Friday 15 April 2016

မပြီးဆုံးသေးသော မြောက်ဦးမြို့ သမိုင်း( အာရက္ခပုတြ )


မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။

မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များဖြင့် ပြည့်နှက်ခဲ့ပါသည်။ မြို့သက် အနှစ်ငါးဆယ်အတွင်းတွင် ရခိုင်သည် လုံခြုံတိုးတက်ခဲ့သည်။ တိုင်းပြည်လည်း အင်အားကောင်းခဲ့သည်။ အင်းဝ (မြန်မာ)ကလည်း တန်းတူ ဆက်ဆံခဲ့သည်။ မင်းနှစ်ပါး တို့သည် နှစ်နိုင်ငံနယ်စပ် နတ်ရေကန်တွင် တွေ့ဆုံခဲ့သည်။

ဒုတိယနှစ်ငါးဆယ်တွင် ဘုရင်တို့သည် နန်းရရှိရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တိုင်းပြည်လည်း နာခဲ့ သည်။ အာဏာယစ်မူးလျှင် ပြည်သူနာသည်။ ဆိုးမွေများပင် ဖြစ်သည်။ 

မင်းဘာဘုရင် နန်းရသည့် (၁၅၃၁) ခုနှစ်မှစ၍ ရခိုင်သည် အင်အားပြန်လည်စည်လာသည်သာမက အနီးဝန်းကျင်သို့လည်း အင်အားပြုနိုင်ခဲ့သည်။ နှစ်တစ်ရာကျော် ရွှေရောင်လည်း လွှမ်းခဲ့သည်။ မင်းနှင့် အမတ် ညီညွတ်ခဲ့ကြသည်။ ပြည်သူတို့လည်း အုပ်ချုပ်ရေးစနစ်ကောင်းကို လိုလားခဲ့ကြသည်။ ဤသည်တို့ မှာ မြောက်ဦး၏ ကောင်းမွေများဖြစ်သည်။

ထိုကာလတွင် ရခိုင်အကျိုးစီးပွားကို ကာကွယ်သော ခေတ်မီလက်နက် တပ်ဆင်ထားသည့် ရခိုင်တပ်နှင့် ထိုတပ်တို့ကို နိုင်နိုင်နင်းနင်း ခန့်ခွဲနိုင်သော ဘုရင်ကောင်းများ၊ အမတ်ကောင်းများနှင့် သူရဲကောင်းများ ရှိခဲ့သည်။ ရခိုင်ပင်လယ်ပြင်ကို ရခိုင်တို့ ပိုင်စိုးခဲ့သည်။

(၁၆၃၈) ခုနှစ်တွင် နန်းလုတက်လာသော နရပတိကမူ အမတ်ကောင်းတို့ကို သုတ်သင်ခဲ့သည်။ အာဏာကို တစ်ဦးတည်းချုပ်ကိုင်ခဲ့သည်။ သူ၏ မင်းဆက်လက်ထက် (၁၆၆၆)ခုတွင် စစ်တကောင်းကျခဲ့ရသည်။ တဖန် (၁၆၈၅) ခုမှ (၁၇၁၀) ပြည့်နှစ်အထိ ကိုယ်ရံတော်တို့က မင်းမူကြသဖြင့် မင်းမတည် ပြည်မရပ် ဖြစ်ခဲ့ရသည်။ မလုံမခြုံ ဖြစ်ခဲ့ရသည်။ ဆိုးမွေသည် ပြင်းထန်လှပေ၏။

(၁၇၁၀)ပြည့်နှစ်တွင် နန်းတက်သည့် ၀ိဇယမင်းသည် လက်ရုံးရည်ကောင်းသော်လည်း အုပ်ချုပ်ရေးမှာ ညံ့ခဲ့သည်။ နန်းတွင်းညီညွတ်မှုလည်း ရှည်ကြာမခံခဲ့ချေ။ ၎င်းလွန်ပြီးနောက် နန်းရသူတို့သည် နန်းသက် တိုကြသည်။ နန်းသက်ရှည် မင်းနှစ်ပါးမှာလည်း ပုန်ကန်မှုကို နှိမ်နင်းရင်းသာ အချိန်ကုန်ခဲ့သည်။ နှလုံးရည် ရှိသော အမတ်များမရှိသဖြင့် တိုင်းပြည်သည် ပို၍ နစ်နာခဲ့သည်။

မြောက်ဦးနှောင်းပိုင်းတွင် အင်အားရှိသူတို့က နန်းလုတက်ကြသည်။ အရာရာကို လက်ရုံးဖြင့်သာ ဖြေရှင်း ခဲ့ကြသည်။ ပြဿနာမှာ မချုပ်ငြိမ်းခဲ့ချေ။ (၁၇၇၃) ခုတွင် နန်းလု ဘုရင်ဓါးပိုင်ကြီး စန္ဒသုမနသည် ပညာရှိကို သုတ်သင်ခဲ့သည်။ စစ်အင်အားကို လျော့ချခဲ့သည်။ တိုင်းပြည်အင်အားလည်း ဆုတ်ယုတ်ခဲ့သည်။ စန္ဒသုမနသည် နန်းသက်လေးနှစ်တွင် နန်းကဆင်းပြေးလေရာ ဗိုလ်မင်းအောင်စုန်က နန်းရသော်လည်း လက်ရုံးရည်ကိုသာ သုံးခဲ့သည်။

ဗိုလ်မင်းအောင်စုန်ကို ဆက်ခံသူ မဟာသမ္မတသည် ပုန်ကန်မှုတို့ကို ဥာဏ်ဖြင့် ဖြေရှင်းခဲ့သည်။ မကြာမီ ပုန်ကန်သူတို့သည် ၎င်းထံ အဝေးသစ္စာခံကြသည်။ ပြည်တွင်းညီညွတ်ရန်ကား မဝေးတော့ချေ။ ထိုအချိန်တွင် အမရပူရက စစ်ချီလာသည်။ မြောက်ဦးသည် ပြည်တွင်းစစ်ကာလကို ဖြတ်သန်းခဲ့သည့်အတွက် အင်အားချိနဲ့နေသည်။ အမရပူရတို့အတွက်မူ အခွင့်ကောင်းကြီးပင် ဖြစ်သည်။ ရခိုင်တို့က ကျူးကျော်သူကို ငုံ့မခံ၊ (၄၅) ရက်ကြာ တိုင်အောင် ခုခံခဲ့ကြသည်။ မနိုင်ချေ၊ ပြည်သူတို့သည် သမိုင်းတွင် မကြုံစဖူး စစ်၏ အနိဌာရုံကို အပြည့်အ၀ ခံစားလိုက်ရသည်။

မြောက်ဦးကျပြီးနောက် ရှစ်ရက်မြောက်သောနေ့တွင် ရခိုင်ဘုရင် မဟာသမ္မတကို ရန်သူတို့က ဖမ်းရ သွားလေသည်။ မြောက်ဦးကျသည့်နေ့ (၁၇၈၅)ခု ဇန်န၀ါရီလ (၂)ရက်နေ့ဟု စစ်နိုင်သူတို့၏ မှတ်တမ်းက ဆိုသည်။ ထိုကာလမှသည် အင်္ဂလိပ်တို့ ရခိုင်ကို သိမ်းယူသည့် (၁၈၂၅)အထိသည်ကား ငရဲခန်းတမျှ ဖြစ် သည်ဟု ဒေသခံများမှတ်တမ်းတို့က ဖော်ပြကြသည်။ မြောက်ဦးမြို့တော်၏ ဂုဏ်ကို အသက်ဆက်လိုသူတို့ သည် သေပွဲဝင်ရသည်က များခဲ့သည်။ သို့ရာတွင် သူ့ကျွန်မခံလိုသော ဗိုလ်ဟာရီဆွေ၊ ဗိုလ်ချင်းပျံတို့လို သူရဲကောင်းများ ပေါ်ထွက်ခဲ့သည်။

အင်္ဂလိပ်တို့ အုပ်ချုပ်သည့် (၁၈၂၅) မှ (၁၉၄၈) ခုအတွင်းတွင်လည်း မြောက်ဦးသမိုင်းကို ပြန်ဆက်လိုသူ များ ပေါ်ခဲ့ပြန်သည်။ မင်းသားကြီးရွှီဗန်း၊ မြို့သူကြီး အောင်ကျော်စံ၊ ဒေးဝန်းကြီး အောင်ကျော်ရှီ တို့နှင့် မောင်ဖော်အောင်တို့လို အခြားသော တော်လှန်ရေး ခေါင်းဆာင်များ ပေါ်ခဲ့သည်။

အင်္ဂလိပ်သည် နယ်ချဲ့ဖြစ်သည်။ ရခိုင်တို့၏ နယ်ချဲ့ဆန့်ကျင်ရေးသည် ဒေသတစ်ခုတည်းကို ကွက်ကွက် ကလေး မကြည့်ခဲ့။ ရခိုင်ဆရာတော် ဦးဥတ္တမသည် မြန်မာတစ်မျိုးသားလုံး နိုးကြားမှုဖြင့် ဘုံရန်သူ ကို တော်လှန်ခဲ့သည်။ ရခိုင်တို့သည် အင်္ဂလိပ်ကိုသာမဟုတ် ဂျပန်ကိုလည်း တော်လှန်ခဲ့ပြန်သည်။ မြန်မာနိုင် ငံ လွတ်လပ်ရေးအတွက် အသက်စွန့်ကာ တော်လှန်ခဲ့ကြသည်။ လွတ်လပ်လိုသူများ ပေါင်းစည်းကြသည်။ အနစ်နာခံကြသည်။

နယ်ချဲ့တော်လှန်သူများသည် တန်းတူအခွင့်အရေးကို မျှော်ကိုးခဲ့ကြသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့ သာ မြန်မာပြည်မှ ထွက်သွားကြသည်။ စားပွဲဝိုင်းတွင်မူ တန်းတူ ထိုင်ခွင့် မရခဲ့ချေ။

တန်းတူညီတူရရန် ဖဆပလ ခေတ်တွင် ရတညတို့သည် ကြိုးစားခဲ့ကြပြန်သည်။ (၁၉၆၂)ခုတွင် စစ်တပ်မှ အာဏာသိမ်းလိုက်သဖြင့် တန်းတူထိုင်ရမည့် စားပွဲဝိုင်းသည် လွင့်စဉ်သွားလေသည်။ မဆလ ခေတ်တွင် ရခိုင်တို့က မြောက်ဦးမြို့တော်အား တမ်းတခြင်းကို ပဒေသရာဇ်ခေတ်ကို လွမ်းကြသည်။ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိကြသည်ဟု စွပ်စွဲကြသည်။

တောတွင်းရခိုင်အင်အားစုတို့ကလည်း ၀ါဒမှိုင်းတွင် ယစ်မူးခဲ့ကြသည်။ ရခိုင်သမိုင်းကို ရှုမြင်သူတို့သည် တစ်ဖက်သတ်ကျခဲ့သည်။ မြောက်ဦးစိတ်ဓါတ်ကို မြတ်နိုးသူများမှာ ရှိမြဲ ရှိခဲ့သည်။

စင်စစ်အားဖြင့် မြောက်ဦးမြို့တော်၏ ကြီးကျယ်ထွန်းကားမှုကို ဒေသခံ ရခိုင်ပြည်သူကသာ ကြိုးပမ်း တည်ဆောက်ခဲ့ကြသည်။ တန်ခိုးကြီးထွားပါသည်ဆိုသည့် အင်္ဂလိပ်၊ ဂျပန် စသည့် နယ်ချဲ့တို့ကမူ ရခိုင်တို့ကို တိုးတက်လို၍ လာရောက်အုပ်ချုပ်ခဲ့သည် မဟုတ်ချေ။ နယ်ချဲ့တွင် စာနာစိတ်ဟူ၍ မရှိချေ။ နယ်ချဲ့ကျားသည် နယ်ချဲ့ခံသားကောင်ကို စားမည်သာ။

ရခိုင်တစ်ခွင်လုံးကို တိုးတက်စည်ပင်အောင် လုပ်နိုင်ခဲ့သည့် မြောက်ဦး၏ ၀ိဥာဉ်သည် ပုဂ္ဂိုလ်အရေးထက် တိုင်းပြည်အရေးကိုသာ အဓိကထားကြောင်း မြို့တည်ဘုရင်က နမူနာကောင်းပြခဲ့သည်။ မင်းကောင်းမင်းမြတ်တို့ကလည်း ဤ၀ိဥာဉ်ကို တန်ဖိုးထားခဲ့ကြသည်။

မြောက်ဦးသမိုင်းသည် ရခိုင်တို့အဖို့ မဟာသင်ခန်းစာကြီး ဖြစ်သည်။ ကောင်းသည်ကိုယူ၍ ဆိုးသည်ကို ပယ်ရန်သာ ရှိသည်။ ဤသို့ဖြစ်၍ မြောက်ဦးသမိုင်းကား မပြီးဆုံးသေးပါ။

အာရက္ခပုတြ

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)မှ-    

No comments:

Post a Comment