Friday, 29 July 2016

ဆန္ဒနဲ့ဘဝ...။


လောကမှာ လူတိုင်းလူတိုင်း ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနေတဲ့သူ အတော်ရှားပါတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ၊ ဖြစ်သင့်တာနဲ့ ဖြစ်သွားတာ အတော်များများ တခြားစီပါပဲ။ 

အဲဒါကိုက ဘဝပါပဲ။ ဘဝဆိုတာ အခိုက်အတံ့ ဖြစ်တည်မှု ခဏသာဖြစ်တဲ့ အတွက် ဖြစ်တည်မှုရဲ့နောက်မှာ ပျက်ပြယ်မှုကတော့ ရောက်နေကြမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်သလို မဖြစ်ရ၊ 
သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေရတာကိုက ဘဝရဲ့လောကဓံပဲ မဟုတ်လား။ 

အဓိကကတော့ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း မကျပေမယ့်လည်း ကိုယ်ကြုံနေရတဲ့ အနေအထားမှာ အခြေမမှားအောင် ကြိုးစားနေထိုင်ကြဖို့ပါပဲ။ -ဖြစ်ချင်တိုင်း မဖြစ်ရလို့လည်း စိတ်ဓာတ်မကျဖို့၊ -မဖြစ်ချင်တာတွေ ဖြစ်နေရလို့လည်း အလိုမကျ မဖြစ်ဖို့ နဲ့ -ဖြစ်သင့်တာတွေ မဖြစ်လာလို့လည်း ပူဆွေးသောကမဖြစ်ကြဖို့ လေ့ကျင့်ကြရမှာပါ။ 

ကိုယ်နေနေရတဲ့ အနေအထားမှာ အပြစ်မများဖို့နဲ့ 
အရှုံးမများအောင် နေထိုင်ကြရမှာပါ။ အကြောင်းကြောင့် အကျိုးဖြစ်လာရတဲ့ ဘဝမှာ ဘယ်သူ့ဘယ်သူကိုမှ ရိုးမယ်ဖွဲ့မနေဘဲ၊ ကိုယ့်ဘဝကိုသာ ကိုယ်ဆင်ခြင်ပြီး အကြွေးမထပ် ပေးဆပ်နိုင်အောင်သာ သတိပြုကြရမှာပါ။နောက်ဆုံးတော့ ဆန္ဒဆိုတာလည်း ခဏ၊ ဘဝဆိုတာလည်း ခဏပါပဲ။ 

မရလို့လည်း မဆဲနဲ့။ ရနေလို့လည်း မကဲနဲ့။ မမြဲတဲ့ဘဝမှာ အလွဲမကျဖို့သာ ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်…
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Ref: Young Buddhist Association

No comments:

Post a Comment