Sunday 3 January 2016

ဦးဘိုးညွှန့်....

ဦးဘိုးညွန့်

မာန်အောင်ကျွန်းမှ ဦးဘိုးညွန့်ကို ရခိုင်ပြည်နယ်တစ်ဝှမ်းမှ လူတော်တော်များများ သိကြသည်။ ရခိုင်သား အများစုသည် ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်းမှ "ဦးဘိုးညွန့်ပွဲရုံ"နှင့် မကင်းကြသောကြောင့် ဖြစ်သည်။ တစ်ချိန်သောအခါက ဦးဘိုးညွန့်ပွဲရုံသည် ရခိုင်ပြည်နယ်တစ်ဝှမ်းနှင့် မာန်အောင်ကျွန်းထွက် အုန်းဆံ(အုန်း သား)၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးမန်းတောင်နှင့် ငါးစည်ဖောင်း စသည်တို့ကို ဒိုင်ခံဖြန့်ဖြူးရာ ပွဲရုံ ကြီး ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်အနှံအပြားမှ ဘုရားဖူးလာသူများ၊ ဆေးဝါးကုသခံရန် လာသူများနှင့် ကုန်ပစ္စည်းဝယ်ရန် လာသူများ၏ တည်းခိုရာ ဧည့်ရိပ်သာကြီးလည်း ဖြစ်ခဲ့သည်။ 

ဦးဘိုးညွန့်သည် ပွဲရုံလုပ်ငန်းနှင့် ဧည့်ရိပ်သာလုပ်ငန်းတို့ဖြင့်သာ လူသိများထင်ရှားသည် မဟုတ်ဘဲ အခြားသော စီးပွားရေးလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းများဖြင့်လည်း လူသိများထင် ရှားသော ပုဂ္ဂိုလ်ဖြစ်သည်။

ဦးဘိုးညွန့်ကို မာန်အောင်မြို့နယ်၊ ကအီးကျေးရွာနေ သူကြီးဦးရွှေခိုင်နှင့် ဒေါ်ဝင်းသာဦးတို့မှ ၁၉၁၆ခုနှစ် တွင် မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးမှာ ဒေါ်ရွှေခိုင်ဦးနှင့် ဦးဘိုငြိမ်းတို့ ဖြစ်ကြသည်။ အတန်းပညာ ကို ကျောက်ဖြူမြို့ တွင် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်သည်အထိ သင်ကြားခဲ့သည်။ ထို့နောက် သက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် အမရပူရ ဆောင်းဒါး ရက္ကန်းကျောင်းသို့ တက်ရောက်သင်ကြားခဲ့ သည်။ ဆောင်းဒါးကျောင်းတွင် ပညာသင်ကြားနေစဉ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာ၍ ၁၉၄၂ ခုနှစ်တွင် ဗိုလ်ရန်အောင်နှင့် ဗိုလ်မင်းလွင်တို့ "ဘီ၊အိုင်၊အေ"(BIA)တပ်ဖွဲ့ ဖွဲ့ရန် ရခိုင်ပြည်သို့ ရောက်လာစဉ် မာန်အောင်မြို့နယ်မှ ဦးဘိုးညွန့်နှင့် ဦးအောင်လှဖြူတို့နှစ်ဦး ၀င်ရောက်လိုက်ပါသွားကြသည်။

ဦးဘိုးညွန့်သည် ဂျပန်ခေတ်တွင် ရန်ကုန်မြို့၊ စမ်းချောင်းသူ ဒေါ်ကြည်ကြည်နှင့် ဖူးစာဆုံခဲ့သည်။ ရွှေတိဂုံ ဘုရားလမ်းတွင် "ဦးဘိုးညွန့်နှင့် သားကုမ္ပဏီ"ကို တည်ထောင်သည်။ ထို့နောက် ၁၉၅၁-၅၂ တွင် အမှတ် (၁၅)၊ ခေမာလမ်း၊ စစ်ချောင်းတွင် "ခြင်္သေ့မင်း" အထည်စက်ရုံကို တည်ထောင်သည်။ ဆေးဆိုးပန်းရိုက် ပညာကို အိန္ဒိယနှင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်သင်ယူခဲ့သည်။

ဦးဘိုးညွန့်သည် ဖက်စပ်ကော်ပိုရေးရှင်း အမှတ်(၁)တွင် မန်နေးဂျင်း ဒါရိုက်တာဖြစ် ဆောင်ရွက်ခဲ့သည့် အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆေးဆိုးပန်းရိုက် အဖွဲ့ချုပ်၏ ဥက္ကဌအဖြစ်လည်းကောင်၊ မြန်မာနိုင်ငံလုံးဆိုင် ရာ စက်မှုလက်မှု အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ (ဥက္ကဌမှာ လူထု စီးကရက် ဦးချိုဖြစ်ပြီး၊ ဒုဥက္ကဌမှာ ဦးပွင့်ကောင်း ဖြစ်သည်။) စက်မှုလက်မှု အဖွဲ့ချုပ်၏ ကိုယ်စားလှယ် အဖြစ်ဖြင့် အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်နှင့် တရုတ်နိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။

နိုင်ငံရေးကို ၀ါသနာဗီဇပါ၍ ဖဆပလ (တည်မြဲ) အမတ်လောင်း အနေဖြင့် ဦးဘစော (၀န်ကြီးဟောင်း )နှင့် ကျောက်ဖြူမဲဆန္ဒနယ်မြေမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။

ဦးဘိုးညွန့်သည် ရခိုင်ပြည်နယ် ဓမ္မာရုံ ကြီးကြပ်ရေးကော်မတီ၊ ရခိုင်သာယအသင်းနှင့် မာန်အောင်မြို့နယ် အသင်း (ရန်ကုန်)တို့တွင်လည်း ဦးဆောင်ပါဝင်ပြီး ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများကို တက်ကြွ စွာ ဆောင်ရွက်ခဲ့ပါသည်။ ရခိုင်သဟာယအသင်း၏ ဒုတိယမြောက် ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့စဉ် က ကျောင်းသားသုံးဦးအား တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးပေးဖြစ်အောင် ဦးဆောင်စည်းရုံးခဲ့သည်။

ဦးဘိုးညွန့်သည် လူမှုရေးလုပ်ငန်းများတွင် ရခိုင်သားလူငယ် စီးပွားရေးသမားများအား စေတနာဖြင့် လမ်း ညွန်ခြင်း၊ အကူအညီပေးခြင်းတို့အပြင် ရန်ကုန်ရောက် ရခိုင်လူငယ်များအား စကားဖြင့်လည်းကောင်း ၊ ငွေကြေးဖြင့်လည်းကောင်း ထောက်ပံ့ကူညီခဲ့သည်။

ဦးဘိုးညွှန့်သည် အသက်(၇၉)နှစ်အရွယ်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်း၊ အမှတ်-၄၁ (C) နေအိမ်၌ ၂၇-၄-၁၉၉၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်သည် ၂၈-၈-၂၀၀၉ ရက်နေ့တွင် သမီးနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ဦးဘိုးညွန့်နှင့် ဒေါ်ကြည်ကြည်တို့တွင် သား ဦးညွန့်လှိုင်နှင့် သမီး ဒေါ်သီတာအေးတို့ ကျန်ရစ်ခဲ့သည်။

နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -

No comments:

Post a Comment