Sunday 3 January 2016

သရေစည်သူ ဦးရွှေမြ...

သရေစည်သူ ဦးရွှေမြ

၁၈၊ ဖေဖော်ဝါရီ ၁၉၁၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အဖ ဦးအောင်ကျော်ဇံ၊ အမိ ဒေါ်ပု တို့မှ မွေးဖွားခဲ့သည်။ အလယ်ကျွန်းကျေးရွာ၊ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် စစ်တွေမြို့ အစိုးရ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းနှင့် ၁၉၂၁-၂၆ ခုနှစ်တွင် စစ်တွေမြို့၊ အမျိုးသားအထက်တန်းကျောင်း၊ ၁၉၂၆ ခုနှစ် ရန်ကန်ုတက္ကသိုလ် ဥပစာတန်း၊ ပထမနှစ်၊ ဒုတိယနှစ် စာမေးပွဲများကို သမိုင်းဘာသာရပ် ပထမဆု၊ ၀ိဇ္ဇာတန်း ပထမနှစ် စာမေးပွဲ စီးပွားရေးဘာသာဆု ပထမဆုရရှိပြီး စီးပွားရေးဘာသာ ၀ိဇ္ဇာဂုဏ်ထူးတန်း တက်ရောက်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ၀ိဇ္ဇာဂုဏ်ထူးတန်း စာမေးပွဲအောင်မြင်ပြီး စီးပွားရေးဘာသာရပ်ဆိုင်ရာ တက္ကသိုလ် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော အိန္ဒိယအစိုးရ ပဋိညာဉ် ၀န်ထမ်း (အိုင်-စီ-အက်စ်) စာမေးပွဲအောင်မြင်ခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့ သည်။ ၁၉၃၄ ခုနှစ်တွင် အိုင်-စီ-အက်စ် အစမ်းခန့်များအတွက် ဗြိတိသျှအစိုးရ ပဋိညာဉ် ၀န်ထမ်း တိုင်းမင်းကြီးများက ကျင်းပသော စာမေးပွဲကို ဥပဒေဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ သမိုင်းဘာသာရပ် တို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၃၄ ခုနှစ်၊ အောက်တိုဘာလတွင် အိုင်စီအက်စ်အဖြစ် ခန့်ထားခံရပြီး မကွေး၊ သရက်နှင့် စလင်းမြို့ များတွင် နယ်ပိုင်ဝန်ထောက်တာဝန်ကို ၁၉၃၈ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ စစ်တွေမြို့၊ ပလ္လင်တော ရပ်ကွက်နေ ဦးသာဇံ၊ ဒေါ်မမကျော့၏ သမီး ဒေါ်ခင်စောနှင့် ဖူးစာရေစက် ဆုံခဲ့သည်။ ၁၉၃၈-၄၁ ခုနှစ်အထိ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေး ၀န်ကြီးဌာနတွင် အတွင်းဝန်ကလေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အတွင်းဝန်ကလေး တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဒုတိယအတွင်းဝန်နှင့် အတွင်းဝန်အဖြစ် ယာယီထမ်းဆောင်ခဲ့ရသည်။ ၁၉၄၁-၄၂ ခုနှစ်အထိ ဗြိတိသျှအစိုးရက တိုက်ရိုက် ခန့်ထားသော သံတွဲခရိုင်ဝန်၊ ၁၉၄၄-၄၅ ခုနှစ် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေး ၀န်ကြီး ဌာန တွဲဖက်အတွင်းဝန်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဗြိတိသျှ စစ်အုပ်ချုပ်ရေးကာလအတွင်း ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ မြို့ပြရေးရာဌာန ဒုတိယအကြီးတန်း မြို့ပြရေးရာ အရာရှိအဖြစ်လည်းကောင်း၊ မြို့ပြအုပ်ချုပ်ရေး ပြန်လည်ဝင်ရောက်လာပြီးနောက် ၁၉၄၅-၄၆ ခုနှစ်အထိ ကျောက်ဆည်ခရိုင်ဝန်အဖြစ် လည်းကောင်း၊ ၁၉၄၆-၄၇ ခုနှစ်အထိ စစ်လျော်ကြေး တောင်း ဆိုရေး ကော်မရှင် တွဲဖက်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၄ ဇန်န၀ါရီ ၁၉၄၇-၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နေ့၌ အိုင်စီအက်စ်များအား တာဝန်မှ ရပ်စဲသည်အထိ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် အကြီးတန်းအုပ်ချုပ်ရေးအရာရှိအဖြစ် ပြန်လည်ခန့်ထားခြင်း ခံခဲ့ရပြီး သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန အတွင်းဝန်အဖြစ် ၁၉၅၆ ခုနှစ်အထိ ထမ်းဆောင် ခဲ့သည်။ ၁၉၄၇-၅၂ ခုနှစ်အထိ ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ၁၉၄၇-၅၆ ခုနှစ်အထိ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး ဥက္ကဌ၊ မြန်မာနိုင်ငံ မီးရထားအဖွဲ့ အဖွဲ့ဝင် စသည့် တာဝန်များ ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၅၆-၅၈ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အတွင်းဝန်ချုပ်တာဝန် ထမ်းဆောင်ပြီး ဖေဖော်ဝါရီလ ၁၉၆၅ ခုနှစ်တွင် အတွင်းဝန်ချုပ် အဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ကျင်းပသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ  ကျင်းပရေးကော်မ ရှင် အဖွဲ့ဝင်၊ ၁၉၇၄ ခုနှစ်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တာဝန်များကိုလည်း ဆက်လက်ထမ်းဆောင်သည်။ ၁၉၈၀ ပြည့်နှစ်တွင် မြန်မာပိဋကတ်အသင်း ရာသက်ပန် အသင်းဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သာသနာ ပြန့်ပွားထွန်းကားရေးအဖွဲ့ ပိဋကတ် ဘာသာပြန် စာတည်းဖြတ် မှု ကော်မတီ ဥက္ကဌနှင့် ဂုဏ်ထူးဆောင် သဘာပတိအဖြစ် ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။ နိုင် ငံတော်က ပေးအပ်သည့် တာဝန်များကို ကြိုးပမ်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သော သရေစည်သူဘွဲ့ကို ရရှိခဲ့သည်။ နိုင်ငံတော် တာဝန် အဆင့်ဆင့်ကို သယ်ပိုးထမ်းဆောင်ခဲ့သော အိုင်-စီ-အက်စ် (အငြိမ်းစား)၊ နိုင်ငံတော်အတွင်းဝန်ချုပ် (အငြိမ်းစား)၊ ကုလသမဂ္ဂဌာနချုပ် အထူးအကြံပေးအရာရှိ (အငြိမ်းစား) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၃၁ ဇူလိုင် ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်တင့်နှင့် သား(၈)ယောက်၊ သမီး(၂)ယောက်၊ မြေး (၂၃)ယောက် ၊ မြစ်(၅)ယောက် ကျန်ရစ်ခဲ့သည်။ ဦးရွှေမြ၏ဇနီး ခေါ်ခင်တင့်သည် ၉-၉- ၉၂ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ သားသမီးများမှာ - ဦးထွန်းမြ၊ ဦးကျော်မြ (ကွယ်လွန်)၊ ဦးစိုးမြ၊ ဦးဝင်းမြ၊ ဦးမောင်မောင်မြ၊ ဒေါက်တာ ရဲမြ (သွေးရောဂါအထူးကုပါရဂူ-ငြိမ်း)၊ ဒေါက်တာအောင်မြ (ကလေးအထူးကု- ခွဲစိတ်ပါရဂူ)၊ ဒေါက်တာဇံမြ (နယူးယောက်ခ်)၊ ဒေါ်မြစန္ဒီ၊ ဒေါ်မြနှင်းဇီ (စာရေးဆရာမ) တို့ ဖြစ်ကြသည်။

နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -

No comments:

Post a Comment