ပါပဲ။

၁၉၆၂ခုနှစ်မှာ ဒီကောင်လေးကို ပြင်သစ်ကနေဒီယန်းမိဘနှစ်ပါးကနေ ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။သူသိတတ်စဉ် အရွယ်ကတည်းက သူ့အမေဟာ အိမ်အကူ၊သူ့အဖေကလည်း အလုပ်လက်မဲ့တစ်ယောက်မို့ ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရပ်တည်ခဲ့ရတယ်။

ပြီးတော့ မွေးရာပါ ကျောင်းစာသင်ယူဖို့ခက်ခဲမှုနဲ့ အချင်းချင်းပြောဆို ဆက်ဆံရေးခက်ခဲမှု၊ ကျောင်းလခပုံမှန်မပေးဆောင်နိုင်မှုတွေကြောင့်ကျောင်းကနေ ခဏခဏအထုတ်ခံခဲ့ရသလို ရွယ်တူအခန်းဖော်တွေရဲ့နောက်ပြောင်အနိုင်ကျင့်ခြင်းကိုလဲ အမြဲခံရခဲ့တယ်။

ဆင်းရဲနုံချာလွန်းတဲ့သူ့ကို ပေါင်းသင်းချင်တဲ့အဖော်ဆိုတာ ကျောင်းမှာ မရှိလောက်အောင် ရှားပါးခဲ့တယ်လို့ သူက နာနာကျင်ကျင် ပြောပြခဲ့ဘူးတယ်။ဒါကြောင့်ပဲ သူ့အဖေဟာ သူ့ကို သရုပ်ဆောင်ပညာကို ငယ်ငယ်ကတည်းက သင်ကြားစေခဲ့ပါတယ်။

သူ့အဖေဆုံးတော့ သူက အသက် ၁၄ နှစ်အရွယ်ပဲ ရှိသေးတယ်။ နောက်တစ်နှစ်မှာတော့ ကျန်ရစ်တဲ့မိသားစုကို ဦးဆောင်ဖို့ ကျောင်းကနေအပြီးထွက်ခဲ့ရပြီး လော့အင်ဂျလိစ့်မြို့ကို ပြောင်းရွေ့အခြေချခဲ့တယ်။

စတင်ပြောင်းရွေ့ကာစ အချိန်ဟာ သူ့ဘဝအတွက် အခက်ခဲဆုံး အချိန်တွေပါလို့ သူကဆိုပါတယ်။
"ကျွန်တော် အဆိုးဝါးဆုံးရင်ဆိုင်ခဲ့ရတာကို အချိန်နဲ့ ပြောရရင် ၅ နှစ်ကျော်ကျော်လောက်ရှိမယ်။ အဲဒီတွေတုန်းက ညတိုင်းလိုလို လမ်းမပေါ်မှာ၊ ကမ်းခြေက ခုံတန်းလျားတွေပေါ်မှာအိပ်ခဲ့ရတယ်။
 လူတွေစွန့်ပစ်ခဲ့တဲ့ အကြွင်းအကျန်တွေ၊ စားသောက်ဆိုင်ကပေးတဲ့ အစားအစာတွေနဲ့ အသက်ဆက်ခဲ့ရတယ်။
 အဲဒီတုန်းက အိပ်ယာမဝင်ခင်တိုင်းမှာ မဖြစ်လာသေးတဲ့ အောင်မြင်မှုတွေနဲ့ ကိုယ့်ဘဝအကြောင်းကို တွေးတောနေမိခဲ့တယ်" လို့ သူအတိတ်အကြောင်းကိုလေးလေးနက်နက်ပြောပြရှာတယ်။

ဆင်းရဲတွင်းနက်ခဲ့တဲ့ သူဘဝမှာ သရုပ်ဆောင်ပညာသင်ကြားပေးခဲ့တဲ့ သူ့အဖေရယ်၊ အခုရီ အခုငို ပြောင်းလဲလွယ်လို့ရတဲ့ သူ့မျက်နှာနဲ့ အနုပညာက ဘုရားပေးတဲ့ လက်ဆောင်တွေပါတဲ့။

ဒီကောင်လေးဟာ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေရေးဇာတ်ရုံတွေ ညဇာတ်ပွဲတွေမှာ လိုက်လံသရုပ်ဆောင်ခဲ့ရာကနေ ၁၉၉၄ ခုနှစ်မှာတော့ Dumb and Dumber ဇာတ်ကားတစ်ကားထဲကို သရုပ်ဆောင်ကြေး ၇ သန်းရတဲ့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ဒီကောင်လေးက တခြားလူမဟုတ်ပါဘူး။ ပရိတ်သတ်တွေအသဲစွဲ Jim Carrey ပဲ ဖြစ်ပါတယ်။

Ref: မှတ်စုကြမ်း

No comments:

Post a Comment