Sunday 3 January 2016

ဦးစိန်ညိုထွန်း......

ဦးစိန်ညိုထွန်း (၁၉၀၆-၁၉၇၇)

ရန်ကုန်မြို့၏ ရခိုင်အမျိုးသားများက လူမှုရေး ပေါင်းသင်းဆက်ဆံရေးတို့အတွက် ၁၉၄၇ ခုနှစ်တွင် ရခိုင် ဆိုရှယ်ကလပ် (Arakan Social Club)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ရခိုင်အမျိုးသားတို့၏ လူမှုရေး ကိစ္စများအပြင် အမျိုးဘာသာ၊ သာသနာရေးတို့ကိုပါ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင် ရွက်နိုင်ရန်အတွက် ၁၉၆၁-ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ပုဇွန်တောင် အစိုးရတန်းမြင့်ကျောင်းခန်း၌ ပြု လုပ်သည့် သင်းလုံးကျွတ်အစည်းအဝေးမှ ရခိုင်ဆိုရှယ်လစ်ကလပ်ကို ရခိုင်သဟာယအသင်း (ရန်ကုန်)ဟု အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က ရခိုင်ဆိုရှယ်လစ်ကလပ်၏ ဥက္ကဌဖြစ်သော ဦးစိန် ညိုထွန်းသည် အသစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သော ရခိုင်သဟာယအသင်း(ရန်ကုန်)တွင်လည်း အမှုဆောင်အဖွဲ့ ၏ ပထမဆုံး ဥက္ကဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

ဦးစိန်ညိုထွန်းကို ၁၉၀၆ ခုနှစ်တွင် စစ်တွေမြို့၌ အဘ ဦးမောင်ညို(B.A)နှင့် ဒေါ်ဝင်းမြတို့မှ မွေးဖွားခဲ့ပါ သည်။ မွေးချင်း ညီအကိုမောင်နှမ (၄)ဦးရှိပါသည်။ အစ်ကိုကြီးမှာ ဦးထွန်းအောင်ကျော်ဖြစ်ပြီး၊ ညီမှာ ဦးထွန်းညို(B.A, B.L) စက်ရှင်တရားသူကြီးနှင့် ညီမမှာ ဒေါ်မြညို (ပညာမင်းကြီး ဦးသာလှ၏ ဇနီး) တို့ ဖြစ်ကြသည်။

ဦးစိန်ညိုထွန်းသည် ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A (Hons)ဘွဲ့ကို ရရှိခဲ့ပါသည်။ မြန်မာနိုင် ငံ ဒေသန္တရ အုပ်ချုပ်ရေးဌာနတွင် ၀င်ရောက်အမှုထမ်းခဲ့ရာ ၁၉၂၇ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ တွင် အုပ်ချုပ်ရေးဆိုင်ရာ ပညာတောင်သင်အဖြစ် သွားရောက်ခဲ့ပြီးနောက် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (I.C.S)အဖြစ် ရာထူးချီးမြှင့် ခံခဲ့ရသည်။ နယ်ပိုင်ဝန်ထောက်၊ ခရိုင်ဝန်၊ ဒုတိယ ငွေစာရင်းမင်းကြီး ရာထူး အဆင့်ဆင့်ဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်သည့် အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ပြီးခေတ်တွင် မြန် မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

၁၉၄၈ ခုနှစ် နောက်ပိုင်းကာလ၌ Burmese Agencies Co., Ltd တွင် Managing Director အဖြစ် ဆောင် ရွက်ခဲ့ပါသည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံလျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့ အကြံပေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

ဦးစိန်ညိုထွန်း၏ အိမ်ထောင်ဖက်မှာ စစ်တွေမြို့မှ စက်ရှင်တရားသူကြီး ဦးသာဇံဦး၊ ဒေါ်မဘုတို့၏ ဒုတိယသမီး ဒေါ်ကျော့သာ ဖြစ်ပြီး သားတစ်ဦးနှင့် သမီးတစ်ဦး မွေးဖွားခဲ့ပါသည်။ သမီးဖြစ်သူ ဒေါ်မစိန်သာ မှာ ရန်ကုန်တက္ကသိုလ် တစ်ကျောင်းလုံးတွင် ပထမဆုဖြင့် B.Sc (Hons)ဘွဲ့ကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ပါရဂူ (Ph.D)ဘွဲ့အတွက် အစိုးရပညာတော်သင်အဖြစ် နိုင်ငံခြားသို့သွားရောက်ရန် ရွေးချယ်ခံထားရစဉ် ၁၉၅၃ ခုနှစ်တွင် နာမကျန်းဖြစ်၍ ကွယ်လွန်ခဲ့ပါသည်။ သားဖြစ်သူ ဦးထွန်းမောင်မှာ လေကြောင်းအင်ဂျင် နီယာ (Aeronautical Engineer) တစ်ဦး ဖြစ်ပါသည်။

ဦးစိန်ညိုထွန်းသည် ထိုခေတ်က ရန်ကုန်တက္ကသိုလ် ပညာရေးလောကတွင် သြဇာတိက္ကမ ရှိသည့် ပညာရှိ သုခမိန်တစ်ဦး အဖြစ်လည်း လူသိများ ထင်ရှားကျော်ကြားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ် ဆိုင်ရာ ပါမောက္ခများ ခန့်ထားရန်နှင့် နိုင်ငံခြားပညာတော်သင်များ စေလွှတ်ရန် စီစစ်ရွေးချယ်ရာတို့တွင် လည်း အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့ရပါသည်။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများမှ စီစဉ်ပြုလုပ်ခဲ့သော ဥာဏ်ကြီးရှင်များ (Brain Trust)အဖွဲ့တွင် ဒေါက်တာထင်အောင်၊ ဒေါက်တာသာလှ၊ ဦးသိန်း(ဇ၀န)၊ ဦးသိန်းဖေမြင့် စသည့် ပညာရှင်ကြီးများနှင့်အတူ ပါဝင်ပြီး ကျောင်းသူကျောင်းသားများ၏ သိလိုသော မေးခွန်းပုစ္ဆာများကို ပင်တိုင်ဖြေဆိုခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်မှ စီစဉ်ပြုလုပ်သော ဘာသာရပ်ဆိုင်ရာ အထွေထွေဟောပြောချက်များကို လည်းကောင်း၊ သက်ကြီးတက္က သိုလ်တွင် သင်္ချာဘာသာရပ်ကို လည်းကောင်း အမြဲတာဝန်ယူပို့ချခဲ့သူ ပညာရှင် တစ်ဦးလည်း ဖြစ်ပါသည်။

ဦးစိန်ညိုထွန်းသည် အသက် (၇၁)နှစ်အရွယ် ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန် ချိန်အထိ ရခိုင်သဟာယအသင်း(ရန်ကုန်)၏ ဥက္ကဌတာဝန်အပြင် ရန်ကုန်မြို့ ဗဟန်း၊ ဓည၀တီ သာသနာပြု ကျောင်းတိုက်ကြီး၏ ဂေါပကအဖွဲ့ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံအကျိုးပြုရတနာများ (၂) - အေးသိန်း စာအုပ်မှ -

No comments:

Post a Comment