Monday, 11 July 2016

ပေါ့ပေါ့ပါးပါး ပျော်စရာနေ့လေး ဖြစ်ဖို့..။


၁.မျှဝေခြင်း.။
သင်သိထားတဲ့အရာတွေ၊ သင့်မှာရှိတဲ့အရာတွေကို မျှဝေခြင်းဟာ သင့်စိတ်ကို ပျော်ရွှင်ကြည်နှုးမှုတွေ ဖြစ်စေပါတယ်။ 
ဥပမာ ပြောရရင် သင့်မှာ ပိုက်ဆံအပိုရှိလို့ လိုအပ်နေတဲ့သူကို ပေးလိုက်တာမျိုးတို့၊ သင်သိထား၊တတ်ထားတဲ့အရာတစ်ခုကို သိချင်တတ်ချင်တဲ့သူကို ပြောပြလိုက်ရတာမျိုးတို့ဆိုရင် သင့်ရင်ထဲမှာ ကြည်နှုးတဲ့ခံစားမှုတစ်ခုကို ခံစားရပါတယ်။
.
(၂) စာတိုလေးတွေ ပို့ခြင်း။
သင့် သူငယ်ချင်းတွေနဲ့ အမြဲတမ်းတော့ အဆက်အသွယ်မပြတ် ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ သတိရရင် မိတ်ဆွေတွေကို ပေါ့ပေါ့ပါးပါးစာတိုလေးတွေ ပို့တဲ့အခါ သင့်စိတ်ကို ပေါ့ပါးစေပါတယ်။ 
အပြန်အလှန် ဟာသတွေပြောဖြစ်တဲ့အခါမျိုးမှာဆိုရင်တော့ စိတ်ကိုတော့ ပျော်ရွှင်စေမှာပါ။ အရင်က ဖုန်းတွေကတစ်ဆင့် SMS ပို့ရပေမယ့် အခုတော့ Facebook ကနေ စာတိုလေးတွေပို့ရင်း မိတ်ဆွေတွေကို အလွယ်တကူ ဆက်သွယ်လို့ ရနေပါပြီ။
.
(၃) လူတိုင်းကို ကြင်နာပါ။
သင်စိတ်မကြည်မလင်ဖြစ်နေတဲ့အခါတို့၊ အဆင်မပြေတဲ့အခါတို့ဆို ပတ်ဝန်းကျင်နဲ့ပါ အဖုအထစ်တွေ ဖြစ်တတ်ပါတယ်။ 
ဒီလို ထိုင်းမှိုင်းနေတဲ့အကျင့်ကိုဖျောက်ပြီး တတ်နိုင်သမျှ လူတိုင်းနဲ့ အဆင်ပြေအောင်နေပါ။ တွေ့တဲ့အခါ ပြုံးပြနှုတ်ဆက်လိုက်ပါ။
 ကြီးတဲ့သူ၊ ရွယ်တူ၊ ငယ်သူတွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေလိုက်ပါ။ သင်ကြည့်တဲ့အကြည့်ပေါ်မူတည်ပြီး သင့်ကိုကြည့်တဲ့အကြည့်တွေလည်းပြောင်းလဲလာပါလိမ့်မယ်။
.
(၄) အတင်းပြောမယ်။
အတင်းပြောတာ ကျန်းမာရေးအရကောင်းပါတယ်လို့ ဆိုပါတယ်။ 
ဒါပေမယ့် စိတ်ကျန်းမာရေးအတွက် ကောင်းချင်ရင်တော့ သူများအကြောင်း ကောင်းတဲ့အတင်းတွေပြောပါ။ 
ကွယ်ရာမှာ ဒီလူရဲ့ ကောင်းသတင်းတွေပဲ ဖြန့်ဝေပါ။ ကြာလာတဲ့အခါ သင့်ရဲ့ ဂုဏ်သတင်းလည်း မွှေးပျံလာပြီး အပေါင်းအသင်းတွေလည်း များလာပါလိမ့်မယ်။
.
(၅) ကူညီပါ။
ကိုယ်တတ်နိုင်တဲ့အရာဆိုရင် မဆိုင်းမတွ ကူညီပါ။ ကူညီတတ်ခြင်းဟာ သူတစ်ပါးရဲ့ အခက်အခဲကို ဖြေရှင်းပေးရုံတင်မကပါဘူး ကိုယ်က လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်စိတ်ကိုလည်း တိုးပွားစေပါတယ်။ 
မိတ်ဆွေကောင်းပီသသူတစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။
.
(၆) ကော်ဖီတိုက်ပါ။
တစ်စုံတစ်ယောက်နဲ့ ကော်ဖီအတူသောက်တဲ့အခါ ရင်းနှီးနွေးထွေးမှုရစေပါတယ်။ အချိန်လည်း သိပ်မကုန်ပါဘူး။ 
လက်ဖက်ရည်ဆိုင်မှာ သောက်တာပဲဖြစ်ဖြစ်၊ အလုပ်က စားပွဲမှာ ခဏလောက်အတူ ကော်ဖီသောက်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ကော်ဖီသောက်ရင်း ပေါ့ပေါ့ပါးပါးစကားတွေလည်း ပြောဖြစ်ကြပါတယ်။ 
တစ်နည်းအားဖြင့်ပြောရင်တော့ လူမှုရေးအတွက် အချိန်နည်းနည်းလောက် ပေးစေချင်တာပါ။
.
(၇) ကျေးဇူးတင်စကားတွေပြောပါ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စကားပြောတတ်တဲ့အကျင့်ကို လုပ်ပါ။ တစ်ချို့တွေအတွက် ကျေးဇူးတင်စကားပြောလိုက်ရင် သူစိမ်းဆန်တယ်လို့ ထင်စရာ ရှိတယ်ဆိုရင် ဖော်ဖော်ရွေရွေလေးပဲ ကျေးဇူးတင်လိုက်ပါ။ 
ဒါဟာ တစ်ဖက်သားအပေါ် အသိအမှတ်ပြုရာရောက်သလို၊ လေးစားရာလည်း ရောက်ပါတယ်။ ပါးစပ်က ကျေးဇူးပါလို့ ပြောစရာမလိုလောက်အောင် ရင်းနှီးတဲ့သူဆိုရင်တော့ တစ်နည်းနည်းနဲ့ အသိမှတ်ပြုဖြစ်အောင် ပြုပါ။ ဒီအတိုင်း မသိကျိုးနွံမပြုပါနဲ့။
.
(၈) သင်ယူမယ်။
နေ့တစ်နေ့ကို ဒီအတိုင်း အကျိုးမရှိဘဲ အကုန်ဆုံးမခံသင့်ပါဘူး။ သင့်အတွက် အသစ်အဆန်းတစ်ခုခုကို သင်ယူသင့်ပါတယ်။
 နေ့စဉ်တိုင်းဟာ နည်းနည်းလောက်တော့ တိုးတက်နေသင့်ပါတယ်။ တိုးတက်ခြင်းနဲ့ ပျော်ရွှင်ခြင်းမှာလည်း ဆက်နွယ်မှုတွေ ရှိပါတယ်။
.
(၉) ခင်မင်ရတဲ့သူတွေ။
ခင်မင်ရတဲ့သူတွေအတွက် သင့်အချိန်ကို ခဏလောက်ပေးသင့်ပါတယ်။ ဥပမာပြောရရင်တော့ သင့်မိသားစုဝင်တွေ၊ ချစ်သူနဲ့ အရမ်းကို ခင်ရတဲ့ သူငယ်ချင်းတွေပေါ့။ 
သူတို့အတွက် ပေးရတဲ့အချိန်တွေဟာ သင့်အတွက် စိတ်ဖိအားတွေကို လျော့စေပြီး ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။
(Focus Youth E-magazine)

No comments:

Post a Comment