Tuesday 5 January 2016

ကိုးသောင်း ပုထိုးတော်ကြီး သမိုင်းအကျဉ်း....




((( ကိုးသောင်းပုထိုးတော်ကြီး သမိုင်းအကျဉ်း )))
**************************
သျှစ်သောင်းပုထိုးတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သော မြောက်ဦးရွှေနန်းရှင် မင်းဗာဘုရင်မင်းမြတ်သည် သက္ကရာဇ် ၉၁၅ - ( အေဒီ - ၁၅၅၃ ) ခုနှစ်တွင် နတ်ရွာစံပြီးနောက် ထီးမွေနန်းဆက် အရိုက်အရာကို ဆက်ခံမည့် အိမ်ရှေ့စံဖြစ်သော သားတော်ကြီး မင်းတိက္ခာမှလည်း နာမကျန်းဖြစ်နေသည်နှင့် ကြုံတွေ့နေရသည် ။
မြောက်ဦးမြို့တစ်ခွင်၌လည်း "" မင်းတိက္ခာသည် နန်းတက်ပြီး ( ၆ ) လ အကြာတွင် နတ်ရွာစံ ကံတော်ကုန်မည် "" ဟူ၍ အတိတ်တဘောင်များ ပေါ်ပေါက်နေလေသည် ။ ဘုရင်မင်းတိက္ခာလည်း ဗေဒင်ဟူးရားအတတ်တို့နှင့် တိုင်ပင်မှုပြုရာ ၎င်းတို့၏ အကြံပြုလျှောက်ထားချက်အရ ကိုးနဝင်းချေသည့်အနေဖြင့် "" ကိုးသောင်းသောဘုရားကို တည်ရမည် "" ဟူ၍ မင်းတိုင်ပင်အမတ်များကလည်း အကြံပြုကြလေ၏ ။
၎င်းပြင် ယတြာအဖြစ် နန်းတော်ကြီး၏ အရှေ့ဘက် ကိုးသောင်းဘုရားတည်မည့်နေရာ၏ အရှေ့အရပ် ကွင်းပြင်လပ်တစ်ခု၌ ယာယီနန်းဆောက်ကာ စံစေတော်မူသည် ။ ကိုးသောင်းပုထိုးတော်ကြီးအားလည်း ဘုရင်မင်းတိက္ခာ၏ ဂြိုဟ်ဆိုးကြမ္မာဆိုးဝင်သောကာလအဖြစ် ( ၆ ) လအတွင်း အပြီးသတ်ဆောက်ရန် အမိန့်တော်ချမှတ်၏ ။ ဘုရင်မင်းတိက္ခာ၏ အမိန့်တော်အရ ရခိုင့်ဗိသုကာပညာရှင်များ ကြိုးစားဆောက်လုပ်ခဲ့ရာ ( ၆ ) လအတွင်း ကိုးသောင်းဘုရားကြီး စပြီးအကောင်အထည်ဖေါ် တည်ဆောက်ရာ ခရစ်သက္ကရာဇ် ( ၁၅၅၃ ) ခုနှစ်တွင်ပင် အပြီးဆောက်လုပ်ဖြစ်သည်နှင့် ဘုရင်မင်းတိက္ခာ၏ ခံစားနေရသော ရောဂါဝေဒနာသည်လည်း အံ့သြဖွယ်ရာကောင်းလောက်အောင် ပျောက်ကင်းတော်မူခဲ့လေသည် ။
ကိုးသောင်းပုထိုးတော်ကြီးမှာ သျှစ်သောင်းပုထိုးတော်ကြီးနှင့် ဆောက်လုပ်ပုံချင်း တူညီသည်ဟုဆိုရပေမည် ။ ပုထိုးတော်အတွင်း လှိုဏ်ပတ်လမ်းများကို ကျောက်သားများဖြင့် ထုဆစ်ထားကာ ၎င်းတစ်ချပ်စီ၏ အပေါ်ပိုင်းတွင် ထူပါရုံစေတီ ကိုးဆူစီရှိပါသည် ။ အပြင်နံရံကိုလည်း ဘုံအဆင့် ကိုးဆင့်စီထားရှိပြီး ၊ ၎င်းအဆင့်များတွင် အရံစေတီငယ် ( ၁၀၈ ) ဆူကိုလည်း အစဉ်အတိုင်း တည်ထားပါသည် ။ ပုထိုးတော်တစ်ခွင်လုံး၌ မည်သို့ရေတွက်သည်ဖြစ်စေ ကိုးနဝင်းအပြည့်စီရှိနေပါသည် ။
ပုထိုးတော်ကြီး၏ အထက်ပုံသဏ္ဍာန်ကို အဝေးမှဖူးမျှော်နိုင်ရန် အလယ်ခေါင်တည့်တည့်တွင် ထူပါရုံ ကျောက်စေတီတစ်ဆူအဖြစ် တည်ရှိပါသည် ။ ၎င်းစေတီတော်၏ အောက်ခြေမှာ ရှစ်မြှောင့် ( အဋ္ဌဂံ ) ပုံသဏ္ဍာန်ရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ ပြိုပျက်နေပြီး အတွင်းအပြင် ဥမင်လမ်းများ ပိတ်ဆို့နေပါတော့သည် ။ ပုထိုးပေါ်သို့တက်ရန် အရှေ့ဘက်မှ တက်လမ်းတစ်ခုရှိပါသည် ။ ထိုလမ်းမှတက်လျှင် ရှေးအခါက အာရုံခံသိမ်တော်တည်ရှိရာ ရင်ပြင်တော်သို့ရောက်ပါသည် ။ ထိုရင်ပြင်တော်၏ လက်ဝဲလက်ယာနှစ်ဘက်လုံးတွင် လှိုဏ်ဂူပတ်လမ်းသို့ ဝင်ထွက်နိုင်ရန် ဝင်/ထွက်ပေါက်နှစ်ခုရှိပါသည် ။
ယခုအခါ ၎င်းသို့ဝင်ထွက်နိုင်ခြင်း မရှိတော့ပဲ ကျောက်သားနံရံများ ပြိုဆင်းကာ အုဋ်ကျိုးများက ပိတ်ဆို့နေပါတော့သည် ။ ပုထိုးတော်ကြီး၏ အရှေ့ဘက်တွင် ဘုရင်မင်းတိက္ခာ၏ ယာယီစံတော်မူခဲ့သော နန်းတော်ရာရှိပါသည် ။ ယခုအခါ ကုန်းမြေသားအတိအဖြစ် တွေ့ရှိနိုင်ပြီး အုဋ်တံတိုင်းပျက် ကာရံထားသည်ကို တွေ့ရှိရပါသည် ။ ၎င်းမှာ တောင်မြောက် ( ၉၅ ) ပေ ၊ အရှေ့အနောက် ( ၁၂၀ ) ပေခန့် ကျယ်ဝန်းပါသည် ။
အကွာအဝေးအရ ပေစိတောင်ကုန်းမှ မြောက်စူးစူး ကိုက် ( ၄၀၀ ) ခန့်အကွာ နန်းရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်ကွာဝေးပါသည် ။ မြောက်ဦးခေတ် စေတီပုထိုးများအနက် ထုထည်အကြီးမားဆုံးပင်ဖြစ်သည် ။ ယခုအခါ အပေါ်ပိုင်း နဂိုလက်ရာမရှိတော့ပဲ ပေ ( ၃၀ ) ခန့်မြင့်သော အောက်ပိုင်းပစ္စယံမျှသာ ကျန်နေပါတော့သည် ။ အလျားအားဖြင့် တောင်မြောက် ( ၂၅၀ ) ပေ ၊ အနံအားဖြင့် အရှေ့အနောက် ( ၂၃၀ ) ပေခန့်ရှိပါသည် ။
တစ်ချို့ကလည်း . . . . . ဤကိုးသောင်းပုထိုးတော်ကြီးကို မိုးကြိုးပစ်ခံရ၍ အပေါ်ပိုင်းပျက်စီးနေခြင်းဟုဆိုသည် ။ နောက်တစ်စုကလည်း ဖခမည်းတော်ဖြစ်သူ မင်းဗာဘုရင်က သျှစ်သောင်းပုထိုးတော်ကြီး တည်ဆောက်သည်ကို အဖထက်သာလွန်၍ သားဖြစ်သူက ကိုးသောင်းတည်ဆောက်ခဲ့ခြင်းကြောင့် အပြစ်ဒဏ်ခံရသည်ဟု သုံးသပ်ကြပြန်သည် ။ ဖြစ်သင့်သည့် အမှန်ကဏ္ဍပိုင်းဆိုင်ရာကို ဗိသုကာပညာရပ်အရ စဉ်းစားချင့်ချိန်ကြည့်ပါက ဘုရင်မင်းတိက္ခာအား ဗေဒင်ဟူးရားပညာရှိများ၏ ( ၆ ) လအတွင်း အပြီးအစီး တည်ဆောက်ရန် အကြံပြုခဲ့ကြသောကြောင့် ပုထိုးတော်ကြီး၏ ကိုယ်ထည်ဒြပ်နှင့် လ.အကန့်အသတ်အားဖြင့် တည်ဆောက်ခဲ့မှုဖြစ်ရာ အလျင်စလိုမှုကြောင့် အားနည်းချက်များ ရှိနိုင်မည်ဖြစ်သည် ။
၎င်းပြင် နောက်ခံသမိုင်းများကို ထောက်ရှု့ကြည့်ခြင်းအားဖြင့် ပင်လယ်ကမ်းစပ်နဲ့နီးသော နေရာများ၌သာ ရှိတတ်သော သက်ရင့်ကျောက်များကို သယ်ယူရေးကဏ္ဍ၌ အချိန်ကာလအားဖြင့် မပေးနိုက်သလို ကျောက်စိုင်ကျောက်သား ခိုင်မာမှုမရရှိ၍ ရွံအုဋ်များဖြင့် ရောညှပ်ဆောက်လုပ်ခဲ့ရသည်များကလည်း သက်သေပြနေပါသည် ။ နောက်တစ်ချက်ကလည်း ကိုးသောင်းပုထိုးတော်ကြီးမှာ ကွင်းပြင်တွင် ထီးထီးမားမား တည်ရှိနေသောကြောင့် အမှန်ပင် မိုးကြိုးထိမှန်ခဲ့သည် ဆိုပါကလည်း ဥတု သဘာဝတရား၏ ဖြစ်စဉ်ကြောင့်သာ သင့်လျော်လိမ့်မည်ဟု သုံးသပ်မိပါသည် ။

ရခိုင်မဟာရာဇဝင်ကြီး ၊ ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ ) မှ ကူးယူဖေါ်ပြ သုံးသပ်ပါသည် ။


No comments:

Post a Comment