Sunday 3 January 2016

မပုခင်(သို့မဟုတ်)လူတစ်ယောက် ဘဝ နှစ်ခု......



၁၉၆၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတွင် ရွှေတံဆိပ် (၄)ခု ပိုင်ရှင်

မခင်ပုကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သရွဲ (မယ်ဇလီကိုင်း) ကျေးရွာ၌ အဘဦးငချိန်၊ အမိ ဒေါ်ပသိမ်တို့မှ (၁၃၁၅)ခု နတ်တော်လဆန်း (၈)ရက် (၁၄-၁၂-၁၉၅၃) တနင်္လာနေ့တွင် မခင်ပုကို မွေးဖွားခဲ့သည်။ မွေး ချင်း ခုနစ်ယောက်အနက် ငယ်စဉ်ကပင် ခုံပေါက်ပြေးလွှားကစားခြင်းကို ၀ါသနာထုံခဲ့သည်။ မိဘ များ ကျောက်ဖြူ မြို့သို့ ပြောင်းရွှေ့လာသောအခါ ကျောက်ဖြူမြို့တွင် အစိုးရ အခြေခံပညာ အထက် တန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။

ထိုစဉ်က ဆရာဦးသန်းရည်၏ သင်ကြားအားပေးမှုကြောင့် အားကစားကို လေ့ကျင့်ခဲ့သည်။ ကျောင်းတွင် အားကစား၌ ထူးချွန်လာသည်။ ၁၉၆၅ ခုနှစ်တွင် ရခိုင်ပြည်နယ် ကိုယ်စားပြု၍ ကျောင်းသား အားကစား ပွဲတော်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လှံတံပစ်၍ ရွှေတံဆိပ်ဆုကို စတင်ရရှိခဲ့သည်။ ထို့ကြောင့် ရန်ကုန်မှခေါ် ယူ၍ လေ့ကျင့်စေခဲ့သည်။ ၁၆-၁၀-၆၇ နေ့၌ ရဲတပ်ဖွဲ့တွင် စတင်၍ အမှုထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မခင်ပုအား မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ပြီး ထိုင်းနိုင်ငံတွင် ကျင်းပသော (၄)ကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရာ နံပါတ်(၅) ချိတ်ခဲ့သည်။ ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော (၅)ကြိမ်မြောက် အာရှကျွန်းဆွယ်ပြိုင်ပွဲတွင် -
    - မီတာ (၁၀၀) လှံတံပစ်
    - မီတာ (၂၀၀) လှံတံပစ်
    - မီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများ၌ မခင်ပုသည် ရွှေတံဆိပ်ပေါင်း လေးခုကို ရရှိခဲ့သည်။ မြန် မာနိုင်ငံအားကစားပြိုင်ပွဲသမိုင်းတစ်လျှောက် အားကစားပွဲတော်တစ်ခုတည်း ရွှေတံဆိပ် (၄)ခု တိတိကို တစ်ဦးတစ်ယောက်တည်းက ရရှိခဲ့ဖူးသည်ဟု ယနေ့ထိ မခင်ပုတစ်ဦးတည်းသာ ရှိသည်။ ထိုအချိန်က နိုင် ငံခေါင်းဆောင် ဦးနေ၀င်း အပါအ၀င် အားကစားအဖွဲ့ချုပ်များက ဂုဏ်ပြုချီးကျူးခဲ့ကြသည်။ မခင်ပုသည် ရဲတပ်ဖွဲ့၌ ရဲအရာခံအဆင့်ဖြင့် တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်၍ လိုင်းအမှတ် (၄၅)၊ အခန်း(၈) ကျိုက္ကဆံရဲရိပ်သာ၊ ရန်ကုန်မြို့၌ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့သည်။

လူတစ်ယောက် ဘ၀နှစ်ခု

အရှေ့တောင်အာရှ အားကစားပွဲတွင် ရွှေတံဆိပ် (၄)ခုပိုင်ရှင် ဒေါ်ခင်ပု၏ ကိုယ်ရေးမှတ်တမ်းကို စာရေး သူက နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ အမှတ်(၂) စာအုပ်တွင် "ထူးချွန်ရခိုင် အမျိုးသမီးတစ်ဦး"အနေဖြင့် ဂုဏ်ယူ၍ ဖော်ပြထားပါသည်။

သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ဘ၀ပေးအဖြစ်အပျက်တစ်ခုက သူ့တွင်ရှိနေပါသည်။ ယင်း ဘ၀ပေးဖြစ်စဉ်သည် သူတမင်လုပ်ယူခဲ့သော လုပ်ရပ်လည်းမဟုတ်... လိမ်ညာခြင်းလည်းမဟုတ်... တစ်နည်းပြောရလျှင် သူ့တွင် အပြစ်မရှိပါ။ သနားစရာကောင်းသော ဘ၀ပေးတစ်ခုဟူ၍သာ ပြောဆိုရပါ မည်။ ဆေးပညာအရ ခန္ဓာဗေဒ ဖောက်ပြန်မှု တစ်ခုသာ ဖြစ်သည်။

ဤကိစ္စကို ချန်လှပ်ထားခဲ့လျှင် ပြည့်စုံသော မှတ်တမ်းမှတ်ရာတစ်ခု မဖြစ်နိုင်ဟု ယူဆ၍ သူ၏ ကိုယ်ရေး ကိုယ်တာကိစ္စတစ်ခုကို ဖော်ပြလိုက်ပါသည်။

မခင်ပုသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၄)ခု ရရှိလာပြီးနောက်ပိုင်း ကိုယ် ခန္ဓာဆေးမှတ်တမ်း စစ်ဆေးချက်ယူရာတွင် မိန်းမခန္ဓာမှ ယောက်ျားခန္ဓာသို့ (၇၀)ရာခိုင်နှုန်းခန့် ပြောင်း လဲနေသည်ဟု ဆေးမှတ်တမ်းတွင် ဖော်ပြခဲ့သည်။ နောက်ပိုင်း မိန်းမလည်းမဟုတ်၊ ယောက်ျားလည်း မဟုတ် ဖြစ်နေ၍ အားကစားလောကမှ အနားယူခွင့်ပေးလိုက်သည်ဟု သိရပါသည်။ အားကစားလောကမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့်အခါ ၀မ်းနည်းပက်လက် ချုံးပွဲချငိုကြွေးခဲ့သည်ဟု သိရပါသည်။

ရွှေတံဆိပ် (၄)ခုပိုင်ရှင် မခင်ပုသည် အညွှန့်တလူလူနှင့် နိုင်ငံအတွက် အားအထားရဆုံးသောအချိန် တွင် ရေတိမ်နစ်ခဲ့ရသည်။ သူ့အတွက်သာမက နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတရပ်ဟု ဆို၍ရသည်။

စာရေးသူသည် သူနေထိုင်ခဲ့သော ရန်ကင်း၊ ကျိုက္ကဆံ ရဲရိပ်သာ (လိုင်းအမှတ်-၄၅)သို့ သွားရောက်၍ စုံစမ်း ခဲ့ပါသည်။ သူနှင့်အတူ သေသည်အထိ အနီးကပ် အကူအညီပေးခဲ့သော သူ့မိတ်ဆွေ၏ ပြောပြချက်အရ သူသည် ဆီးချိုရောဂါဖြင့် ကွယ်လွန်ခဲ့သည်မှာ (၅)နှစ်ကျော် (၆)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရပါသည်။ သူသည် နောက်ပိုင်း မိန်းမဘ၀မှ ယောက်ျားဘ၀သို့ လုံးဝပြောင်းသွားပြီး ရင်သားနှင့် တင်ပါးများ လုံးဝ ပါးချပ်သွား၍ ရေဘုံဘိုင်တွင် ရေချိုးသည့်အခါ ထမိန်ရင်ရှားမ၀တ်တော့ဘဲ ယောက်ျားများ ရေချိုး သလို အောက်ပိုင်းလုံချီဝတ်၍ ရေချိုး၍ ရသည်အထိပင် ယောက်ျားခန္ဓာလုံးဝ ပြောင်းသွားသည်ဟု သိခဲ့ရ ပါသည်။

တချို့အမျိုးသမီးများသည် ယောက်ျားစိတ်ဝင်နေ၍ ယောက်ျားရှာမျိုးကဲ့သို့ မဟုတ်ဘဲ မိန်းမခန္ဓာကိုယ် မှ ယောက်ျားခန္ဓာသို့ စိတ်ရောကိုယ်ပါ တဖြေးဖြေး ပြာင်းလဲလာသော (အမျိုးသမီး) ယောက်ျားရှာမျိုးသာ ဖြစ် သည်။ ငွေကြေးတတ်နိုင်သူဖြစ်ခဲ့လျှင် မိန်းမအင်္ဂါကို ယောက်ျားအင်္ဂါသို့ ပြောင်းလဲ၍ ရနိုင်သောအဆင့် အထိ ရောက်ရှိနေပြီဖြစ်သည်။

သူသည် ဆီးချိုရောဂါကြောင့် ဆေးရုံတက်နေရစဉ် သူ့ကို အနီးကပ်ပြုစုခဲ့သော မိတ်ဆွေ၏ ပြောပြချက် အရ ဆေးရုံတွင် ဆီးသွားရန်ဆို၍ ယောက်ျားများ ဆီးသွားသော "ပြွန်ပါ ဆီးခွက်"ကို ယူလာသောအခါ မိန်းမများဆီးသွားသော ဆီးခွက်ကို သူကတောင်း၍ မိန်းမများသုံးသော ဆီးခွက်ကိုသာ ပေးခဲ့ရသည်ဟု သိရပါသည်။ သူ၏ အလုပ်ခွင် ကိုယ်ရေးမှတ်တမ်း (Service Book)တွင် အမျိုးသမီးတစ်ဦးအနေနှင့်သာ ရှိခဲ့၍ သူကို ယခင်အလုပ်တာဝန်ဖြစ်သော ရဲစခန်းတွင် ဆက်လက်ထားရှိပြီး ယခင် ရန်ကုန်မြို့၊ ဘားလမ်း ရဲအချုပ်စခန်းမှ တရားခံအမျိုးသမီးများကို မြို့နယ်တရားရုံးများသို့ ပို့ပေးသည့်အခါ အစောင့်အရှောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်ဟု သိရှိခဲ့ရပါသည်။

သူသည် မိန်းမ,မဟုတ်ဘဲ မိန်းမဟု လိမ်ညာပြီး အားကစားလောကသို့ ၀င်ရောက်လာခြင်း မဟုတ်ပါ။ သေ ခါနီး ဆေးရုံတက်ရသည့် အချိန်အထိ "အမျိုးသမီးသုံး ဆီးခွက်ကို"သာ အသုံးပြုနေဆဲ ဖြစ်ပါသည်။

ခန္ဓာဗေဒအရ မိန်းမဘ၀မှ ယောက်ျားဘ၀သို့ တဖြေးဖြေးပြောင်းလာခြင်းသည် သူလုပ်ယူခဲ့သော လုပ်ရပ် မဟုတ်ပါ။ ကျောင်းသားဘ၀ ငယ်စဉ်ကပင် ၀ါသနာပါ၍ အားကစားလောကသို့ ၀င်ရောက်လာခြင်း ဖြစ် သည်။ ထူးချွန်ခဲ့သည်။ သူ့တွင် အပြစ်မရှိပါဟု စာရေးသူက ကောက်ချက်ချမိပါသည်။

အေးသိန်း
(၁၈-၁-၂၀၁၃)

နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂) မှ -

No comments:

Post a Comment