Saturday 23 January 2016

ဝေသာလီ ဒင်္ဂါးတံဆိပ်သည် သီရိဝစ္ဆမဟုတ်...




ဝေသာလီဒင်္ဂါးတံဆိပ်သည် သီရိဝစ္ဆမဟုတ်
=============================
သုတေသီအချို့က ဝေသာလီဒင်္ဂါးတွင် ပါရှိသော တံဆိပ်ကို သီရိဝစ္ဆဟူ၍၎င်း၊ သီဝဘုရားသခင်၏ ခက်ရင်းခွဟူ၍၎င်း၊ နောက်တစ်ဘက်တွင် ပါရှိသော နွားလားရုပ်ကို သီဝဘုရားသခင်၏ စီးတော်ယဉ် နန္ဒိနွားလား (Bull Nandi) ဟူ၍၎င်း အမျိုးမျိုးပြောဆို ရေးသားနေကြပေသည်၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီကလည်း ဝေသာလီဒင်္ဂါးပါ အမှတ်တံဆိပ်ကို သီရိဝစ္ဆဟူ၍ အသိအမှတ်ပြုပြီး ရခိုင်ပြည်နယ် တံဆိပ်အဖြစ် သုံးစွဲလာခဲ့ကြသည်မှာ ယနေ့အထိဖြစ်သည်၊ ရခိုင်သူ ရခိုင်သားများကလည်း သီရိဝစ္ဆဟူ၍ အမြတ်တနိုး လိုလိုလားလား ဂုဏ်ယူပြောဆိုသုံးစွဲ နေကြပေသည်။


ကျွန်တော့်အနေဖြင့် နန္ဒိနွားလား၊ သီရိဝစ္ဆ၊ ခက်ရင်းခွဟူသော အဆိုများကို လုံးဝလက်မခံနိုင်ပါ။ ဝေသာလီဒင်္ဂါးပါ နွားလားသည် ဇာတ်နိပါတ်တော်လာ နွားလားဥဿပ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ပွင့်တော်မူသောလ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသောလ၊ ပရိနိဗ္ဗါန်စံဝင်တော်မူသောလ၊ ဗြိဿရာသီ၏ ရာသီရုပ်နွားလားဥဿပ၊ လေးခန်းဗုဒ္ဓ၀င်တွင် ပါရှိသော နွားလားဥဿပ၊ ဓည၀တီ၊ ဝေသာလီတည်းဟူသော ဆန်စပါးပွားများသည့် နိုင်ငံတော်၏ အဓိကကျေးဇူးရှင် မိခင်ဘခင်နှင့်တူသော နွားလားဥဿပ၊ ဘုရားရှင်၏ ခြေတော်စက်တွင်ပါသော နွားလားဥဿပ၊ ရခိုင်တို့၏ ၁၂ ရာသီစက်တွင် ပါသော ဗြိဿရာသီ ရုပနွားလားဥဿပ သာဖြစ်ကြောင်းကို ဦးရာဇ်မြေမဂ္ဂဇင်း အမှတ် (၁၀) စာမျက်နှာ (၄၁ - ၄၃) တွင် ရှင်းလင်းရေးသားခဲ့ပြီး ဖြစ်ပါသည်။
ယခုတစ်ဖန် ဤဆောင်းပါးတွင် ဝေသာလီဒင်္ဂါးတွင် ပါရှိသော အမှတ်တံဆိပ်သည် သီရိဝစ္ဆလုံးဝ မဟုတ်ကြောင်းကို ရှင်းလင်းရေးသား သွားမည်ဖြစ်ပါသည်။
မ. ဆ. လ အစိုးရခေတ်တွင် ရခိုင်ကိုပြည်နယ်ပေးပြီး ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ ပထမအကြိမ် ဒုတိယအစည်းဝေးတွင် အဖွဲ့ဝင် (၁၂) ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ယင်းအဖွဲ့တွင် ဆရာကြီးဦးဦးသာထွန်းလည်း အဖွဲ့အဖြစ်ပါဝင်ပါသည်။
ဤအဖွဲ့မှ ရခိုင်ပြည်နယ် အောင်လံ၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာ ၀တ်စုံများကို လေ့လာဖေါ်ထုတ်ပြီး စာတမ်းတစ်စောင် ရေးသားခဲ့ပါသည်။ ပြည်နယ်အောင်လံနှင့် ပြည်နယ်တံဆိပ်တွင် ဝေသာလီဒင်္ဂါးပါ တံဆိပ်ကို သီရိဝစ္ဆဟု ဖေါ်ပြထားပါသည်။ သီရိဝစ္ဆဖြစ်ကြောင်း ရှင်းလင်းထားသည်မှာ “ဝေသာလီ စန္ဒြားမင်းတို့၏ ဒင်္ဂါးတွင် ခတ်နှိပ်သုံးစွဲသော ပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊ ဘုရားတန်းဆောင်း မုတ်တံကဲများ၊ တံခါးမုတ်စီးများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်၊ သီရိဝစ္ဆမှာ ကြက်သရေ မင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသည်ဟု အဓိပ္ပါယ်ရသည်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်၊ ယင်းအထဲတွင် သင်္ကေတများစွာ ပါရှိသည်” ဟူ၍ ရှင်းလင်းရေးသားထားသည်။ တံဆိပ်တွင်ပါဝင်သော အစိတ်အပိုင်းများကိုလည်း အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
နေနှင့်လ
နေ နှင့် လ တို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သော မင်းတို့သည် နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက် ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေ လ တို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့်အလျှောက် အအေးနှင့် အပူ၊ အလင်းနှင့် အမှောင် အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ ရှိကြသည်။ ယင်းနှင့်အတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ရမည်။ ယဉ်ကျေး မှုအနုပညာ စီးပွါးရေး အခြေအနေနှင့် အမျိုးသားများ လက္ခဏာကို ဖေါ်ညွှန်းထားပါသည်။ နေသည် ကမ္ဘာမြေပြင်ပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည် အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင်ကို ပေးတတ်သည်၊ လူသားသတ္တ၀ါတို့ အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖေါ်ညွှန်းထားခြင်းဖြစ်သည်။
လက်ဝဲရစ် ခရုသင်းနှင့် လက်ယာရစ် ခရုသင်း
တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်းများ ဘိသိတ်ခံရာ၌ လက်ဝဲနှင့် လက်ယာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်၊ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့အား၊ သစ္စာ၊ သီလ၊ သမာဓိ တရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ် အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေ ဟူသော သရုပ်ကို ဖေါ်ဆောင်ပါသည်။
စိန်တောင်
စိန်တောင်သည် အလယ်ဗဟို တည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားသည်၊ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မ တရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း၊ လက္ခဏာကို ဖေါ်ပြထားပါသည်။
စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍန်ဖြစ်ပြီး စိန်တောင်အား အတိမ်းမစောင်း ဖြောင့်မတ် တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုထားခြင်းသဘောကို သရုပ်ဆောင်သည်။
ရွေးလုံး (၇) လုံး (ဗိန္ဓု)
ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်လူမျိုးများ ဖြစ်ကြသည်၊ ကြတ္တိကာ နက္ခတ်သည် စပါးပင်မြေများ၏ လက္ခာဏာကို ဆောင်သည်၊ (တချို့ကျမ်း၌ ကြယ်ခုနှစ်ကောင်ဟုဆိုသည်) ကြတ္တိကာ နက္ခကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့ ပြုလုပ်ကြသည်၊ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခနှင့် လျှော်ညီစွာ စပါးစိုက်ပျိုးရေးကို အဓိကပြုလုပ်၍ သက်မွေးဝမ်းကျောင်း ဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးကျောဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်ပါသည်။
ခြူးပန်း
ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင်ပါဝင်သည်၊ ခြူးပန်းမှာ အပင်မှပွင့်သော ပန်းမျိုးမဟုတ်ပေ၊ ခြူးကောင်ဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဓာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမှင်တို့၏ ပုံသဏ္ဍန်တွင် အခွေခွေ အလိပ်လိပ် ဖြစ်ပေါ်နေခြင်းကို သရုပ်ဖေါ်၍ ပန်းချီ၊ ပန်းပု ဆရာတို့သည် ဘုရားစေတီ အဆောက်အဦး၊ ပလ္လင်၊ မုခ်တံကဲများ၊ ထီးဆောင် နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ ပန်းခက်ပန်းခွေ ပန်းလိပ်ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်၊ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များ ထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူးကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏ သွားရာတွင် အမွှေးအမှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မည်သည်၊ ယင်းကြောင့် ဆွဲလွဲငယ်များကို ခြူငယ်ဟူ၍ခေါ်သည်။ ပတသက်လျှင် တစ်ကြိမ်သာ မှီဝဲခြင်းရှိသည်။ သူတပါး အမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ အဗြဟ္မစရိယာ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မူဒိန်းတန္တ မကျူးလွန်ကြစေရန် သရုပ်ဆောင်ထားခြင်းဖြစ်သည်။
ဤသိရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာ ဓမ္မရှိခြင်း လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံများ ပွါးများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့် အပြစ်တရားတို့ကို ဆင်ခြင်နိုင်စေခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပွားများ တိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဆောင်ထားပါသည် ဟူ၍ အသေးစိတ် ဖွင့်ဆိုရှင်းလင်း ရေးသားထားသည်ကို လေ့လာဖတ်ရှုရပါသည်။
အထက်ဖေါ်ပြပါ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ ရခိုင်အလံ၊ ရခိုင်တံဆိပ် ရခိုင်ဝတ်စုံ ပြုစုရေးအဖွဲ့၏ သီရိဝစ္ဆနှင့် ပတ်သပ်၍ အဓိပ္ပါယ် ဖွင့်ဆိုချက်များသည်၊ သီရိဝစ္ဆဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်း၏ အဓိကအဖြေနှင့် လွဲချော်နေပါသည်။ သီရိဝစ္ဆဆိုသည်မှာ ဟိန္ဒူနတ်ဘုရားမ သီရိဒေ၀၏ ရုပ်ပုံအမှတ် သင်္ကေတ (Logo) ပင်ဖြစ်သည်။ သီရိဒေ၀ီဆိုသည်မှာ ဗိဿနိုးနတ်ဘုရား၏ ကြင်ရာတော် (ဇတ္တိ) ပင်ဖြစ်သည်၊ သီရိဒေ၀ီ လက်ကားရား ခြေကားရားဖြင့် ထိုင်နေပုံကို လူတို့ကကြက်သရေရှိသည်၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်ဟု ယူဆကြသည်၊ သူ၏ထိုင်ဟန်ကို အမှတ်သင်္ကေတပြုပြီး မုခ်တံကဲ ရာဇပလ္လင်နှင့် ဒင်္ဂါးများတွင် ခတ်နှိပ်သုံးစွဲခဲ့ကြသည်။ ဤအမှတ်သင်္ကေတကို သီရိဝစ္ဆဟု ခေါ်သည်၊ သီရိ= သီရိဒေ၀ီ၊ ၀စ္ဆာ = နေခြင်း၊ သီရိဝိစ္ဆာ (သီရိဝိစ္ဆ) = သီရိဒေ၀ီ ထိုင်နေပုံဟု အဓိပ္ပါယ်ရသည်။

သီရိဝစ္ဆပုံများ
အထက်ဖေါ်ပြပါ သီရိဝစ္ဆပုံများတွင် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ ထုတ်နှုတ်တင်ပြသော သီရိဝစ္ဆတွင် ပါရှိသည့် နေ လ၊ လက်ဝဲရစ် ခရုသင်းနှင့် လက်ျာရစ် ခရုသင်း၊ စိန်တောင်၊ စိန်တောင်အောက်ခံ၊ ရွေးလုံး၊ ခြူးပန်း စသည်တို့မှာ လုံးဝမပါဝင်သည်ကို တွေ့ရလိမ္မည်။ မည်သည့်နိုင်ငံတွင်မျှ သီရိဝစ္ဆကို ဤသင်္ကေတများဖြင့် ပုံဖေါ်ထားသည်ဟူ၍ ပြောဆို ရေးသား ကြသည်များကို လုံးဝမကြားဖူးပါ။
သို့သော် ရခိုင်ဝေသာလီ ဒင်္ဂါးတံဆိပ်တွင်ကား ယင်းသင်္ကေတများ အားလုံးပါဝင်နေသည်ကို လူတိုင်းမျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်၊ ဤသင်္ကေတ အမှတ်လက္ခဏာများသည်လည်း သီရိဝစ္ဆနှင့် လုံးဝသက်ဆိုင်မှု မရှိသည်မှာ ထင်ရှားလှပေသည်၊ ဤသင်္ကေတ အမှတ်လက္ခဏာများမှာ ရခိုင့်နည်း ရခိုင့်ဟန်ဖြင့် ရခိုင်အငွေ့အသက် ရခိုင်သရုပ် ရခိုင်ပုံရိပ်များကို စနစ်တကျ ဖန်တီးပုံဖေါ်ထားသော ရခိုင်မူပိုင် Logo အမှတ်သင်္ကေတများပင် ဖြစ်ကြပေသည်။ သို့သော် ယင်းသင်္ကေတများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ အယူကွာဟချက်များ ရှိနေပါသည်။ ကျွန်တော်၏ ယူဆချက်ကို အောက်ပါအတိုင်း တင်ပြပါမည်။
နေနှင့်လ
ရခိုင်လူမျိုးတို့သည် နေမျိုး လမျိုးတို့မှ ဆင်းသက်လာသည်။ သို့နှင့် ခေတ်ဦးရခိုင်ဘုရင်တို့သည် နေဟူသော သူရိယ၊ လဟူသော စန္ဒာ စသည့်ဘွဲထူးအမည် နာမများကို မှည်ခေါ်လေ့ရှိသည်။(ဥပမာ - စန္ဒာသူရိယ၊ သူရိယစန္ဒြား) စသည်တို့ပင် ဖြစ်ကြသည်။ ရခိုင်ဘုရင်တို့သည် နေမင်း၊ လမင်းတို့၏ ဘွဲ့အမည်များကို ခံယူကြပြီး တိုင်းသူပြည်သားများအပေါ် နေမင်း လမင်း ကဲ့သို့ကျင့်ကြံ အုပ်ချုပ်ခဲ့ကြပေသည်။
လက်ျယာရစ် ခရုသင်းနှင့် လက်ျဝဲရစ် ခရုသင်း
သက်ကျသာကီဝင် မင်းမျိုးတို့မည်သည် ဘိသိတ်မင်္ဂလာကို မဖြစ်မနေခံယူကြရသည်၊ မင်္ဂလာဘိသိတ်၏ အမှတ်သင်္ကေတ (Logo)သည် ခရုသင်းပင်ဖြစ်သည်။ ရခိုင်ဘုရင်တို့သည် သက်ကျသာကီဝင် မင်းများဖြစ်ကြသည့်အလျောက် ဘိသိတ်မင်္ဂလာကို ခံယူလေ့ရှိသော တရားစောင့်သော မင်းများပင် ဖြစ်ကြသည်ဟူ၍ ခရုသင်း နိမိတ်ပုံဖြင့် ဖော်ကျူးထားခြင်းဖြစ်သည်။
လှံမ
ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ စိန်တောင် ဝေသာလီခေတ်မှ ဘုရင်တို့သည် သိကြားပေးသော အရိန္ဒမာလှံပျံကို ပိုင်ဆိုင်ခဲ့ကြသည်။ ရခိုင်ရာဇ၀င်တို့တွင် ဝေသာလီ၏ ထီးတည် နန်းတည်ဘုရင် မဟာတိုဉ်းစန္ဒြား မင်းကြီးသည် မဟာမုနိသိမ်တော်တွင် ရက်ရှည်ဥပုဒ် ဆောက်တည်နေစဉ် လေးရက်မြောက်သောနေ့၌ လေးဗဟိုလ်ရုတ် ခုနှစ်နာရီကျော်အချိန်တွင် အရိန္ဒမာလှံပျံကို သိကြားလာပေးသည်။ လှံပျံအရိုးကား ရွှေသုံးတောင်ရှိ၏၊ မိုးကြိုးလက်ကောက် ငါးခြည်ကိုင်၍၊ အခွေးလည်း မိုးကြိုးဖြစ်၏ အသွားကား စိန်သွားသုံးမိုက်ရှိ၏ အောက်မီးပွင့်ကား အနီ အောက်ခံကား ပတ္တမြား ဟူ၍တွေးရသည်။
စန္ဒားမင်းဘွဲ့(ပေမူ)တွင် “ထွန်းလင်းကြက်သရည်၊ လူပြည်ကျော်သောင်း၊ မင်းကောင်းရာဇာ၊ ကျောက်လှီကားမှာ၊ ကိုးဆယ်ပေါ်ရေး လောင်းတော်ဘုန်းရှင်၊ ဘုန်းအင်တွင်ဖြိုး၊ အာဏာမိုးလို့၊ နန်းရိုးစဉ်လာ၊ ဝေသာလိမှာ၊ မင်းဖြစ်လှာသော်၊ စက္ကြာအမှန်၊ လှံပျံလေးရ၊ ဘုန်းတောက်သံငြား၊ စန္ဒြားလေ” ဟူ၍တွေ့ရသည်။
လှံသွားသည် အာဏာစက်ကို ဖော်ညွှန်းသည်၊ ရခိုင်နိုင်ငံ၏ အချုပ်အချာ အာဏာစက်ကို ဖော်ကျူးသည်။ မြတ်စွာဘုရားရှင်၏ ခြေတော်စက်အစုံတွင် ပထမဆုံးတွေ့ရသော သင်္ကေတအဖြစ် “ဦးစွာအစ၊ လှမ်အိမ်မွန်း” ဟူ၍ဖော်ပြသည်၊ ဝေသာလီခေတ်တွင် ရခိုင်ဘုရင်စန္ဒြားမင်းတို့ ပိုင်ဆိုင်ခဲ့သော အရိန္ဒမာလှံပျံ၏ သင်္ကေတ ရခိုင်နိုင်ငံ၏ အချုပ်အခြာအာဏာ စူးယှက်ထက်မြတ်မှု၏ နိမိတ်ပုံ (Logo) ပင်ဖြစ်သည်။
လခြမ်း
ရခိုင်ပြည်နယ်ကောင်စီက စိန်တောင်အောက်ခံဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်၊ ကျွန်တော်က ရခိုင်ကမ်းခြေ လခြမ်းမြေကို ဖေါ်ကျူးထားသည်ဟု ယူဆပါသည်။
ရွှေလုံး(ဗိန္ဓု)(၇ လုံး)
ရခိုင်ပြည်၏ နက္ခတ်မှာ ကြတ္တိကာဖြစ်သည်၊ ဤရွေးလုံး (ဗိန္ဓု)(၇) လုံးမှာ ကြတ္တိကာ နက္ခတ်တွင်ပါဝင်သော ကြယ်စဉ်စု (၇) လုံးကို ဖေါ်ကျူးထားခြင်း ဖြစ်သည်။
သဇင်ပန်း
ရခိုင်ပြည်နယ် ကောင်စီက ခြူးပန်းဟုဆိုပါသည်။ ကျွန်တော်က ရခိုင်ပြည်၏ တော်ဝင်ပန်း ဦးဆောက်ပန်း ဖြစ်သည့် သဇင်ပန်းနှစ်ခက်သာ ဖြစ်သည်ဟု ဆိုချင်ပါသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ ရခိုင်အောင်လံ၊ ရခိုင်တံဆိပ်နှင့် ရိုးရာဝတ်စုံများ ပြုစုရေးအဖွဲ့တွင် ကျွန်တော်၏ဘခင် ဦးဦးသာထွန်းကိုယ်တိုင် ပါဝင်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်ကိုယ်တိုင်ပင် ဘခင်ကို ကူညီဆောင်ရွက်ခဲ့ဖူးပါသည်။ ဤဝေသာလီခေတ် ဒင်္ဂါးပါ တံဆိပ်ကို ရခိုင်အောင်လံနှင့် ရခိုင်တံဆိပ်များတွင် သုံးစွဲရန်ရွေးချယ်ခဲ့ရာတွင်၎င်း ယင်းဝေသာလီ ဒင်္ဂါးတံဆိပ်တွင် ပါဝင်သော အမှတ်သင်္ကေတ လက္ခဏာများကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်၎င်း ကျွန်တော်၏ဘခင် ဦးဦးသာထွန်း၏ အတွေးအခေါ် အယူအဆများ များစွာပါဝင်ခဲ့ပါသည်။ သို့သော် ဝေသာလီခေတ်ဒင်္ဂါးတံဆိပ်ကို သီရိဝစ္ဆဟု ကင်ပွန်းတပ်အမည်ပေးခဲ့သည့် အထဲတွင်ကား ဦးဦးသာထွန်းပါဝင် လိမ္မည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် ဝေသာလီဒင်္ဂါးပါ သင်္ကေတနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်စေသော ၁၉၆၃ ခု ဧပြီလထုတ် ပြည်ထောင်စု ယဉ်ကျေးမှုစာစောင် (စာ - ၁၄၀ - ၁၄၅) “ ဝေသာလီခေတ် ဒင်္ဂါးများ” ဆောင်းပါးတွင် ဦးဦးသာထွန်းကိုယ်တိုင် ရေးသားထားသည်များကို လေ့လာကြည့်ပါက ထင်ရှားလှပါသည်။ ယင်းဆောင်းပါးပါ အချက်အလက်များကို အောက်ပါအတိုင်း အနှစ်ချုပ်တင်ပြပါမည်။
၁။ နွားလားရုပ်
နွားလားရုပ်၏ မျက်နှာတည့်တည့်တွင် ပြိဿရာသီ၏ နက္ခတ်ပုံ အ၀ိုင်းသဏ္ဍန် လေးခုပါရှိသည်။ ပြိဿရာသီကို စန္ဒြားမင်းများသည် အထွဋ်အမြတ်ပြုသော မင်္ဂလာရှိသောလ၊ ဘိသိတ်သွန်းလောင်းသောလ ဟူ၍ယူဆပြီးနွားလားကို အမြတ်တနိုးသုံးစွဲထားသည်။
၂။ မကုဋ်သရဖူတော်၏ ထိပ်ထက်တွင် နေနှင့်လ ပုံသဏ္ဍန်ခတ်နှိပ်ထားသည်။
၃။ သရဖူတော်မှာလည်း အလယ်ဗဟိုလ်၌ ကြာငုံသဏ္ဍန် အနားတဘက် တချက်၌ ကြာချပ်သဏ္ဍန်နှင့် အပေါ်၌စီး၍ သဇင်ပန်းခွေသဏ္ဍန် အောက်ခြေတွင် ဗိန္ဓုပေါက်ငယ် ခုနှစ်ခုခတ်နှိပ်ထားသည်။
၎။ ကြာငုံ၏ အဓိပ္ပါယ်မှ ဘဒ္ဒဘပ်ကမ္ဘာတွင် ငါးဆူသော ဘုရားတို့၏ ပွင့်အပ်သော နိမိတ်ဖြစ်သဖြင့် ယင်းနိမိတ်ပုံကို ဗဟိုပြုထားသည်။
၅။ သဇင်ပန်းအဓိပ္ပါယ်မှ ၎င်းအချိန်မှ ယနေ့တိုင်အောင် ရခိုင်အမျိုးသားတို့သည် သဇင်ပန်းကို အထွဋ်အမြတ်ဟု ယူဆလျှက် ဦးခေါင်းထက်၌ ပန်ဆင်လေ့ရှိကြသည်။
၆။ ဗန္ဓုငယ် (၇) ခု၏ အဓိပ္ပါယ်မှာ ရခိုင်တို့၏ နက္ခတ်ဖြစ်သော ကြတ္တိကာ နက္ခတ် လုံးရေပင်ဖြစ်သည်။
၇။ နေနှင့်လ ပုံသဏ္ဍန်မှာ အဆိုပါ စန္ဒရားမင်းမျိုးတို့မှာ သူရိယစန္ဒရားမင်းဆက်မှ ဆင်းသက်လာသော အထိန်းအမှတ်အဖြစ် ခတ်နှိပ်ခြင်းဖြစ်သည်။
၈။ ဤသင်္ကေတများ အားလုံးစုပေါင်းထားသော ဝေသာလီဒင်္ဂါးပါ တံဆိပ်ကို ဦးဦးသာထွန်းက “သရဖူ” ဟူ၍ ရေးသားထားပါသည်။
မှန်ပါသည် ဦးဦးသာထွန်းယူဆ သကဲ့သို့ ဝေသာလီခေတ် မင်းတို့သည် ရခိုင်တို့၏သင်္ကေတ အထိန်းအမှတ် လက္ခဏာအပေါင်းနှင့် ပြည့်စုံသော ဝေသာလီဒင်္ဂါးပါ အမှတ်တံဆိပ်ကို မင်းတို့၏အကိုဋ်တော် အရှေ့မျက်နှာ အလယ်တည့်တည့်တွင် သရဖူတော် တံဆိပ်အဖြစ် ခတ်နှိပ်ခဲ့ကြပေလိမ္မည်။
ပေါင်ကားရား လက်ကားရားဖြင့် ထိုင်နေသော ဟိန္ဒူနတ်ဘုရား သီရိဒေ၀ီ၏ သင်္ကေတ သီရိဝစ္ဆမှာ ဝေသာလီနှင့် လုံးဝမဟပ်စပ်ပေ၊ ရခိုင်လူမျိုးတို့၏ အမှတ်သင်္ကေတ အငွေ့အသက် လုံးဝမပါသော အမှတ်တံဆိပ်ကို နိုင်ငံတော်၏တံဆိပ်အဖြစ်၎င်း ရခိုင်လူမျိုးတို့၏ သင်္ကေတအဖြစ်၎င်း၊ ခတ်နှိပ်ခဲ့လိမ္မည်ဟု လုံးဝမယုံနိုင်ပါ၊ ဝေသာလီဒင်္ဂါးပါ အမှတ်တံဆိပ်သည် ရခိုင်လူမျိုးတို့၏ အငွေ့အသက် အမှတ်သင်္ကေတ၊ အသက်ဝိဉာဏ်များဖြင့် ပြည့်နှက်နေသော ရခိုင်မျိုးရိုးဗီဇ စစ်စစ်ပေါင်းများစွာကို ပေါင်းစပ်ဖေါ်ကျူးထားသော တံဆိပ်တစ်ခု ပင်ဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အမျိုးသားသင်္ကေတ အသက်ဝိဉာဏ်တန်ဘိုး (value) ပေါင်းများစွာဖြင့် ဖန်တီးထားသော သရဖူတော်မှာ ရခိုင်ဒင်္ဂါး ရခိုင်ဘုရင်တို့၏ မကိုဋ်တော်တွင် ဂုဏ်ယူဝင့်ကြွားစွာ ခတ်နှိပ်သုံးစွဲခဲ့ကြမည်မှာ သေရှာလှပါသည်။
တက်ထွန်းနီ (မြောက်ဦး)
၂၅ . ၁၂ . ၁၂
(မှတ်ချက်။ ။ ဒေဆောင်းပါးမှာ ယခင်ပြည်နယ်ဖြစ်စဉ်သမိုင်းရွီးသားရာတွင် ဆရာကြီးဦးသာထွန်းတင်ပြခသော်လည်း တိုးမရောက်ခသောအကြောင်းအရာအား ဆရာကျော်ထွန်းအောင်မှ အချက်အလက်များနှင့်တကွ ပြန်ပျာတင်ပြထားသည်။ ပုံတိမှာ ဆရာကျော်ထွန်းအောင်ကိုယ်တိုင်ဆွဲပျာ ရခိုင်ဒင်္ဂါးထဲက အမှတ်သင်္ကေတတိနှင့် သီရိဝစ္ဆပုံကိုနှိုင်းပျာ တင်ပြထားခသည်။)

No comments:

Post a Comment